တူမောင်ညို ● “အမျိုးသားအကျိုးစီးပွား” ကို ဘယ်သူတွေ အလွဲသုံးစားလုပ်ခဲ့ကြသလဲ/ဆက်လုပ်နေသလဲ

တူမောင်ညို ● “အမျိုးသားအကျိုးစီးပွား” ကို  ဘယ်သူတွေ အလွဲသုံးစားလုပ်ခဲ့ကြသလဲ/ဆက်လုပ်နေသလဲ
(မိုးမခ) စက်တင်ဘာ ၁၀၊ ၂၀၁၇

● အမျိုးသားအကျိုးစီးပွား
ရေ + အိုး = ရေအိုး ဆိုတဲ့ စကာလုံးလိုပေါ့။ “အမျိုးသား” ဆိုတဲ့ ဝေါဟာရနဲ့ “အကျိုးစီးပွား” ဆိုတဲ့ ဝေါဟာကို သဒ္ဒါနည်းကျ ပေါင်းစပ်ထားတဲ့ စကားစုဖြစ်ပါတယ်။

“အမျိုးသားအကျိုးစီးပွား” ဆိုတာဟာ အစဉ်သဖြင့် တသမတ်ထဲ တစ်ပုံစံထဲ မပြောင်းမလဲ တည်ရှိနေတတ်တဲ့ ကိန်းသေတစ်ခု မဟုတ်ပါဘူး။ အခြေအနေအချိန်အခါအနေအထားကိုလိုက်ပြီး အတွင်းသဘော၊အနှစ်သာရနဲ့ဇောင်းပေးမှုဟာ ရွှေ့လျားပြောင်းလဲတတ် တဲ့သဘော သဘာဝရှိပါတယ်။

အလွယ်တကူမြင်သာအောင် သာဓကဆောင်ရရင် လွတ်လပ်ရေးမရခင် (ကိုလိုနီနယ်ချဲ့လက်အောက်ခံဘဝမှာ) အမျိုးသား အကျိုးစီးပွားဟာ “နယ်ချဲ့ဆန့်ကျင်တော်လှန်ရေးနဲ့ လုံးဝလွတ်လပ်ရေး” ဖြစ်ပြီး၊ လွတ်လပ်ရေးရရှိလာပြီးတဲ့ ခေတ်ကာလအခြေအနေမှာ “လွတ်လပ်ရေးတည်တံ့ခိုင်မြဲရေးနဲ့ ပြည်သူတို့ဘဝ တိုးတက်စည်ပင်သာယာရေး” ဖြစ်ပါတယ်။

တသမတ်ထဲမပြောင်းမလဲ တည်နေတဲ့အရာကတော့  အရင်းခံဖြစ်တဲ့ “တိုင်းပြည်နဲ့လူထု” ပဲဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသား အကျိုးစီးပွား လို့ ဆိုလာရင် ပထမဆုံးစိစစ်ရမယ့်မေးခွန်းက ဘယ်သူ့အတွက်လဲ ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

“တိုင်းပြည်နဲ့လူထု”အကျိုးစီးပွားလိုအပ်ချက်ကတော့ သမိုင်းခေတ်အလိုက်၊ အခြေအနေ၊ အချိန်အခါအလိုက် အစဉ်သဖြင့် လှုပ်ရှားပြောင်းလဲနေမှာပဲဖြစ်ပါတယ်။ ရှေ့တဆင့်တိုးစဉ်းစားကြည့်ကြပါအုံးစို့။

● အမျိုးသား
ပထမဆုံး အနေနဲ့ “အမျိုးသား” ဆိုတဲ့ ဝေါဟာရကို အရင်ဆုံးလေ့လာကြည့်ရအောင်။
“အမျိုးသား” ဆိုတာ လူမျိုးတစ်မျိုး၊ ကိုးကွယ်ရာဘာသာတစ်ခုခုကို ကွက်ပြီး ကျဉ်းကျဉ်းမြောင်းမြောင်း ဖော်ပြထားတဲ့ အဓိပ္ပာယ်လုံးဝမဟုတ်ဘဲ။ အကြီးမားဆုံး၊ အကျယ်ပြန့်ဆုံး၊ အလွှမ်းခြုံဆုံး အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်ပါတယ်။

