ဇင်လင်း ● ပြည်ထောင်စုအစိုးရအတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်လာမယ့် ရခိုင်ပြည်နယ်အရေး

ဇင်လင်း ● ပြည်ထောင်စုအစိုးရအတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်လာမယ့် ရခိုင်ပြည်နယ်အရေး
(မိုးမခ) စက်တင်ဘာ ၄၊ ၂ဝ၁၇

အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် အစိုးရက ဒီမိုကရေစီစနစ်ဖြစ်ထွန်းရေးဆိုတဲ့ နိုင်ငံရေးအရွေ့တခုကိုဖေါ်ဆောင်ဖို့အားစိုက် ကြိုးပမ်းနေခိုက်မှာ ရခိုင်ပြည်နယ်အရေးက ဘူးလေးရာ ဖရုံဆင့်ဆိုသလို ပေါ်ပေါက်လာတယ်။ အချိန်ကိုက် ဖေါက်ခွဲလိုက် တဲ့ ဗုံးတလုံးနဲ့လည်း တူနေတယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ လက်ရှိ အစိုးရဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးအတွက် အာရုံစိုက် ဆောင်ရွက်ဖို့ပြင်ဆင်နေခိုက်မှာ ရခိုင်ပြည်နယ် အကြမ်းဖက်မှုဖြစ်ပေါ်ခဲ့တာလည်း ဖြစ်ပါ တယ်။ တချိန်တည်းမှာ အစိုးရဟာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကိစ္စ လုံးပမ်းနေချိန်လည်း ဖြစ်ပါ တယ်။ အခြားတဖက်မှာလည်း  တရားဥပဒေစိုးမိုးရေး တိုးတက်ကောင်းမွန်ရေးကိစ္စနဲ့ ရင်ဆိုင်နေရပါတယ်။ NLD အစိုးရရဲ့ အမျိုး သားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးရည်မှန်းချက် အောင်မြင်ရေးအတွက် ပြည်သူလူထုကို တရားဥပဒေ စိုးမိုးရေးနဲ့ ကာကွယ်စောင့်ရှောက်ရမယ့်ကိစ္စကလည်း စိန်ခေါ်မှုကြီးတခု ဖြစ်လာနေတယ်။ တရားဥပဒေ စိုးမိုးရေးရှိမှသာ လူထု အစိုးရမျှော်မှန်း တဲ့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးရည်မှန်းချက်တွေ  အောင်မြင်နိုင်မှာလည်း ဖြစ်ပါတယ်။ လူထုရဲ့ နေ့စဉ်စားဝတ် နေရေးဘဝ တည်ငြိမ်မှုရှိဖို့အတွက်လည်း တရားဥပဒေစိုးမိုးရေးနဲ့ပဲ အကာအကွယ်ပေးရမှာ ဖြစ်ပါတယ်။

လတ်တလော ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေဟာ ဆယ်စုနှစ်များစွာ တရားဥပဒေစိုးမိုးရေးကို ဥပေ က္ခာပြုထားခဲ့မှုရဲ့ အကျိုးဆက်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်ဒေသများရှိ ရဲကင်းစခန်း ၃ဝ ခန့်ကို လက်နက်ကိုင် အကြမ်းဖက်သမားတွေက တချိန်တည်း တပြိုင်နက်တည်းမှာ အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဦးနဲ့  လူဝင်မှုကြီးကြပ်ရေးအရာရှိ ၁ ဦး ကျဆုံးခဲ့ရတယ်။ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ချက်အရ အကြမ်းဖက် သမား ၇၇ ဦးသေဆုံးပြီး ၂ ဦးကို အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း သိရတယ်။ ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အကြမ်းဖက်သမားတို့ရဲ့ ရက် ရက်စက်စက် တိုက်ခိုက်ခဲ့တဲ့လုပ်ရပ်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြင်းပြင်းထန်ထန် ရှုတ်ချ လိုက်ကြောင်း သိရတယ်။

