မောင်ကျော်မော် - ရေဆန်လမ်းပေါ်မှ လေးစားမှုနဲ့ ကိုယ်ချင်းစာမှု




မောင်ကျော်မော် - ရေဆန်လမ်းပေါ်မှ လေးစားမှုနဲ့ ကိုယ်ချင်းစာမှု
မိုးမခ၊ ၊ စက်တင်ဘာ ၂၉ ၊ ၂၀၁၇ 



ပွင့်လင်းစွာဝန်ခံရမယ်ဆိုပါရင် ဒီစာအုပ်ကို ဖတ်တဲ့ရည်ရွယ်ချက်က “ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ဘာတွေသိရမလဲ” ဆိုတဲ့ စူးစမ်းစိတ်အဓိကနဲ့ဖတ်ခဲ့တာပါ။ နေအိမ်အကျယ်ချုပ်ကာလတွေကို ဘယ်လို ဖြတ်သန်းသွားခဲ့သလဲ၊ လင်ဆုံး-သားတကွဲ နာကျင် သောကတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်သွားသလဲ၊ ဒီပဲယင်းအကြမ်းဖက်မှုကနေ ဘယ်လို လွတ်မြောက်လာသလဲ၊ “ယက်တော - နာဂစ်” စတဲ့ မဖိတ်ခေါ်ပဲရောက်လာတဲ့ ပြဿနာတွေကို ဘယ်လို ရင်ဆိုင်ခဲ့သလဲ ၊ နေအိမ်အကျယ်ချုပ်ဘဝ တစ်နေ့တာကို ဘယ်လို ဖြတ်သန်းကုန်ဆုံးစေသလဲ စတဲ့ စတဲ့ အကြောင်းအရာတွေကို ကာလရှည် အနီးကပ်အတူနေထိုင်ခဲ့ဖူးသူ တစ်ဦးက ဘယ်လို ပုံဖော် တင်ပြထားသလဲ ဆိုတာကိုတွေကို သိချင်စိတ်က စောနေမိခဲ့ပါတယ်။

ဒါပေမယ့် ဒီစာအုပ်ထဲမှာ “ဘဝ”ကို ကျနော်သွားတွေ့ပါတယ်။ ကျနော်တွေ့တဲ့ ဘဝက စစ်အာဏာရှင်စနစ်ကို ဇွဲမလျှော့တမ်း ဆန့်ကျင်တဲ့ မိသားစုဘဝ၊ နိုင်ငံရေးပါတီတစ်ရပ်ထဲကို ခြေစုံပစ်ဝင်သွားတဲ့ ဘဝ၊ မိသားစုအရေးအရာတွေကို ဒုတိယနေရာထားပြီး နိုင်ငံရေးကို ပထမနေရာမှာထား ဖြတ်သန်းသွားတဲ့ မိသားစုဘဝကို သွားတွေ့တာဖြစ်ပါတယ်။ ဒီလို ဖြတ်သန်းသွားသူဟာ ကျနော်တို့ သမရိုးကျတွေ့မြင်နေကြရသလို အမျိုးသားတစ်ဦးမဟုတ်ဘဲ။ အမျိုးသမီးတစ်ဦး၊ ကျောင်းဆရာမတစ်ဦး၊ မိခင်တဦးဖြစ်နေတာပါပဲ။

အဲဒီဘဝထဲမှာ စွန့်လွှတ်အနာခံမှု၊ ရိုင်းပင်းကူညီမှု၊ ကြင်နာမှု၊ စာနာထောက်ထားမှု၊ အနစ်နာခံမှု၊ အပြန်အလှန်နွေးထွေး ဖေးမမှု၊ နာကျင်ကြေကွဲမှု၊ ထိပ်လန့်တုန်လှုပ်မှုနဲ့ ရဲရင့်ပြတ်သားမှု၊ လင်နဲ့မယား၊ မိဘနဲ့သားသမီး၊ လုပ်ဖော်ကိုင်ဖက် အချင်းချင်း အကြား က ချစ်ခြင်းမေတ္တာတရား စတဲ့စတဲ့ လူသားဆန်တဲ့ဘဝကို တွေ့ရတာပါ။ ဒါဟာ အမှောင်ထဲမှာတွေ့ရတဲ့ အလင်းရောင်တွေ၊ သဲကန္တရ ခရီးကြမ်းထဲမှာ ဖြတ်သန်းနေရင်းတွေ့ရတဲ့ အိုအေစစ်တွေပါလို့ ပြောရင်ရမယ်လို့ ထင်ပါတယ်။

တပြိုင်နက်ထဲမှာ အမှောင်ဘက်ခြမ်းဖြစ်တဲ့ (နဝတ-နအဖ) စစ်အစိုးရရဲ့ လူမဆန်မှု၊ တိုက်ရိုက်သွယ်ဝိုက်ဖိနှိပ်ခြိမ်းခြောက်မှု မျိုးစုံ၊ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာဒုက္ခပေးမှုမျိုးစုံ၊ ဆွေမျိုးသားချင်းပစ်ပယ်စိမ်းကားမှု၊ အထင်သေးအမြင်သေးမှု စတဲ့ အတားအဆီးတွေ၊ ဝင်္ကဘာတွေ၊ ဆူးညှောင့်ခလုပ်တွေကိုလည်း စာမျက်နှာ ၃၂၀ ကျော်ရှိတဲ့ ဒီစာအုပ်ထဲမှာ တစ်မျက်နှာပြီး တစ်မျက်နှာ၊ တစ်ခန်းပြီး တစ်ခန်း ဖတ်လိုက်ရပါတယ်။