“တိုင်းပြည်”ဆိုတဲ့ ပထဝီအပိုင်းအခြားဒေသတစ်ခုထဲမှာ အစဉ်တစိုက်အတူတကွနေထိုင်ခဲ့ကြတဲ့ လူမျိုးပေါင်းစုံပြည်သူများဆို တဲ့ အဓိပ္ပာယ်နဲ့ ရည်ညွန်းဆိုလိုတာဖြစ်ပါတယ်။ ဒါကြောင့် ပထဝီအပိုင်းအခြားဒေသတစ်ခုဖြစ်တဲ့ “တိုင်းပြည်” တစ်ခုထဲမှာ လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ကြပြီး၊ အဲဒီတိုင်းပြည်ကို အဲဒီလို အစဉ်တစိုက် အတူတကွနေထိုင်လာကြတဲ့ လူမျိုးပေါင်းစုံပြည်သူများက စုပေါင်းပိုင်ဆိုင် ပါတယ်။ “အမျိုးသားရေး” ဆိုတာ အဲဒီတိုင်းပြည်ထဲမှာ နေထိုင်ကြတဲ့ လူမျိုးပေါင်းစုံပြည်သူများရဲ့ အရေးအရာကိစ္စမှန် သမျှကို ခေါ်တာ၊ အဓိပ္ပာယ်ဖွင့်ဆိုတာဖြစ်ပါတယ်။

ဒါကြောင့် လွတ်လပ်ရေး (ဝါ) ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရရှိရေးဆိုတာဟာ အဆိုပါပထဝီဒေသတစ်ခုအတွင်းမှာ အစဉ် တစိုက်နေထိုင်လာကြတဲ့ ပြည်သူအားလုံးရဲ့ ပထမနဲ့အဓိကအကျဆုံး အရေးကိစ္စပဲဖြစ်ပါတယ်။ ဒါကြောင့် “အမျိုးသား” ဆိုတဲ့ အဓိပ္ပာယ် ဟာ ဒေါင်လိုက်ရော အလျားလိုက်ပါ ကျယ်ဝန်းတယ်၊ နက်ရှိုင်းတယ်၊ လွှမ်းခြုံပါတယ်။

အထက်မှာတင်ပြခဲ့သလို  “အမျိုးသားရေး” ဆိုတာကို အကျယ်ပြန့်ဆုံးအဓိပ္ပာယ်နဲ့ ရေးသားပြောဆိုဖော်ပြတာမျိုး သာဖြစ်ရ ပါ လိမ့်မယ်။ ဒီလိုမှမဟုတ်ဘဲ လူမျိုးတစ်မျိုး၊ ကိုးကွယ်ရာဘာသာတစ်ခုခုအတွက်ပဲ ကွက်ပြီး၊ ကျဉ်းကျဉ်းမြောင်းမြောင်းကန့်သတ်ပြီး ပြောနေတာမျိုး၊ အဓိပ္ပာယ်ဖွင့်ဆိုနေတာမျိုး လုံးဝ (လုံးဝ) မဖြစ်သင့်ပါ။

တချို့က ကြံရွယ်ချက်ရှိရှိနဲ့ လူမျိုးတစ်မျိုး၊ ကိုးကွယ်ရာသာဘာတစ်ခုခုရဲ့ သီးသန့်အရေးအရာအဖြစ် သေးကျုံ့ပစ်ကြတယ် သို့မဟုတ် ခုတုံးလုပ်ပစ်ကြတယ်။ ဒီလို တလွဲအသုံးချပြီး အများတကာ့အများစုကြီးဖြစ်တဲ့ လူမျိုးပေါင်းစုံပြည်သူများ အကြားမှာ မဆုံးနိုင်တဲ့ သံသယတွေ၊ မယုံကြည်မှုတွေ၊ သွေးထွက်သံယိုမှုတွေ တသီတတန်းကြီးဖြစ်လာအောင် မှိုင်းတိုက်လှည့်စား သပ်ရှိုဖြိုခွဲ လေ့ရှိပါတယ်။

