ကိုသန်းလွင် ● ဂျပန်နိုင်ငံ၏ပြဿနာ

ကိုသန်းလွင် ● ဂျပန်နိုင်ငံ၏ပြဿနာ
(မိုးမခ) စက်တင်ဘာ ၂၇၊ ၂၀၁၇


(၁)
စက်တင်ဘာလ ၁၅ရက်နေ့က မြောက်ကိုးရီးယားနိုင်ငံက ဒုံးကျည် မစ်ဆိုင်း (missile) တစ်ခုပြစ်လွှတ်ပြန်ပါသည်။ သည် တခါ ဒုံးကျည်မှာ ဂျပန်ကျွန်းပေါ်ကိုကျော်ပြီး ပင်လယ်ထဲသို့ကျပါသည်။ ဂျပန်အစိုးရက မိုဘိုင်းဖုန်းမှ၎င်း၊ တီဗွီထဲမှ၎င်း၊ ကြေညာပါသည်။ အဘယ်ကြောင့် ဂျပန်အစိုးရက မိမိကျွန်းပေါ်သို့ ကျော်၍လာသော ဒုံးကျည်ကို ပစ်မချပါသနည်းဟု မေး ခွန်းထုတ်စရာဖြစ်လာပါသည်။

အစိုးရက မြန်မြန်ဆန်ဆန် အဖြေထုတ်လိုက်သည်မှာ ဤဒုံးကျည်၏ပစ်မှတ်သည် ဂျပန်အစိုးရကိုမဟုတ်ကြောင်း၊ ဤမစ် ဆိုင်းသည် ဂျပန်ပြည်၏မြောက်ဘက်အကျဆုံး ဟိုကိုင်းဒိုကျွန်း၏ အရှေ့ဘက် မိုင် ၁၃၀၀ ကျော်အကွာ ပင်လယ်ပြင်သို့ ကျ ရောက်ပါသည်။

(၂)
ဂျပန်တို့က ပြစ်မချခြင်းအတွက် စဉ်းစားစရာအချက် နှစ်ချက်ဖြစ်ပေါ်လာပါသည်။ (၁) ဂျပန်ကျွန်း၏ မစ်ဆိုင်းပစ်ချခြင်း (Missile Defence System) စနစ်မှာ အကန့်အသတ်တွေရှိကြောင်း၊ (၂) ဂျပန်တို့၏ ဖွဲ့စည်းပုံ အခြေခံဥပဒေက ခံစစ်အတွက် သာ အသုံးပြုဘို့ ခွင့်ပြုထားကြောင်းတို့ ဖြစ်ပါသည်။

ထိုအချက်များမှာ လွန်ခဲ့သောရက်များက မြောက်ကိုးရီးယားက ဒုံးကျည်ကိုပစ်လွှတ်လိုက်တိုင်း စဉ်းစားခဲ့ရ သောအချက်များ ဖြစ်ကြပါသည်။ မြောက်ကိုးရီးယားတို့၏ နျူကလီယာအစီစဉ်မှာ တဖြည်းဖြည်းနှင့်လျင်မြန်စွာ တိုးတက်လာနေပါသည်။ မြောက်ကိုရီးယားတို့၏ နျူးကလီယားအစီအစဉ်ကို ဟန့်တားရမည်လော၊ တုန့်ပြန်ရမည်လော၊ တုန့်ပြန်မည်ဆိုလျင် အမေရိ ကန်တို့၏ကဏ္ဍက အရေးကြီးသည်။ မိမိတို့ ဂျပန်တပ်မတော်အနေဖြင့် တုန့်ပြန်ရမည်ဆိုလျင် မည်မျှအထိကြိုတင်ပြင်ဆင်ထားရမည်နည်း၊ အမေရိကန်က အဘယ်မျှအထိပါမည်ဆိုသောအချက်များမှာ အရေးကြီးလှပါသည်။