အကြမ်းဖက်အဖွဲ့က သူတို့ဟာ Arakan Rohingya Salvation Army လက်နက်ကိုင်အဖွဲ့ဖြစ်တယ်လို့ ဆိုထားပြီး၊ ယခု တိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်ကြောင်း နောက်ထပ်တိုက်ခိုက်မှုတွေ လုပ်သွားဦးမယ်လို့လည်း သတိပေးထား ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားတယ်။ ယခု တိုက်ခိုက်မှုဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာ တရားဝင်ထုတ်ပြန်ခဲ့ပြီး နောက်တရက် မှာ ဖြစ်ပွားခဲ့တာကြောင့် အချိန်ကိုက်လုပ်ရပ်ဖြစ်တယ်လို့ အကဲခတ်တွေက သုံးသပ်ကြတယ်။ ဒီ့အပြင်လာမည့် စက်တင် ဘာလမှာ စတင်မယ့် ကုလသမဂ္ဂအထွေထွေညီလာခံ အကြိုကာလနဲ့လည်း တိုက်ဆိုင်နေတာ တွေ့ရတယ်။ အခု အကြမ်း ဖက် တိုက်ခိုက်မှုကို ကုလသမဂ္ဂက အပြင်းထန်ဆုံး ရှုတ်ချလိုက်ကြောင်းလည်း ကုလသမဂ္ဂ မြန်မာဌာနေရုံးက ကြေညာချက် တစောင် ထုတ်ပြန်ခဲ့တာတွေ့ရတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံ ပေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာကို နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ထံ ဩဂုတ် ၂၄ ရက်က တင်သွင်းခဲ့တယ်။ အဲဒီနောက် မစ္စတာကိုဖီအာနန်က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ တယ်။ အဲဒီ သတင်းစာရှင်းပွဲမှာ 7Day Daily သတင်းစာရဲ့ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားရာမှာ ရခိုင်ပြည်နယ်အရေး မှာ ပြည်ပစွက်ဖက်မှု သဘောသက်ရောက်ခြင်း ရှိ/မရှိ ရခိုင်အကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာပါ အချက်အလက်တွေကို ကြည့်စေလိုကြောင်း မစ္စတာကိုဖီအာနန်က ထည့်သွင်းဖြေကြားခဲ့တာတွေ့ရတယ်။

‘‘နိုင်ငံခြားက ဝင်ရောက် စွက်ဖက်တဲ့ သဘောသက်ရောက်/မသက်ရောက် အချက်အလက်တွေကို ကြည့်စေလိုတယ်လို့ ပြောကြားလိုပါတယ်။ အဲဒီတော့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်က ကော်မရှင်ဖွဲ့စည်းမှုကို အကြံပြုတာဖြစ်ပြီးတော့ လွှတ် တော်မှာ တင်တယ်။ လွှတ်တော်မှာ မဲခွဲပြီးတော့ လွှတ်တော်မဲအရ ကော်မရှင်ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ကော်မရှင်မှာ ပါဝင်သူတွေ၊ ကော်မရှင်အဖွဲ့ဝင်တွေကိုလည်း အခု စင်ပေါ်မှာထိုင်နေတဲ့အတိုင်း တွေ့မြင်နိုင်ပါတယ်။ မြန်မာ ခြောက်ဦး၊ နိုင်ငံတကာမှ သုံးဦး ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခွင့်ရတဲ့ အတွက် အရမ်းဝမ်းမြောက်ပါတယ်။ ဒီ ကော်မရှင်မှာ နိုင်ငံခြားသားတွေ ရောနှောပြီးတော့ ပါ ဝင်တယ်ပေါ့လေ။ တကယ်တော့ ရခိုင်ပြည်နယ်နဲ့ပတ်သက်လို့ အစိုးရနဲ့ နိုင်ငံတကာရဲ့တင်းမာမှုကို အမှန်အတိုင်း ကမ္ဘာကသိနိုင်ဖို့အတွက် မြန်မာကော်မရှင်မှာ နိုင်ငံခြားက အပြုသဘော ပါဝင်ဆောင်ရွက်တဲ့သဘောမျိုး မြင်သင့်တယ်လို့ယူဆပါတယ်။” လို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ မစ္စ တာ ကိုဖီအာနန်က ပြောခဲ့တာတွေ့ရတယ်။ ဒီ့အပြင် ‘ရခိုင်ပြည်နယ်နှင့် ပတ်သက်သည့် မူဝါဒများကို ညှိနှိုင်းပေါင်းစပ်ပေးရန်၊ ဝန်ကြီးအဆင့် တာဝန်ခံတဦးခန့်အပ်ရန်၊’ ကော်မရှင် ဥက္ကဋ္ဌက တိုက်တွန်းထားကြောင်း သိရတယ်။