 ဒီအချက်ကို ရှင်းလင်းကြည်လင်အောင်မြတ်တတ်ရမယ်။

သမိုင်းနဲ့လက်တွေ့ဖြစ်ရပ်တွေကိုလေ့လာကြည့်တော့။ “အမျိုးသားရေး”ကို လူတစ်စုရဲ့သီးသန့်အရေးအဖြစ် ခုတုံးလုပ်အသုံးချ ခဲ့ ကြသူတွေဟာ ကိုလိုနီနယ်ချဲ့သမားတွေ၊ ဖောက်ပြန်တဲ့ အုပ်စိုးသူ အစိုးရတွေဖြစ်နေတာကို မိမိတိုင်းပြည်သမိုင်းဖြစ်စဉ်မှာရော အခြား ပြည်ပနိုင်ငံများရဲ့သမိုင်းဖြစ်စဉ်မှာပါ အထင်အရှားတွေ့ရပါတယ်။ ပြည်သူများရဲ့နိုင်ငံရေးနိုးကြားမှုမြင့်တက်လာပြီး သူတို့အုပ်စိုးမှုကို ထိပါးယိမ်းယိုင်လာစေတဲ့ အခြေအနေနဲ့ အချိန်အခါတွေမှာ “လူမျိုးရေး၊ ဘာသာရေး” လက်နက်ကို “အမျိုးသားရေး” မျက်နှာဖုံးစွပ်ပေး ပြီး ကိုလိုနီနယ်ချဲ့သမားတွေနဲ့ဖောက်ပြန်တဲ့အုပ်စိုးသူတွေက လက်ရဲဇက်ရဲ အသုံးချလာတတ်ပါတယ်။ သူတို့အုပ်စိုးမှုကို ဦးတည် တိုက်ခိုက်လာတဲ့ ဆန့်ကျင်တော်လှန်မှုတွေကို လမ်းလွှဲပစ်ပြီး ပြည်သူတွေအချင်းချင်းအကြား သွေးချောင်းစီးသတ်ဖြတ်ပွဲတွေ ဖြစ်လာအောင် လုပ်ကြံ ဖန်တီးလေ့ရှိပါတယ်။

ဒါကြောင့် “အမျိုးသား” ဆိုတဲ့ဝေါဟာရကို နိဂုံးချုပ်ရမယ်ဆိုရင် ပထဝီဒေသအပိုင်းအခြားတစ်ခုမှာအတွင်းမှာ အစဉ်တစိုက် နေထိုင်ကြတဲ့ လူမျိုးပေါင်းစုံပြည်သူများကို အကျယ်ပြန့်ဆုံး၊ အလွှမ်းခြုံဆုံး ရည်ညွန်းဖော်ပြနိုင်ဖို့ သုံးစွဲတဲ့ စကားလုံး ဖြစ်ပါတယ်။ ကိုယ်စားပြုတဲ့ဝေါဟာရဖြစ်ပါတယ်။

● အကျိုးစီးပွား
“အကျိုးစီးပွား” ဆိုတဲ့ စကာလုံးကို ကြည့်ကြပါအုံးစို့။

အထက်မှာတင်ပြခဲ့သလိုပါပဲ၊ လူမျိုးပေါင်းစုံပြည်သူတစ်ရပ်လုံးရဲ့ အကျယ်ပြန့်ဆုံးနဲ့အကြီးမားဆုံး အကျိုးရှိမှုနဲ့အကျိုးဖြစ်ထွန်း မှုကို တိုက်ရိုက် ရည်ညွန်း ဆိုလိုတာပဲဖြစ်ပါတယ်။

အကျိုးစီးပွားဆိုတာမှာ  ရေတိုရေရှည်သဘောလည်း အပါအဝင်ဖြစ်ပြီး၊ အထူးသဖြင့် စဉ်ဆက်မပြတ် တည်တံ့ တိုးတက်ထွန်း ကားရေးဆိုတဲ့ဘက်ကို ထာဝစဉ်မျက်နှာမူထားရမှာလည်းဖြစ်ပါတယ်။

ဒါကြောင့် အမျိုးသားအကျိုးစီးပွားတိုးတက်ဖြစ်ထွန်းရေးကို ထိခိုက်ပျက်ပြားအောင်၊ လမ်းလွဲသွေဖီအောင်၊ နှောင့်နှေးကြန့်ကြာ အောင် ပြည်ပကဖြစ်စေ၊ ပြည်တွင်းကဖြစ်စေ လုပ်တဲ့ ဘယ်လိုလုပ်ဆောင်မှုမျိုးကိုမဆို အမျိုးသားအကျိုးစီးပွားရဲ့ရန်သူ တနည်းအားဖြင့် အမျိုးသားရန်သူအဖြစ် သတ်မှတ်ရမှာဖြစ်ပါတယ်။

ပြောင်းပြန်အားဖြင့် အမျိုးသားအကျိုးစီးပွားတိုးတက်ဖြစ်ထွန်းရေးကို အစဉ်သဖြင့် အလေးထားလုပ်ဆောင်ပေးတဲ့ ဘယ်လို လုပ်ဆောင်မှုမျိုးကိုမဆို အမျိုးသားအမျိုးစီးပွားမိတ်ဖက် တနည်းအားဖြင့် အမျိုးသားကျိုးစီးပွားမိတ်ဆွေကောင်းအဖြစ် လက်ကမ်းကြိုဆို ကြရမှာဖြစ်ပါတယ်။ ဒီအချက်က အမျိုးသားရန်သူနဲ့ အမျိုးသားမိတ်ဆွေ သတ်မှတ်ခွဲခြားတဲ့ ရေဝေစည်းကြောင်းပဲဖြစ်ပါတယ်။

