မင်းကိုနိုင် ● ဆင်စွယ်အပြည့်နဲ့ ပင်လယ်

 မင်းကိုနိုင် ● ဆင်စွယ်အပြည့်နဲ့ ပင်လယ်
(မိုးမခ) စက်တင်ဘာ ၁၉၊ ၂၀၁၇

တာလွှတ်ဒိုင် သေနတ်မဖောက်ခင်
ကြိုပြေးပြီး ရှေ့ဆုံးက၊ လူလုံးပြတယ်
မသမာမှုက မသမာမှုပဲ

အမှန်တရားရဲ့အင်္ကျီကို မတော်မတည့်ယူဝတ်ပြီး
အရပ်တကာ ဇတ်နာပြတယ်
မုသားက မုသားပဲ

မှန်သားပြင်တွန့်ခေါက်မှာ
ကြောက်စရာပုံရိပ် ထင်ချင်ထင်မယ်
(အရှိတရားမှာ)
နတ်မိမယ်က နတ်မိမယ်ပဲ

ကောင်းကင်ပြည့်ဘယ်လောက်ရွာရွာ
မိုးခါးရေမသောက်တော့ ပင်လယ်ရေ အမြဲငံတယ်

တရားစီရင်ဖို့ ဘယ်လောက်ကြာကြာ
ပိုးစားမှာမကြောက်တဲ့၊ ဆင်စွယ်မှန်သက်သေခံတယ်

စိမ်ခေါ်သံကို
အမှန်တရားကပြန်ထူးလိုက်ရဲ့
"ဆင်စွယ်အပြည့်၊ ပင်လယ်ဟေ့" တဲ့။။

မင်းကိုနိုင်

(ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးဖော်ပြသည်။)

Comments