ပြီးခဲ့သော ဗီယက်နမ်နှင့် ကိုးရီးယားစစ်ပွဲတို့တွင် အမေရိကန်တို့အတွက် လိုအပ်သောထောက်ပံ့မှုများကို နောက်ပိုင်းမှ ပါဝင်ခဲ့ပါသည်။ သို့သော် ယခုကဲ့သို့ အရေးကြုံလာသောအခါ အမေရိကန်တို့က ဘယ်အတိုင်း အတာအထိ ပါမလဲဆိုသည်ကို မစမ်းသပ်ရသေးသော အတွေ့အကြုံတခုဖြစ်သည်။

အကယ်၍ မြောက်ကိုးရီးယားနှင့်ရင်ဆိုင်ပြဿနာတက်ပြီဆိုလျင် စစ်ပိုင်းဆိုင်ရာကိစ္စများတွင် အမေရိကန် စစ်သား ၅၄,၀၀၀ ဂျပန်တွင် တပ်စွဲထားရာ သေချာပေါက်အမေရိကန်တို့က ပါဝင်ရမည်ဖြစ်သည်။

လွန်ခဲ့သောသောကြာနေ့က မြောက်ကိုးရီးယားက ကြေညာရာတွင် ဂျပန်ကျွန်းကိုအလွယ်တကူ နစ်မြုပ်သွား အောင်ပြုလုပ် နိုင်ကြောင်း၊ ဂျပန်ကျွန်းဟူ၍ မိမိတို့အနီးအနားတွင် ရှိနေရန်မလိုအပ်ကြောင်း မြောက်ကိုးရီးယားက ခြိမ်းခြောက် ပြောဆိုခဲ့ သည်။

ဂျပန်ကျွန်း၏ပထ၀ီအနေအထားအရ မြောက်ကိုးရီးယားက ဂွမ် (Guam) ကိုဖြစ်စေ တခြားအမေရိကန် ပစ်မှတ်များကို တိုက်ခိုက်လျင်ဖြစ်စေ ဂျပန်ကျွန်းပေါ်မှ ဒုံးကျည်များကို ကျော်ပြီးမှ ပြစ်ခတ်ရမည်ဖြစ်သည်။

ဂျပန်ကျွန်းပေါ်ရှိ နေရာရွှေ့ပြောင်းနိုင်သော ဒုံးကျည် ကာကွယ်ရေးစနစ်မှာ ဒုံးကျည်သည် ဂျပန်ကျွန်းပေါ်သို့ကျမှသာ ကာ ကွယ်ရန်ဖြစ်သည်။ ယခုလို တခြားအရပ်သို့သွားနေသော (mid- flight) အတွက် တီထွင်ထားခြင်းမဟုတ်ပေ၊ တခြား သင်္ဘောပေါ်ရှိ ဒုံးကျည်ကာကွယ်ရေးစနစ်များမှာလည်း ပျံသန်းသွားသောဒုံးကျည်ကို ပစ်ချနိုင်ရန်အတွက် နေရာမှန်တွင် ရှိနေစေရန် လိုအပ်သည်။

ထို့ပြင် ဂျပန်တို့၏ ဖွဲ့စည်းပုံက ဤကဲ့သို့ ပျံသန်းနေသော ဒုံးကျည်ကို ပြစ်ချပိုင်ခွင့်ရှိမရှိ၊ ခွင့်ပြုမပြု မသေချာပါ၊ မြောက်ကိုရီး ယားတို့၏ ဒုံးကျည်ပစ်လွှတ်ရာ (Base) များကို တိုက်ခိုက်ခွင့် ရှိမရှိ မသေချာပါ။