သူတစ်ဦးတစ်ယောက်၊ ပါတီအဖွဲ့အစည်းတစ်ခု၊ အုပ်စုတစ်စုဟာ အမျိုးသားအကျိုးစီးပွား တည်တံ့တိုးတက်ထွန်းကားအောင်၊ ခိုင်မာစွမ်းသန်အောင်လုပ်ဆောင်ခဲ့သလား/ မလုပ်ဆောင်ခဲ့ဘူးလား ဆိုတာကို သမိုင်းနဲ့လက်တွေ့ဆိုတဲ့ တောက်ပတဲ့ အလင်းရောင် အောက်မှာ ရဲရဲဝံ့ဝံ့ပြတ်ပြတ်သားသား စူးစမ်းအဖြေထုတ်ကြရမှာဖြစ်ပါတယ်။

တစ်ဦးတစ်ယောက်ချင်းရဲ့ ပုဂ္ဂလိကဘဝကို စွန့်လွှတ်ပြီး တမျိုးသားလုံး အကျိုးစီးပွားကို ရှေ့ရှုထမ်းဆောင်ခဲ့ကြသူတွေတွေ၊ အမျိုးသားအကျိုးစီးပွား အစဉ်သဖြင့် တိုးတက်ထွန်းကားရေးအတွက် ရပ်တည်တိုက်ပွဲဝင်ခဲ့သူတွေ၊  ခုခံကာကွယ်ခဲ့သူတွေကို အမျိုးသား အကျိုးစီးပွားကာကွယ်သူများ၊ “တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်များ” လို့ထိုက်တန်စွာ ဂုဏ်ပြုခေါ်ဝေါ်ကြရမှာပါ။ လေးစားဂုဏ်ပြုကြရမှာပါ။ ဒီလိုလုပ်ဟန်ကိုသာ မျိုးဆက်သစ်များက  မြတ်နိုးဖွယ်အစဉ်အလာဖြစ်ဆက်ခံ ထိန်းသိမ်း ကာကွယ်တိုးချဲ့ကြရမှာပါ။

အမျိုးသားအကျိုးစီးပွားကို ဖောက်ဖျက်သူဟာ အမျိုးသားအကျိုးစီးပွားဖောက်ဖျက်သူ (ဝါ) အမျိုသားသစ္စာဖောက်၊ ကိုယ်ကျိုး ရှာသမားဖြစ်ပါတယ်။

သမိုင်းနဲ့လက်တွေ့ဆိုတဲ့ တောက်ပထဲအလင်းရောင်ထဲမှာ အထင်အရှားမြင်နိုင်တဲ့ ပကတိအချက်အလက်ကတော့ တိုင်းပြည် နဲူ့မျိုးပေါင်းစုံပြည်သူများမှာ ဆင်းရဲမွဲတေသွားကြရပြီး (၁၉၆၂ ကနေ (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရအထိ) အုပ်စိုးခဲ့သူအဆက်ဆက်ဟာ အကြီးအကျယ်ကြွယ်ဝချမ်းသာလာတဲ့အချက်ပဲဖြစ်ပါတယ်။

 ဒီအစွန်းနှစ်ဖက် (“လူမျိုးပေါင်းစုံပြည်သူများဆင်းရဲမွဲပြာကျသွားရတဲ့အစွန်း နဲ့ စစ်အုပ်စုအဆက်ဆက်ချမ်းသာကြွယ်ဝလာတဲ့ အစွန်း” ) ကို ဘယ်လိုမှ၊ ဘယ်လိုအရာနဲ့မှ၊ ဘယ်သူကမှ လှည့်စားဖုံးကွယ်နိုင်ခြင်းမရှိပါဘူး။

သမိုင်းမှာ “မျိုးချစ်”ဆိုတဲ့ နာမည်ခံယူခဲ့ကြသူတွေဟာ အမျိုးသားသစ္စာဖောက်တွေ၊ နယ်ချဲ့လက်ကိုင်တုတ်တွေ၊ အလိုတော်ရိ တွေ၊ လောက်ကောင်တွေအဖြစ် အသုံးတော်ခံခဲ့တာကို အထင်အရှားတွေ့ရပါတယ်။ ဒီလိုနဲ့တချိန်က သန့်စင်ခဲ့တဲ့ “မျိုးချစ်” ဆိုတဲ့ စကားလုံး ဟာ ရွံစရာ မုန်းစရာ စကားလုံးဖြစ်သွားခဲ့ပါတယ်။