ကော်မရှင်က အပြီးသတ် အစီရင်ခံစာတင်သွင်းဖို့အတွက် စတင်ဖွဲ့စည်းချိန်မှ တနှစ်အတွင်း စစ်တွေ၊ မြောက်ဦး၊ မြေပုံ၊ ကျောက်တော်၊ သံတွဲ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မောင်တော၊ ဘူးသီးတောင်၊ ရန်ကုန်နဲ့ နေပြည်တော်အပါအဝင် ဒါကာ၊ ကော့ ဘဇား၊ ဘန်ကောက်နဲ့ ဂျီနီဗာသို့ သွားရောက်ခဲ့ပြီး တွေ့ဆုံဆွေးနွေးပွဲ ၁၅၅ ကြိမ် ပြုလုပ်ခဲ့ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားတယ်။ ဒီ့အပြင် ကော်မရှင်ဟာ ရခိုင်အရေးမှာ ပါဝင်ဆောင်ရွက်နေတဲ့ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်ဦးရေ ၁,၁ဝဝ နဲ့တွေ့ဆုံခဲ့တယ်လို့လည်း ဖော်ပြထားတယ်။

ရခိုင်ပြည်နယ်အတွင်းရှိ လုံခြုံရေးစခန်းများ တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ရန်ကုန်ရှိ အမေရိကန်သံရုံးက ရှုတ်ချခဲ့ပြီး အ သက်စွန့်လွှတ်ခဲ့ရသူများနှင့် ၎င်းတို့၏ မိသားစုဝင်များအတွက် ဝမ်းနည်းကြေကွဲရပါကြောင်း သြဂုတ် ၂၅ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့တာ တွေ့ရသည်။ ယခု လုပ်ရပ် ကျူးလွန်သူများကို လက်ရဖမ်းဆီးမိရေးနဲ့ နောက်ထပ် အကြမ်း ဖက်မှုများ မဖြစ်ပွားရေးအတွက် အစိုးရနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များက အရေးယူဆောင်ရွက်ရန်  တာဝန်ရှိသည်ကို နားလည် အသိအမှတ်ပြုကြောင်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဗြိတိန်သံရုံးကလည်း သြဂုတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုများကို ရှုတ်ချကြောင်း၊ အရပ်သားများအား အကာအကွယ်ပေးရန်နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီရရှိရေးဆောင်ရွက်ပေးရန် ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း တွေ့ရတယ်။ ဒီ့အပြင် ဗြိတိန်သံရုံးအနေနဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာကို ကြိုဆိုကြောင်း၊ ကော်မရှင် အကြံပေးချက်များကိုဆောင်ရွက်မယ့် အစိုးရအဖွဲ့ရဲ့ ကြေညာချက် ကိုလည်း ကြိုဆိုကြောင်း သံရုံးကြေညာချက်မှာ ဖော်ပြခဲ့တာ တွေ့ရတယ်။

အကြမ်းဖက်တိုက်ခိုက်ခံရမှု မဖြစ်မီ တရက်အလို၊ ဩဂုတ် ၂၄ ရက်က ရသေ့တောင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဒေါ်ခင်စောဝေက “ရခိုင်ပြည်နယ်မြောက်ပိုင်း ရှိ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်များ တွင် ဖြစ်ပေါ်နေသော ဘင်္ဂါလီလူမျိုး အစွန်းရောက်အဖွဲ့အစည်းများက ရာဇဝတ်မှုများ ကျူးလွန်နေ ခြင်းသည် နိုင်ငံတော် လုံခြုံ ရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေ တည်တံ့ခိုင်မြဲရေးနှင့် အသက်အိုး အိမ်လုံခြုံရေးတို့ကို များစွာထိပါး နှောင့်ယှက် လာ သည်ဖြစ်၍ ဒေသတွင်း ပိုမိုကောင်းမွန်သည့် အုပ်ချုပ်ရေး၊ လုံခြုံရေးအစီအမံများ ချမှတ်ကာ အမြန်ဆုံးအကောင်အ ထည် ဖော်ဆောင်ရွက်ရန် အစိုးရ အား တိုက်တွန်းကြောင်း” အဆိုတင်သွင်းခဲ့တာ သတိပြုမိပါတယ်။