လွန်ခဲ့သောလအနည်းငယ်အတွင်းက ရှင်ဆိုဘာဘေး (Shinzo Abe) အစိုးရကစဉ်းစားနေသည်မှာ ဤကဲ့သို့ ဒုံးကျည် များကပြစ်ချနိုင်ရန် (Cruise missile) များကို ၀ယ်ယူရန် သင့်မသင့်ဖြစ်သည်။ ထိုကဲ့သို့ Cruise missile ရှိပါက ပျံသန်း နေသော ဒုံးကျည်အပါအ၀င် မည်သည့်ဒုံးကျည်ကိုမဆို ပြစ်ချနိုင်ပါလိမ့်မည်။

၁၉၅၆ခုနှစ်က ဂျပန်တို့ အနေဖြင့် ထိုကဲ့သို့ တိုက်ခိုက်ခြင်းကို ခွင့်မပြုနိုင်ကြောင်း ဂျပန်အစိုးရက ဆုံးဖြတ်ခဲ့ ဖူးသည်။ ဂျပန်ပြည်သူအများ၏အမြင်မှာ မြောက်ကိုရီးယားပြသနာတက်လာသောအခါ ဖွဲ့စည်းပုံကို ပြင်ဆင်ရန် ပင်ဖြစ်သည်။

ဂျပန်တို့အနေဖြင့် တွက်ချက်ရန်ရှိသည်မှာ အမေရိကန်မှ စစ်လက်နက်များကို ၀ယ်ယူခြင်းဖြင့် တရုတ်နှင့် တောင်ကိုးရီးယား တို့က မည်သို့သဘောထားမည်နည်းဟု မေးစရာ ဖြစ်လာပါသည်။ တရုတ်တို့အနေဖြင့် စစ်ပြင်ဆင်ခြင်း စစ်လက်နက်များကို စုဆောင်းခြင်းမှာ စစ်ကိုလိုလားသော စစ်ပြင်ဆင်မှုသဘောပင်ဖြစ်၏၊ တောင်ကိုးရီးယားနိုင်ငံအနေဖြင့် ဂျပန်ကို ဆန့်ကျင် သောအယူဝါဒကို ပိုမိုဆိုးရွားစေမည်ဖြစ်သည်။

ဂျပန်လူထုအနေဖြင့် မဲဆန္ဒကောက်ခံရာတွင် တ၀က်ကျော်ကျော်က ကြိုတင်တိုက်ခိုက်သောစနစ်ကို ကျင့်သုံး စေလိုကြ သည်။ ဂျပန်တို့က Thaad- Terminal High Altitute Area Defence System ကို အမေရိကန်တို့ထဲမှ ၀ယ်ယူစေလိုကြသည်။ ဤစနစ်က၀င်လာသော မစ်ဆိုင်းကို ပိုမိုမြင့်သောနေရာတို့၌ ဖြိုခွင်းပစ်နိုင်စွမ်းရှိကြသည်။ ယခုလက်ရှိကုန်းပေါ်တွင် အသုံး ပြုနိုင်သည့်စနစ်မှာ သာမန်အမြင့်တွင်သာ ဖြိုခွင်းနိုင်စွမ်းရှိကြသည်။ Thaad System က ပိုမို၍ အင်အားကောင်းသည်။

အမေရိကန်တို့အနေဖြင့်တရုတ်တို့ကန့်ကွက်နေသည့်ကြားမှ တောင်ကိုးရီးယားတွင် Thaad System ကို တပ်ဆင်ပြီးဖြစ် သည်။ တရုတ်အစိုးရက တောင်ကိုးရီးယားကို စီးပွားရေးအရ အရေးယူမှုများရှိခဲ့သည်။ ထိုသို့ တရုတ်၏ကန့်ကွက်မှုကိုလည်း ထည့်သွင်းစဉ်းစားနေရသည့်သဘောဖြစ်နေသည်။