 ဒါ့အပြင် လူမျိုးတစ်မျိုး၊ ကိုးကွယ်ရာဘာသာတစ်ခုကို အသလွတ်အမွှမ်းတင်၊ ချိုကြွနေသူတချို့ကလည်း သူတို့ကိုယ်သူတို့ “မျိုးချစ်” တွေလို့ ဆိုင်းဘုတ်တပ်၊ ခံယူသုံးစွဲနေပြန်တော့ ဒီလို “သမိုင်းစရိုက်ပျက်မျိုးချစ်” ၊ “ခါတော်မီမျိုးချစ်” တွေနဲ့ မြစ်ခြား၊ ချောင်းခြား စည်းဘောင်ခြားဖို့ မဖြစ်မနေလိုအပ်လာပါတယ်။

ဒါကြောင့်ဒီနေရာမှာ တတိုင်းတပြည်လုံးနဲ့ တမျိုးသားလုံးကို ကျယ်ကျယ်ပြန့်ပြန့်  ကိုယ်စားပြုတာလည်းဖြစ်၊ လူမျိုးတစ်မျိုး ထဲ ကိုသာ ကွက်ပြီး ချစ်တယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ကိုယ့်ဆွေမျိုးနဲ့ ဆွေးမျိုးအကျိုးစီးပွားကို ကြည့်တဲ့ ချစ်တဲ့ “အမျိုးချစ်” ဆိုတာတွေ နဲ့ ကွဲပြားခြားနားအောင် “တိုင်းချစ်ပြည်ချစ်စိတ်ဓာတ် ၊  ပြည်ချစ်စိတ်ဓာတ် ၊ ပြည်ချစ်” လို့ ပြောင်းလဲခေါ်ဝေါ် သင့်ပါတယ်။

ဒါဆိုရင် ရခိုင်ပြည်နယ် (မြောက်ပိုင်း) မောင်တောအရေးဟာ “အမျိုးသားရေး” လား။

အမျိုးသားအကျိုးစီးပွားရဲ့အစိတ်အပိုင်းပြဿနာတွေထဲက တစ်ခုဖြစ်ပါတယ်။

ဒါကြောင့် “မောင်တောအရေး” ကို တမင်လုပ်ကြံပုံကြီးချဲ့တာလည်းမှားသလို၊ တမင်သေးကျုံ့ပစ်မယ်ဆိုရင်လည်း အဖြစ်မှန်နဲ့ ကိုက်ညီလိမ့်မယ်မဟုတ်ပါ။ အခုတလတ်တလောတွေ့မြင်နေရတာတော့ တမင်သေးကျုံ့ပစ်တာထက် တမင်လုပ်ကြံချဲ့ကားနေတွေက သိပ်ကို ဖောင်းပွလွန်းနေပါတယ်။ တကယ်တော့ “မောင်တောအရေး” လိုအရေးမျိုးတွေက ရခိုင်ပြည်နယ်မှာသာ “ကွက်” ပြီးရှိနေတာ မဟုတ်ဘဲ တတိုင်းပြည်လုံး နေရာအနှံ့မှာရှိနေတာဖြစ်ပါတယ်။ မြစ်ဆုံမှာ၊ လက်ပံတောင်းမှာ --- စသဖြင့်။

နောက်တစ်ချက်က “မောင်တောအရေး” ဟာ ဒီချုပ်ပါတီ အစိုးရအုပ်စိုးမှုကြောင့် အခုမှဗြုံးစားကြီး မိုးပေါ်ကကျလာတဲ့ အရေး အခင်း မဟုတ်ပါဘူး။ “ ငါးတကာယိုတဲ့ချေး ပုဇွန်ဆိတ်ခေါင်းစု” ဆိုတဲ့စကားလို ဒီချုပ်ပါတီ အစိုးရကို တမင်တကာအပြစ်ပုံချနေတာပါ။ ဒီလိုလုပ်တာဟာ လုံးဝ မတရား ပါဘူး။

 ၁၉၆၂ ကနေ ဒီနေ့အထိ ကိုယ့်အတ္တ၊ ကိုယ့်အကျိုးစီးပွားကွက်ကွက်ကိုသာ ဘနဖူး သိုက်တူးသလို ရှာခဲ့ကြသူတွေက အခုမှ ဒီချုပ်ပါတီအစိုးရကို အရှက်ကင်းမဲ့စွာ လက်ညှိုးထိုးနေကြတာ၊ ကိုယ့်ကိုယ်ကိုယ် “မျိုးချစ်တွေ”အဖြစ် ဂုဏ်ဖော်နေကြတာဟာ ယိုသူ မရှက်မြင်သူရှက်စရာပါ။