၎င်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၂၄ ဦးပါဝင်ဆွေးနွေးခဲ့တယ်။ အဲဒီနောက် ပြည်ထဲရေးဝန်ကြီးဌာနက မှတ်တမ်း တင်ရုံသာ တင်ဖို့ကြိုးစားခဲ့တယ်။ ဒါပေမယ့် ဒေါ်ခင်စောဝေက အဆိုကို အတည်ပြုဖို့တောင်းဆိုတာကြောင့် စက်ခလုတ် နှိပ်မဲခွဲဆုံး ဖြတ်ခဲ့တယ်။ မဲပေးခွင့်ရှိသူ ၃၉၆ ဦး အနက် ထောက်ခံမဲ ၁၅ဝ၊ ကန့် ကွက်မဲ ၂၃၂ မဲ၊ ကြားနေ ၆ မဲနဲ့ အဆို ရှုံးနိမ့်ခဲ့ပါတယ်။ ဒီ ဖြစ်စဉ်ကို လေ့လာပါက ဒေါ်ခင်စောဝေရဲ့ အဆိုကို လွှတ်တော်မှာ ထောက်ခံသင့်ပါလျှက် ကန့်ကွက်သူ က အများစုဖြစ်ခဲ့တဲ့ အပေါ် နိုင်ငံသူ နိုင်ငံသားတို့အကြား အားမလိုအားမရဖြစ်ပြီး စိုးရိမ်မှုတွေ ဖြစ်ခဲ့ကြတယ်။ ရခိုင်အရေး အဆိုကို ဩဂုတ်၂၄ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အတည်ပြုရန် မဲခွဲဆုံးဖြတ်ခဲ့ရာ ကန့်ကွက်သူများတဲ့ အတွက် အဆိုအတည်မပြုနိုင်ဘဲ၊ မှတ်တမ်းတင်ခဲ့တဲ့အပေါ် လူမှုကွန်ရက်စာမျက်နှာမှာ ဝေဖန်မှုတွေ မြင့်တက်ခဲ့တယ်။

“ကျွန်မတို့ မဲခွဲရင် ရှုံးမယ်ဆိုတာကို အဆိုတင်ကတည်းက သိပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့က Majority အနိုင်ရ ပါတီမှာ ကိုယ်စားလှယ်များနေတဲ့အတွက် ငါတို့ရှုံးမယ်ဆိုတာ အဆိုတင်ကည်းက သိပြီးသား။ ဒါပေမယ့် ကျွန်မတို့တင်ပြ ခွင့် ဆွေးနွေးခွင့်ရတာဟာ အင်မတန်မှ ဝမ်းသာဖို့ကောင်းပါတယ်။ မြန်မာနိုင်ငံမှာ ရှိနေကြတဲ့ လူအားလုံးက ရခိုင်ပြည်နယ်မှာ ဘာတွေ ဖြစ်နေတယ်ဆိုတာကို ထဲထဲဝင်ဝင် သိရှိသွားသလို တိုင်းရင်းသားတွေ ဘယ်လို ခံနေရတယ် ဆိုတာတွေကို ကွက်ကွက်ကွင်းကွင်း မြင်ခွင့်ရသွားခဲ့တယ်။ ဒီအတွက် အင်မတန် ဝမ်းသာဖို့ကောင်းပါတယ်” လို့ ဒေါ်ခင်စောဝေက ပြော ကြောင်း နိရဉ္စရာသတင်းအရ သိရတယ်။

