ဆောင်းယွန်းလ ● ဒီလိုပဲ… ဖြစ်လေရာဘဝထဲမှာ


ဆောင်းယွန်းလ ● ဒီလိုပဲ… ဖြစ်လေရာဘဝထဲမှာ
(မိုးမခ) စက်တင်ဘာ ၁၈၊ ၂၀၁၇

တုန်နေ မှုန်နေလို့
အမြင်အာရုံမှာ
လူလား ခွေးလား မကွဲပြားတော့
မျက်မှန်တပ်ထားလည်း
အမြင်အာရုံဟာ မသဲကွဲ

အခုအထိပဲ
မင်းနဲ့ငါဟာ ညီအကို မသိတသိ
အရုဏ်လိုလို ဆည်းဆာလိုလို
ဘာလိုလို ညာလိုလို
အပိုတွေပါလို့ ပြောဖို့ကျတော့လည်း
အရာရာတိုင်းက လိုအပ်နေတာချည့်ပဲ

အသံဟာ အသံလိုထွက်လာတဲ့အခါ
သံရှည် သံတို အလိုလိုကွဲပြားသွားတယ်
သံတိုသံစတွေကို အရည်ကြိုတဲ့အခါ
သွေးထွက်သံယို အမှုအခင်းတွေနဲ့
လူသတ်လက်နက်တွေဟာ မှန်မှန်ကြီးထွားလာ

လူလုံးပြစရာ ခန္ဓာကိုယ်ဟာ ကြုံလှီလို့
စားဖို့မရှိလည်း လျော်ဖို့စုဆောင်းထားရစမြဲ
နဲနဲပါးပါး ပဲများနေလိုက်ရင် ငတ်မယ်သာပြင်
ပြင်ဆင်ထားခဲ့သမျှဟာ သဲထဲရေတစက်ကျဖို့မျှသာ
အရသာရှိရှိ မြည်းစမ်းကြည့်စရာ
အနာဂတ်လည်းမရှိပါ
အတိတ်ဟာ
အထိမ်းအမှတ်အခင်းအကျင်းတွေထဲမှာ သေဆုံးမြဲ
ပစ္စုပ္ပန်မှာတော့
မွေးရာပါ ဝဲကိုသွေးထွက်အောင်ကုက်ဖဲ့နေရ
တမြေ့မြေ့နဲ့ ကျွမ်းလောင်သွားမှာ
ဒီလိုပဲ… ဖြစ်လေရာဘဝထဲမှာ။

ဆောင်းယွန်းလ
(စက်တင်ဘာ ၁၇ ရက်၊ ၂၀၁၇)

Comments