လတ်တလောပေါ်လာတဲ့ပြဿနာကို ဖြေရှင်းဖို့ကြိုးစားတဲ့သူတိုင်းဟာ ဒီပြဿနာသမိုင်းမှာ ဘယ်လိုစတင်ပေါ်ပေါက်လာ သလဲ၊ ဘယ်လိုအမြစ်စွဲပြီး နာတာရှည် ဖြစ်လာခဲ့သလဲ ဆိုတဲ့အချက်ကို  စူးစမ်းရှာဖွေရစမြဲပါ။ ဒီနေရာမှာ အတိတ်ကို အတိတ်မှာ ထားခဲ့ လို့ ဘယ်လိုမှ မရနိုင်ဘူး။ ညောင်မြစ်တူးမှတော့ ပုတ်သင်ဥတွေတထွေးကြီးပေါ်လာတာကို ဘယ်လိုမှ လွှဲရှောင်လို့ မရနိုင်ပါဘူး။

 ကာချုပ်ဆိုသူက ၁၉၄၂ ကိုလိုနီခေတ်ထိ အမြစ်လှန်နေပါတယ်။ တကယ့်မေးခွန်းက စစ်တပ်က စစ်အုပ်စုက အာဏာသိမ်း ပိုက်ခဲ့တဲ့ ၁၉၆၂ ကနေ (နဝတ-နအဖ)စစ်အစိုးရအထိ နှစ်ပေါင်းများစွာ ဒီပြဿနာကို ပြီးပြတ်အာင် ဘာကြောင့်မဖြေရှင်းခဲ့သလဲဆိုတဲ့ မေးခွန်းကို ဖြေကြည့်ပါ။ ဒီမေးခွန်းကို အဖြေပေးနိုင်ရင်  မနေ့တနေ့ကမှ “ဘုရားစူးအာဏာ” ရလာတဲ့ ဒီချုပ်ပါတီအစိုးရက ဒီပြဿနာကို ကိုင်တွယ်ရတာမှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကြုံရတာ ဘာမှ  မဆန်းကျယ်တော့ပါဘူး။

မမျှော်လင့်တဲ့ ဘေးအန္တရာယ်တစ်ရပ်ရင်ဆိုင်ရတဲ့အခါ အထိအခိုက်နည်းနိုင်သမျှအနည်းဆုံး ခေါင်းအေးအေးထားပြီး ဖြေရှင်း ဆောင်ရွက်တာဟာ အမြော်အမြင်ရှိတဲ့ ဖြေရှင်းနည်းဖြစ်ပါတယ်။ မုန်တိုင်း၊ လှိုင်း၊ ဝဲကတော့နဲ့ ကျောက်ဆောင်တွေကို ရှောင်ကွင်းပြီး သင်္ဘောကို လိုရာခရီးရောက်အောင် ပဲ့ကိုင်ထိန်းကျောင်း မောင်းနှင်တတ်တဲ့ မာလိန်မှူးကောင်းတစ်ယောက်လို ကျင့်ကြံကြရမှာပါ။

ဒီလိုမှမဟုတ်ဘဲ။ အဖီအဆွယ်လေး မီးလောင်တာကို ကွက်ပြီး မငြှိမ်းဘဲ အိမ်မကြီး ဖြိုချပစ်တာဟာ အမြော်အမြင်နည်းသူ၊ မိုက်မဲညံ့ဖျင်းသူတို့ရဲ့ဖြေရှင်းနည်းမျိုးသာဖြစ်ပါတယ်။ လက်သန်းကလေးသွေးထွက်သံယိုဖြစ်တာနဲ့ တံတောင်ဆစ်ကနေ ဖြတ်ပစ်မယ်လို့ လုပ်တာဟာ နလဗိန်းတုန်းဖြေရှင်းနည်းဖြစ်ပါတယ်။