အကယ်၍ လွှတ်တော်ကသာ အတည်ပြုပေးခဲ့ရင် လုံခြုံရေးဆောင်ရွက်နေမှုကို စိတ်ဓါတ်ခွန်အားဖြစ်စေရုံမက လုံခြုံရေး အတွက် စိုးရိမ်နေကြတဲ့ ဒေသခံ ပြည်သူတွေရဲ့ စိုးရမ် ကြောက်ရွံ့မှုများကိုလည်း စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှု ဖြစ်စေနိုင်တယ်လို့ဆိုပါတယ်။ အဆိုကို အတည်မပြုခြင်း အပေါ် ဒေသခံပြည်သူတွေအတွင်း စိတ်ပျက်အားငယ်မှု  ဖြစ်စေ တယ်လို့ ဝေဖန်မှုတွေလည်း ကြားရပါတယ်။ အဆိုကို မှတ်တမ်းတင်ပြီး နောက်တနေ့ ဩဂုတ် ၂၅ ရက်မှာ မောင်တော ခရိုင်အတွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေ ထပ်မံဖြစ်ပွားခဲ့တယ်။ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဦး၊ လူဝင်မှုကြီးကြပ်ရေးအရာရှိ ၁ ဦး ကျဆုံးခဲ့ရတယ်။

အခု ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ ရှောင်တခင် ဖြစ်ရပ်မဟုတ်တာတော့ သေချာပါတယ်။ နှစ်ပေါင်းများစွာ ကတည်းက  ရည်ရွယ်ချက်နဲ့ အစီအစဉ်ချမှတ် လုပ်ဆောင်လာတဲ့ အကြမ်းဖက်မှုဖြစ်တယ်။ ရခိုင်ပြည်နယ် အခြေအနေကို ဒေသတွင်း ပြဿနာတခု ဖြစ်လာစေဖို့ဖန်တီးနေကြောင်းလည်း ပေါ်လွင်နေတယ်။ ခေတ်သစ်နယ်မြေချဲ့ထွင်လိုသူတို့ရဲ့  ပယောဂ ပါဝင်နေတာကို နိုင်ငံသားအားလုံး သတိပြုကြရမှာ ဖြစ်တယ်။ နောက်ကွယ်မှာ ပြည်တွင်းပြည်ပက လက်မည်းကြီး တွေ ရှိနေတာကိုလည်း တာဝန်ရှိသူတွေ အထူးသတိပြုဖို့လိုတယ်။ အဲဒီ လက်မည်းကြီးတွေက အခု ကိစ္စကို အကျယ်ချဲ့ပြီး၊ ကုလသမဂ္ဂအထွေထွေ ညီလာခံအထိ ရောက်အောင် တွန်းပို့ကြလိမ့်မယ်။ အခု အကြမ်းဖက်လုပ်ရပ်တွေက နိုင်ငံတကာ အကြမ်းဖက် လှုပ်ရှားမှုတွေနဲ့လည်း ဆက်စပ်နေတာ သတိပြုသင့်တယ်။ The Arakan Rohingya Salvation Army လို့ဆိုတဲ့ အဖွဲ့ကို “ဟာရာခါ-အယ်လ်-ယာကင်” (Harakah al-Yaqin) လို့ခေါ်ကြောင်း သိရပါတယ်။ The International Crisis Group (ICG) ရဲ့ အစီရင်ခံစာ တစောင်မှာ Harakah al-Yaqin အဖွဲ့ရဲ့ ခေါင်းဆောင်ဟာ ‘အက်တာအူလာ’ (Ata Ullah) ဆိုသူဖြစ်ပြီး၊ ပါကစ္စတန်နိုင်ငံ ကရာချိမြို့ဇာတိ ရိုဟင်ဂျာဒုက္ခသည်တဦး ဖြစ်တယ်လို့ဆိုတယ်။  လက်ရှိ အက်တာ အူလာဟာ ဆော်ဒီအာရေဘီးယားနိုင်ငံ မက္ကာမြို့မှာနေပြီး၊ ရိုဟင်ဂျာလှုပ်ရှားမှုဌာနချုပ်ကိုလည်း မက္ကာမှာ အခြေစိုက်ထား တယ်လို့ ICG အစီရင်ခံစာဖေါ်ပြထားကြောင်း International Business Times (15 December 2016) မှာ ဆောင်းပါး ရှင် Jacob J က ရေးသားဖေါ်ပြထားတာ တွေ့ရတယ်။