တကယ်တော့ “ရေဆန်လမ်းမှ အိမ်အပြန်” ဟာ (ဒေါ်) ခင်ခင်ဝင်းမိသားစုတစ်ခုထဲရဲ့ ပုဂ္ဂလိကဘဝ ဖော်ပြချက် သက်သက်မျှ မကပါဘူး။ စစ်အာဏာရှင်စနစ်ကို စက်ဆုတ်ရွံရှာမုန်းတီးပြီး စစ်မှန်တဲ့ပါတီစုံ ဒီမိုကရေစီစနစ်ကို သည်းလှိုက်အူလှိုက်လိုလားကြတဲ့၊ နိုင်ငံရေးမှာ၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးမှာ ဘဝစုံ၊ ခြေစုံပစ်ပြီး လက်တွေ့ပါဝင် လှုပ်ရှားကြတဲ့ မိသားစုဘဝတိုင်းရဲ့ ဘုံတူညီချက် လက္ခဏလည်း ဖြစ်ပါတယ်။

မှောင်မိုက်ပြီး ခါးသီးလှတဲ့ အတွေ့အကြုံတွေဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့လမ်းပေါ်မှာ ကိုယ်ပိုင်ယုံကြည်ချက်၊ ခံ ယူချက်ကိုယ်စီနဲ့လျှောက်လှမ်းကြသူတိုင်း ဘယ်သူမှဘယ်လိုမှ ရှောင်လွဲလို့မရနိုင်တဲ့ မလွဲမသွေကြုံတွေ့ရမယ့် အနှောင့်အယှက်အတား အဆီးတွေနဲ့ စိန်ခေါ်မှုတွေလည်း ဖြစ်ပါတယ်။

ဒီနေရာမှာ ဖောက်ပြန်တဲ့အုပ်စိုးသူတွေရဲ့လော့ဂျစ်က သူတို့အုပ်စိုးမှုကို ပြတ်ပြတ်သားသားပီပီပြင်ပြင်ဆန့်ကျင် တော်လှန်သူ မှန်သမျှကို နိုင်ငံရေးဘဝ၊ စီးပွားရေးဘဝ၊ လူမှုရေးဘဝပါ မကျန်၊ စိတ်ရောကိုယ်ရော အလုံးစုံပျက်ပြားသွားအောင် လူမဆန်တဲ့နည်းတွေ နဲ့ ဖိနှိပ်ဖျက်ဆီးတတ်တဲ့ အချက်ပဲဖြစ်ပါတယ်။

တကယ်တော့ ကျောင်းအုပ်ဆရာကြီးနဲ့ကျောင်းဆရာမ မိသားစုဆိုတာ အနာဂတ်ကို ပိုပြီးသာယာလှပအောင်၊ မျိုးဆက်သစ် တွေကို ပညာနဲ့ယဉ်ကျေးမှု ကောင်းမွေကို (မကောင်းမြစ်တား၊ ကောင်းရာညွန်လတ်၊အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ) လက်ဆင့်ကမ်းပေး တဲ့ အသက်မွေးမှုနဲ့ဘဝကို ရှင်သန်ဖြတ်သန်းကြတဲ့ မိသားစုမဟုတ်ပါလား။ ကျောင်းဆရာ/ဆရာမ ဆိုတာ မြန်မာ့လူမှုအသိုင်းအဝိုင်းက လေးစားတန်ဖိုးထားတဲ့ အသက်မွေးမှုတွေထဲက တစ်ခုပဲ မဟုတ်ပါလား။ “အာစရိယ ဂုဏော အနန္တော” လို့ ရွတ်ဆိုကြတယ် မဟုတ်ပါ လား။

ဒီလိုအေးချမ်းတဲ့ မိသားစုဘဝတစ်ခုကို “နိုင်ငံရေးယုံကြည်ချက်အကြောင်းခံကြောင့်” စစ်အာဏာရှင်အုပ်စိုးသူများက လူမဆန် တဲ့နည်းတွေနဲ့၊ အညှိုးအာဃာတပြင်းပြစွာနဲ့ ဘယ်လိုနှောင့်ယှက်ဖျက်ဆီးပစ်ခဲ့သလဲဆိုတာကို ဒီစာအုပ်ထဲမှာ ဖတ်ရမှာဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဒုက္ခမျိုးစုံကို အကွက်ချဖန်တီးပြီး ယုတ်မာခဲ့ကြပုံမျိုးစုံကို ဒီစာအုပ်ထဲမှာ အထင်အရှားတွေ့ရမှာ ဖြစ်ပါ တယ်။ တပြိုင်နက်ထဲမှာ ခိုင်မာပြီးတည်ကြည်နွေးထွေးတဲ့ ရဲဘော်ရဲဘက်ကူညီရိုင်းပင်းမှုကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