“(ARSA) က နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်အပါအ၀င် အခြားမြို့ကြီးများ၌ အကြမ်းဖက် ဖောက်ခွဲ တိုက်ခိုက်မှု များလုပ်ဆောင်ရန် ပြင်ဆင်လျက်ရှိကြောင်း၊ ပုလဲဓာတ်မြေသြဇာ စုဆောင်းနေတာတွေ့ရင် သတင်းပေးကြပါ” ဆိုတဲ့ ဖြေရှင်းနည်းဟာ အိမ်မကြီးကို ဖြိုချတဲ့ဖြေရှင်းနည်း၊ တံတောင်ဆစ်က ဖြတ်ပစ်မယ့် ဖြေရှင်းနည်းဖြစ်ပါတယ်။ ရေနှောက်ပြီး ငါးဖမ်းတဲ့ နည်းဖြစ်ပါတယ်။

သို့လော သို့လော၊ သူလော ငါလော ဆိုတဲ့ မယုံကြည်မှု ၊  “သံသယမှိုင်း” ကို တပြည်လုံးဖြန့်လိုက်တဲ့ နည်းဖြစ်ပါတယ်။
ဗိုလ်သန်းရွှေက “တနိုင်ငံလုံး ကြက်ဆူပင်စိုက်ကြ” ဆိုပြီး ကာယဒုက္ခပေးခဲ့ပြီးပြီ၊ အခုတဖန် စိတ်ပိုင်းဆိုင်ရာဒုက္ခ (သို့မဟုတ်) “ သံသယမျိုးစေ့တွေ” ကို တနိုင်ငံလုံး အနှံ့ကြဲဖြန့် ပျိုးထောင်နေပြန်တာလား။ လူမှုအသိုင်းအဝိုင်းနှစ်ခုအကြား အိပ်မပျော်သောညတွေ ဖန်တီးနေတာလား။ ဒီသံသယက တောင်ကုတ်၊ မိထ္ထီလာ၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ရန်ကုန်လိုမြို့တွေမှာ နေထိုင်ကြတဲ့သူတွေ အကြားမှာ “အစဉ်အလာနဲ့ပုံမှန်နေထိုင်သွားလာဆက်ဆံမှု” ကို ဘယ်လောက်အတိုင်းအတာအထိထိခိုက်သွားစေမလဲ။

နှစ်ဖက်အသိုင်းအဝိုင်းက အမြော်အမြင်ရှိတဲ့လူကြီးသူမတွေအချင်းချင်း၊ လူငယ်တွေအချင်းချင်း ကျောချင်းကပ်ရင်ချင်း ကပ်ကြ မှသာ ဒီ“သံသယမှိုင်း”ကို သတိရှိရှိနဲ့ကြိုတင်ကာကွယ်တားဆီးနိုင်ပါလိမ့်မယ်။ ဒီအရင်က ဒီလို မှိုင်းတိုက်မှုကြောင့် “သွေးနဲ့မီးခိုး” ထွက်ခဲ့ ဖူးတဲ့နေရာဒေသတွေမှာတော့ “ဒီသတင်း” က လူမှုအသိုက်အဝန်းနှစ်ခုအကြေားမှာ ပိုလို့တောင် အေးစက်တင်မာမှုသက်ရောက် ဖြစ်ပွား စေပါလိမ့်မယ်။

You Tube မှာ ဟာသနှောပြီး ရိုက်ထားတဲ့ ဗွီဒီယိုကလစ်ကလေးတစ်ခု ကြည့်ဖူးကြမှာပါ။ ဝတ်ရုံအဖြူ အရှည်ဝတ်ထားတဲ့ အာရပ်တစ်ဦးက အထုတ်တစ်ခုနဲ့လာပြီး လူစုစုအနားမှာ ပစ်ချထွက်ပြေးပြီး နောက်ပြောင်တာပါ။ အနားမှာ အထုတ်ပစ်ချခံရ တဲ့သူ အားလုံးလန့်ဖျပ်ပြီး ခြေဦးတည့်ရာစွပ်ပြေးကြတာချည်းပါ။  သံသယဆိုတာ ဒါပဲ။ သံကိုသံဖျက်သံ ချေးတက်ဆိုတာလိုပဲ။ ယုံကြည်မှုကို ထိခိုက်လှိုက်စားစေတာဟာ မဟုတ်မမှန်လုပ်ကြံဖြန့်ဝေတာတွေကနေ စတင်တာပါပဲ။

လူမျိုးပေါင်းစုံပြည်သူများအကြားမှာ ပုံမှန်ရှိနေတဲ့ အပြန်အလှန်ယုံကြည်လေးစားမှု ပျက်ပြားသွားအောင်၊ ယိုယွင်းသွားအောင်၊ အေးစက်မာခဲသွားအောင် မပြုလုပ်သင့်ပါဘူး။ တတိုင်းတပြည်လုံး၊ လူမျိုးပေါင်းစုံပြည်သူအများအကြားမှာရှိတဲ့ ပုံမှန်ရှိနေတဲ့အပြန်အလှန် လေးစားယုံကြည်မှုကို မိမိအုပ်စုအတ္တအကျိုးစီးပွားသက်သက်အတွက် ကျဉ်းကျဉ်းမြောင်းမြောင်း လောင်းကြေးထပ် စတေး မပစ်သင့်ပါ ဘူး။