ဒီအတောအတွင်း မြန်မာ့တပ်မတော် ရဟတ်ယာဉ်များက ဘင်္ဂလားဒေ့ရှ်ဝေဟင်ပိုင်နက်ထဲသို့ သြဂုတ် ၂၇၊ ၂၈ နှင့် စက် တင်ဘာ ၁ ရက်တွေမှာ ကျော်လွန်ပျံသန်းခဲ့တယ်လို့ဆိုကာ  မြန်မာသံအမတ်ကြီးကို ခေါ်ယူအသိပေးခဲ့ကြောင်း ဘင်္ဂ လား ဒေ့ရှ် သတင်းစာများစာတွေမှာ စက်တင်ဘာ ၁ ရက်က ဖော်ပြခဲ့တဲ့ကိစ္စပေါ်လာတာလည်း သတိပြုမိတယ်။ အဲဒီ သတင်း များနဲ့ပတ်သက်ပြီး တပ်မတော်သို့ မေးမြန်းရာမှာ ဘင်္ဂလားဒေ့ရှ် ဝေဟင်ပိုင်နက်သို့ ကျော်လွန်ခြင်းမရှိဘူးလို့ဆိုပါတယ်။ MI 17 ရဟတ်ယာဉ်များနဲ့ မောင်တောအကြမ်းဖက်မှုဖြစ်စဉ်အတွင်း ရိက္ခာပြတ်လပ်နေသူတွေထံ အစာ ရေစာပေးဝေခြင်း၊ ဒဏ်ရာရရှိသူများကို သယ်ဆောင်ခြင်း စသဖြင့် မြန်မာ့ဝေဟင် ပိုင်နက်အတွင်းမှာသာ ပြုလုပ်ခဲ့တယ်လို့ အကြောင်းပြန်ခဲ့ ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ရှင်းပြခဲ့တယ်လို့ '၇ ရက် နေ့စဉ်သတင်း' မှာ တွေ့ရ တယ်။ စက်တင်ဘာ ၁ ရက်နေ့က ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ ဦးဆောင်တဲ့ ခရီးစဉ်မှာလည်း မြန်မာ ပိုင်နက်အတွင်းမှာသာ မြေပြင်အခြေအနေကြည့်ရှုခြင်း၊ ရိက္ခာထောက်ပံ့ခြင်းများ ပြုလုပ်ခဲ့တယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။ ဒီ့အပြင် အသုံးပြုတဲ့ရဟတ်ယာဉ်တွေဟာ တိုက်ခိုက်ရေးယာဉ်တွေ မဟုတ်ကြောင်းနဲ့ အရေးပေါ် ကူညီကယ်ဆယ်ရေး ရ ဟတ်ယာဉ်သာဖြစ်ကြောင်း ဦးဇော်ဌေးက ဆိုပါတယ်။ ဒီအခြေအနေကိုထောက်ရင် အခုကိစ္စနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ အပြုအမူဟာ ရိုးသားမှုမရှိဘူးလို့ ဆိုနိုင်တယ်။ နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှု မြင့်လာအောင် မမှန်မကန် သတင်း ဖြန့်တဲ့သဘောဖြစ်တယ်။ သတိထားရမယ့်ကိစ္စဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ဟာ သဘာဝအခြေခံအရ သယံဇာတကြွယ်ဝတဲ့ ဒေသဖြစ်တယ်။ ချမ်းသာကြွယ်ဝပြီး မုချ ဖွံ့ဖြိုးတိုးတက် ချမ်းသာလာမယ့် ဒေသဖြစ်တယ်။ စစ်အစိုးရခေတ်အဆက်ဆက် စီမံအုပ်ချုပ်မှု ညံ့ခဲ့တာကြောင့်၊ မထောက်မညှာ ဝေဖန်ရရင် ပြည်နယ်လူထုအကျိုးထက် မိမိတို့ကိုယ်ကျိုးကို ရှေ့တန်းတင်ခဲ့ကြလို့ နှစ်ပေါင်း ၅ဝ ကြာပြီးနောက်မှာ ရခိုင် ပြည်နယ် ဖွံ့ဖြိုး တိုးတက်မှု မရှိရုံမက ဆင်းရဲမွဲတေ ခေတ်နောက်ကျ ကျန်ရစ်ခဲ့ရတယ်။ တရားခံဟာ စစ်အာဏာရှင်စနစ်လို့ ဆိုရမှာ ဖြစ်တယ်။ အာဏာရှင်ကြီးငယ်များစွာ ဆယ်သက်မျှ စားမကုန်အောင် ကြီးပွားချမ်းသာခဲ့ကြသော်လည်း ပြည်သူ လူထုမှာ စားစရာမရှိ နေစရာမရှိဖြစ်ခဲ့ကြရတယ်။ ရခိုင် လူငယ်လူရွယ်မှန်တွေ ထိုင်း၊ မလေးရှားအစရှိတဲ့  နိုင်ငံရပ်ခြားများ သို့ ထွက်ပြီး အလုပ်လုပ်ခဲ့ကြရတယ်။ ဒါကြောင့် အကြမ်းဖက် နယ်မြေလုယူလိုတဲ့ အဖွဲ့အစည်းတွေအတွက် အခွင့်သာစေ ခဲ့တယ်။ ပိုဆိုးစေတာက အာဏာရှင်စနစ်ရဲ့ မွေးရာပါ “အကျင့်ပျက်လာဘ်စားမှု” ကြီးထွားလာမှုကို  အခွင့်ကောင်း ယူကာ တဖက် နိုင်ငံသားများ ထောင်သောင်ချီ ခိုးဝင်ခွင့်ရရှိခဲ့ကြတယ်။