ဒါကြောင့် “တော်လှန်ရေးနဲ့နိုင်ငံရေးကို ကလေးကစားသလို မလုပ်ဖို့၊ အပျော်တမ်းဆန်ဆန်မလုပ်ဖို့” သတိ၊ ပညာပေးခဲ့ကြ တာပါ။ ဒီသတိပေးချက်နဲ့ ဒီအမှန်တရားကို “ရေဆန်လမ်းမှ အိမ်အပြန်” စာအုပ်က သူ့နည်းသူဟန်နဲ့ သက်သေခံနေပါတယ်။


ဒီစာအုပ်ကိုဖတ်ပြီးတဲ့နောက် ကျနော်ရရှိလိုက်တဲ့အရာဟာ “လေးစားမှုနဲ့ကိုယ်ချင်းစာမှု” ဆိုတဲ့ အရာဖြစ်ပါတယ်။ ရိုးရှင်း လွယ်ကူတဲ့ မေးခွန်းက “ ခင်ဗျားဖြစ်ဖြစ် ကျနော်ဖြစ်ဖြစ် ဘဝကို သူ့လို ရင်ဆိုင်ဖြတ်သန်းနိုင်ပါ့မလား” ဆိုတဲ့ အချက်ပါ။ ဒီမေးခွန်းကို ကိုယ့်ကိုယ်ကိုယ် တိတ်တိတ်မေးကြည့်ဖို့ပါ။

ဒါ့ပြင်အောက်ပါအချက် ၃ ချက်လည်း ဒီစာအုပ်ထဲကနေ ကျနော့် တစ်ဦးချင်း သင်ခန်းစာ သဘောထုတ်ယူရရှိလိုက်ပါတယ်။

၁။ မိမိနဲ့ ဘဝအမြင်ချင်း၊ ယုံကြည်ချက်ချင်း ဘယ်လိုပင် ကွဲပြားခြားနားနေပါစေ၊ စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်သူတိုင်းအပေါ် မြင့်မြင့်မားမား လေးစားတန်ဖိုးထားရမယ်။

၂။ သူတို့ဆီကနေ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လုပ်နည်းလုပ်ဟန်တွေကို လေ့လာဆည်းပူးယူရမယ်။

၃။ သူတို့နဲ့ အခိုင်အမာသွေးစည်းညီညွတ်ပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရေးကို အပြတ်သားဆုံးလုပ်ရမယ်။

(ဒေါ်)ခင်ခင်ဝင်းကတော့ သူ့ဇရာ သူ့ဝေဒနာတွေနဲ့ သူဆန်ခဲ့သောလမ်းကနေ အိမ်ပြန်သွားပါပြီ၊ ဒီလိုပြန်သွားပေမယ့် သူစွမ်းရာ၊ သူနိုင်ရာကနေ ဆက်လက်ပြီး သူပါဝင်နေအုံးမှာပါလို့ သူ့စာအုပ်အဆုံးပိုင်းနားမှာရေးထားပါတယ်။ ဟုတ်ပါတယ်။

စစ်အာဏာရှင်စနစ် မကုန်စင်သေးပါဘူး။ ၂၀၀၈ အခြေခံဥပဒေနဲ့အသက်ဆက်မြဲနေပါသေးတယ်။

ဒီအတွက်သွေးစည်းညီညွတ်ရေးဟာလိုအပ်မြဲလိုအပ်နေပါတယ်။ သွေးစည်းညီညွတ်မှုဆိုတာ စနစ်ဟောင်း၊ ခေတ်ဟောင်းကို တိုက်ဖျက်ဖြိုချတဲ့နေရာမှာတင်မကပါဘူး၊ စနစ်သစ်၊ ခေတ်သစ်တည်ဆောက်တဲ့နေရာမှာလည်း သွေးစည်းညီညွတ်မှုဟာာ မရှိမဖြစ် လိုအပ်ပါတယ်။ သွေးစည်းညီညွတ်တည်ဆောက်တဲ့နေရာမှာ ဘုံလုပ်ငန်းစဉ်ရှိဖို့လိုအပ်သလို အပြန်အလှန်လေးစားမှုနဲ့ ကိုယ်ချင်းစာမှု ဆိုတာလည်း လိုအပ်ပါတယ်။

“ရေဆန်လမ်းမှ အိမ်အပြန်” ထဲမှာ ကျနော် အသေချာရှာဖွေတွေ့ရှိခဲ့တာဟာ “ လေးစားမှုနဲ့ကိုယ်ချင်းစာမှု” ဖြစ်ပါတယ်။


ရိုသေစွာဖြင့်

မောင်ကျော်မော်
၂၈ စက်တင်ဘာ


“ရေဆန်လမ်းမှ အိမ်အပြန်” - ခင်ခင်ဝင်း
၂၀၁၆၊ ဒီဇင်ဘာ (ပထမအကြိမ်)
ဓူဝံစာပေ

Comments