ဒီလို “သံသယအဆိပ်တက်မှု” ဟာ အဖက်ဖက်က ယိုယွင်း နိမ့်ပါး ဆင်းရဲမွဲတေနေပြီဖြစ်တဲ့  ကျနော်တို့ချစ်လှတဲ့တိုင်းပြည်နဲ့ လူမျိုးစုံပြည်သူတွေကို ပိုပြီးမဲမှောင်နက်ရှိုင်းတဲ့ ချောက်ကမ်းပါးထဲကို ဘယ်တော့မှ နလန်မထူနိုင်အောင် ဆွဲနှစ်သွားမှာဖြစ်တယ်ဆိုတဲ့ အချက်ကို အားလုံးက လေးလေးနက်နက် သတိချပ်ကြဖို့လိုပါတယ်။ အမြော်အမြင်ရှိကြဖို့လိုပါတယ်။


တနည်းအားဖြင့်ပြောရရင် “မောင်တောအရေး” ဆိုတာ အညှီရှိလို့ ယင်အုံခံရတာဖြစ်တယ်။ ဒီအညှီအဟောက်ကို မဖယ်ရှင်း နိုင်သမျှကာလပတ်လုံး ယင်တလောင်းလောင်းအုံနေမှာဖြစ်တယ်။

ဒီတော့ “ယင်ကောင်” ကိုပဲ ထိအောင်၊ မိအာင်  ပီပီပြင်ပြင် ရိုက်မလား၊ ထမင်း စားပွဲ တစ်ခုလုံးမှောက်အောင်၊ ထမင်းပန်းကန် ဟင်းပန်းကန်တွေကွဲကုန်အောင် ရိုက်မလား၊ တအိမ်လုံး မီးလောင်တိုက်သွင်းပြီး “ယင်ကောင်” နှိမ်နင်းရေးလုပ်မလား။ သမိုင်းနဲ့ချီ ရှည်ကြာနေတဲ့ အမျိုးသားသွေးစည်းညီညွတ်မှုပြိုကွဲခြင်းဆိုတဲ့ “အညှီ” ကို အမြန်ဆုံး ဘယ်လို ဖယ်ရှားရှင်းလင်းပစ်ကြမလဲ။

လူမျိုးပေါင်းစုံပြည်သူတွေရဲ့အသက်သွေးတွေ ရာစုနှစ်ဝက်ကျော် ခြေဆုံးခေါင်းဆုံးစွန်းပေလာခဲ့သူကို ဒီတမနက်ခင်းလေးမှာ ပဲ၊ ကတုံးရိတ်သင်္ကန်းခြုံပေးလိုက်တာနဲ့ ဓမ္မစစ်ရဟန်းသံဃာတစ်ပါးအဖြစ် ယုံကြည် ရှိခိုး ကိုးကွယ် ဆည်းကပ်ဖို့အထိတော့ ကျနော်တို့ ပြည်သူတွေ မတွေဝေကြသေးပါဘူး။ မမိုက်မဲကြသေးပါဘူး။

နောက်ပြီးတော့ မုန်းတီးမှု၊မယုံကြည်မှု၊သံသယမျိုးစေ့တွေကို ကြဲပက်ပြီး ညီရင်းအစ်ကိုသဖွယ် ချစ်ခင်မှုအပြန်အလှန်လေးစား၊ အားထားယုံကြည်မှု အသီးအပွင့်လာဖို့  ဘယ်လိုမှ ဘယ်တော့မှ မမျှော်လင့်နိုင်ပါဘူး။
အချစ်ပင်ကိုပျိုးမှသာ အချစ်ပန်း၊ သီးပွင့်လာမှာပေါ့။ အမုန်းနဲ့သံသယပင်တွေ စိုက်ပျိုးနေသမျှ အမုန်းပွင့်တွေသာ ပွင့်ဝေနေပါ လိမ့်မယ်။

● ညွန်း
(၂၅ -၉-၂၀၁၇) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ သတင်းထုတ်ပြန်ချက် -  “ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက် သမားများ က မြန်မာနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ရန် စီစဉ်နေမှု နှင့်ပတ်သက်၍ အသိပေးနှိုး ဆော်ခြင်း”

Comments