ဒါကြောင့် အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ နယ်မြေမှာ ရခိုင် တိုင်းရင်းသားက ၅ ရာခိုင်နှုန်းပင် မရှိတော့။ ခိုးဝင် ဘင်္ဂလီတို့က လူများစုဖြစ်လာခဲ့တယ်။ အဲဒီနောက် သမိုင်းအတုအလိမ် တခုဖန်တီးပြီး၊ နိုင်ငံတကာအထိ လိမ်လည် အကူအညီတောင်းခဲ့ တယ်။ စစ်အာဏာရှင်ခေတ်မှာ နိုင်ငံအတွင်း သတင်းစာ လွတ်လပ်ခွင့် ပိတ်ပင်ထားတာကြောင့်လည်း သမိုင်းလိမ်နေသူများ ဝါဒဖြန့်ချိဖို့အခွင့်သာခဲ့တယ်။ နိုင်ငံပိုင်သတင်းစာတွေက တန်ပြန်ချေပမှု မလုပ်နိုင်ခဲ့ကြဘူး။ မျက်စိပိတ် နားပိတ်ပြီး မသိကျိုး ကျွံ နေခဲ့ကြတယ်။ နှစ်ပေါင်း ၅ဝ ကျော်လာချိန်မှာ သမိုင်းအတုကို နိုင်ငံတကာမျက်နှာစာမှာ လွယ်လွယ်နှင့် ချေဖျက်မရ ဖြစ်ခဲ့တယ်။ အခုဆိုရင် သံတမန်ရေးထိုးစစ်နဲ့ မီဒီယာထိုးစစ်တွေနဲ့ စတင်ထိုးနှက်လာနေတာ တွေ့ရတယ်။ ဒါကြောင့် အာဏာရှင်တို့ချန်ရစ်ခဲ့တဲ့ ဆိုးမွေများအနက် ရခိုင်ကိစ္စဟာ လက်ရှိ NLD အစိုးရအတွက် အကြီးမားဆုံး စိန်ခေါ်မှုကြီး ဖြစ် လာနေတယ်။ ဒီမိုကရေစီလိုလားတဲ့ ပြည်သူလူထုအတွက်လည်း ကြီးမားတဲ့စမ်းသပ်မှု ဖြစ်တယ်။ ရခိုင် နိုင်ငံရေး အကျဉ်း အကျပ်ကိုအသုံးချပြီး လာမယ့် ၂ဝ၂ဝ ခုနှစ် ရွေးကောက်ပွဲမှာ အာဏာပြန်ရရေး အကွက်ချနေသူတွေလည်း ရှိနေတယ်။ ရခိုင်ကိစ္စကို မြန်မာပြည်သူလူထုအနေနဲ့ နိုးနိုးကြားကြား နိုင်ငံရေးသတိရှိကြဖို့လိုတယ်။ နိုင်ငံရေးမျက်စိမလည်ကြဖို့ အထူး သတိပြုကြမယ့် အချိန်ဖြစ်ပါတယ်။

Comments