မောင်လူရေး - ကပ္ပပြဿနာ


မောင်လူရေး - ကပ္ပပြဿနာ
(မိုးမခ) စက်တင်ဘာ ၁၅၊ ၂၀၁၇


ယူအန်အတွင်းရေးမှူးသည် အခန်းထဲ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း ဆုံးဖြတ်ချက်ကို ပိုင်ပိုင်ချလိုက်သည်။ သက်ပြင်းကြီးကို မှုတ်ထုတ်လိုက်ပြီး နှုတ်ထွက်စာရေးကာ စားပွဲပေါ်တင် ဖန်တုံးလေးနှင့်ဖိပြီး ထွက်သွားတော့သည်။ လမ်းပေါ်ရောက်တော့ ဖင်ကလေးကော့ကော့ ကော့ကော့နှင့် လေကလေးချွန်ကာ ခေါင်းကလေးမော့မော့ပြီး ခပ်သော့သော့လျှောက်နေသည်။

ယန်ဟီးလီသည် မှန်ရှေ့တွင် နှုတ်ခမ်းကလေးကို စုဝိုင်းပြီး နှုတ်ခမ်းနီတောင့်ဖြင့် တချက်တည်း တပတ်လုံး ဝှိုက်ဆွဲလှုပ်ပြီးသကာလ အလှပြင်သည့်အလုပ်ကို အပြီးသတ်ကာ လက်ကိုင်အိပ်လှလှကလေးကို ဖြတ်ကနဲဆွဲကာ ခပ်သွက်သွက်ထွက်လိုက်လေပြီ။ သီချင်းညည်းသံပင် သဲ့သဲ့ကြားလိုက်ရသေးသည်။

ဝီရသူ။ ချထားသည့်မျက်လွှာကို ဖြည်းညှင်းစွာဖွင့်၍ စာအံသံများကို နားစွင့်ပြီး စာအံကျောင်းပေါ်မှ ဆင်းသွားသည်။ လန့်ခုန်လိုက်သော ကျီးတကောင်ကို စေ့စေ့ကြည့်ပြီး တိုက်ပေါက်ဘက်တည့်တည့် လျှောက်ထွက်သွားလေတော့သည်။

တူရကီဝန်ကြီးချုပ်သည် လုပ်လက်စအစည်းအဝေးကို ရပ်လိုက်သည်။ ပြောလက်စ စကားကို ဖြတ်လိုက်သည်။ အားလုံးက ကြောင်ကြောင်ကြီးကြည့်နေချိန် ငါ ဗမာပြည် သွားတော့မယ် ဆိုသည့် တခွန်းတည်းသောစကားကိုဆိုလျက် ထွက်သွားလေတော့သည်။

ကာချုပ်ကြီးသည် ပင်စင်တောင်မယူရက်ရှာဘဲ တပ်မတော်အရေး တိုင်းပြည်အရေး ဆက်လက်ထမ်းဆောင်မည်ဆိုသဖြင့် သက်တမ်းတိုးပေးထားကာမှ ရုတ်တရက်ပျောက်ဆုံးသွားသည်။

ပါကစ္စတန်မှ အကြမ်းဖက်ခေါင်းဆောင်တယောက် ပျောက်ဆုံးသွားသည့်သတင်းတပုဒ်တက်လာသည်။ တိုက်ပွဲလဲ မရှိသဖြင့် အချင်းချင်းနေရာလုလုပ်ကြံသတ်ဖြတ်လိုက်သလား သို့လော သို့လောဖြစ်နေကြသည်။


လေယဉ်ကြီးတွေ ပြန်ပေးဆွဲကာ လူ့အသက်ပေါင်းများစွာနှင့် လူ့အသက်ပေါင်းများစွာကို ရက်ရက်စက်စက်လုပ်ကြံသတ်ဖြတ်ခံလိုက်ရသော ၉လပိုင်း ၁၁ရက်နေ့တွင် အထက်ပါ ပုဂ္ဂိုလ်ကျော် ၆ယောက် ရခိုင်ဒေသသို့ ရောက်ရှိလာပါသည်။ ဒေသခံများနှင့် တသားတည်း တဖဝါးတည်း တနှစ်ခန့်မျှ လုပ်ကိုင်စားသောက်နေထိုင်ကြမည်ဟု ညှိနှိုင်းထားကြသည်။ ၂၀၁၈ ၉လပိုင်း ၁၁ရက်နေ့တွင် ကုလသမဂ္ဂ၌ အစည်းအဝေးခေါ်ကာ ရခိုင်ဒေသပြဿနာဖြေရှင်းရေးနည်းနာများကို ချပြမည်ဟု ဆုံးဖြတ်ထားကြသည်။ သူတို့၏ဘုံသဘောတူညီချက်နောက်တခုမှာ မဖေ့ရ၊ မတွိရ။ ဖုန်းနှင့် ကွန်ပြူတာ မကိုင်ရ။ ဘောပင်နှင့် စာရွက်ကိုပင် မသုံးရဟူ၍ ဖြစ်သည်။ ရခိုင်နှင့် ဘင်္ဂါလီပြဿနာ၏အခြေခံသည် ယင်းအရာများကြောင့်ဟု နားလည်မိကြသဖြင့် ယခုအစီအစဉ်ကို တိုးတိုးကြိတ်ကြိတ်အကောင်အထည်ဖော်ခြင်းမဟုတ်ပါတကား။


ဟန်နရီဗန်ထီးယူ UNအစည်းအဝေးမသွားတော့ပါ။
အကြောင်းမှာ အထက်ပါထူးခြားဖြစ်စဉ်များကြောင့် ကုလသမဂ္ဂအဖွဲ့ကြီးသည် ရက်အကန့်အသတ်မရှိ လုပ်ငန်းများရပ်ဆိုင်းကြောင်း ကြေညာချက် ထွက်ပေါ်လာခဲ့သောကြောင့်ဖြစ်သည်။

မောင်လူရေး

Comments