ဂျပန်တို့က၀ယ်ယူရန် (Aegis System) ကို လောလောဆယ်ဆုံးဖြတ်ထားသည်။ သင်္ဘောပေါ်တွင် တပ်ဆင်နိုင်သော Thaad လောက်အမြင့်ကို ပစ်ခတ်နိုင်သောအဆင့်မရှိပေ၊ ပို၍နိမ့်ပြီးလေထုအထက်အမြင့်အထိမူ ပစ်ခတ်နိုင်ပါ၏၊ Aegis sytem ကိုကုန်းပေါ်တွင် အသုံးပြုရန်အတွက်လည်း ရည်ရွယ်သည်။

မည်သို့ဆိုစေ မစ်ဆိုင်းကာကွယ်ရေးစနစ်သည် စိတ်ချယုံကြည်ရပြီးဟူ၍ကားမရှိနိုင်ပေ၊ အကယ်၍ ပစ်မှတ်နှင့် လွဲချော်သွား မည်ဆိုလျင် ပေးရမည့်တန်ဖိုးကား ကြီးမားလှသည်။

လွန်ခဲ့သော နှစ်နှစ်က မစ္စတာအာဘေးသည် ဂျပန်စစ်သားများသည် နိုင်ငံခြားတပ်များနှင့် ပူးပေါင်းလှုပ်ရှား ပိုင်ခွင့် (Collective Self Defence) စနစ်အောက်တွင် ထားရှိရန် ဆောင်ရွက်ခဲ့ဘူးသည်။ ထိုဥပဒေ၏အဆိုအရ ဂျပန်တို့သည် မိမိကို အန္တရာယ်ပြုလာသော ရန်သူကို ရင်ဆိုင်ရန်ဟု ဆိုလိုက်သည်။ ယခုအမေရိကန်တို့ထံ ပစ်လွှတ်သောဒုံးကျည်သည် ဂျပန်ကို အန္တရာယ်ပြုမပြု စဉ်းစားစရာဖြစ်လာသည်။

တချို့ကလည်း ဂျပန်၏ မိတ်ဆွေကို တိုက်ခိုက်လာခြင်းအတွက် ဂျပန်ကိုတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆုံးဖြတ်ကြသည်။ အမေရိကန်တို့သည် ဂျပန်နိုင်ငံကို အကာအကွယ်ပေးမည့် အဓိပ္ပါယ် မိတ်ဆွေအဖြစ် သတ်မှတ်လိုသည့် သဘောဖြစ်သည်။
ဂျပန်တို့က ကာကွယ်ရေးအသုံးစရိတ်ကို ၅.၂၆ Trillion Yen (၄၆ ဘီလီယံဒေါ်လာ) သုံးစွဲမည်ဟု ဆိုထားသော်လည်း ဤပမာဏမှာ အခြားနိုင်ငံများ စစ်အသုံးစားရိပ်နှင့်စာသော် နည်းပါသေးသည်။

(၃)
ဤကဲ့သို့သော အတွေးများ၏ နောက်တွင်တည်ရှိနေသော မေးခွန်းမှာ ဂျပန်တို့အနေဖြင့် နျူကလီယာလက်နက်ကို ကိုင်ဆောင်ရန် သင့်မသင့်ဟူသော မေးခွန်းဖြစ်သည်။ အနည်းဆုံး မြောက်ကိုးရီးယား၏ ခြိမ်းခြောက်မှုကို ကာကွယ်ရန် အတွက် အသုံးပြုသင့်သည်။ မဲဆွယ်ပွဲတွင် သမ္မတထရန့်က ဂျပန်တို့သည် သူတို့ကိုယ်ပိုင် နျူကလီယာ လက်နက် ရှိသင့် သည်ဟု ပြောထားသည်။ ဂျပန်လူထုကမူ ထုံးတမ်းစဉ်လာအရနျူကလီယာလက်နက် အသုံးပြုထုတ်လုပ်ခြင်းကို ကို လုံးဝ ဆန့်ကျင်ကန့်ကွက်ကြသည်။

ကိုသန်းလွင်

Ref: Tokyo Reassesses its Nation’s Might , Motoko Rich New York Times Sep 16-17 2017

Comments