တူမောင်ညို ● “မောင်တော” ဗိုင်းရပ်စ်

တူမောင်ညို ● “မောင်တော”  ဗိုင်းရပ်စ်
(မိုးမခ) စက်တင်ဘာ ၁၈၊ ၂၀၁၇


ဒီလိုစဉ်းစားကြည့်မိတယ်။
အကယ်၍ မောင်တောမြို့ကျသွားတော့ရော ဘာဖြစ်သေးသလဲ။ ဘာမှမဖြစ်ပါဘူး။ တိုက်သိမ်းအောင် တမင်တကာ ဟပေး လိုက်ရမှာပါ။ တကယ်ဝင်သိမ်းပြီးပြီဆိုတော့မှ ကျူးကျော်သူကို တပြည်လုံး အုံကြွပြီး တော်လှန်ကြတာပေါ့ မကောင်းဘူးလား။

 ဒါမှနိုင်ငံတကာရော ပြည်တွင်းမှာပါ “အကြမ်းဖက်ရန်စကျူးကျော်သူနဲ့ ကျူးကျော်ခံရသူတို့ရဲ့တိုက်ပွဲ”ဟာ ပြတ်သားရှင်းလင်း သွားမယ်မဟုတ်လား။ ဒါမှ ပြည်တွင်းရောနိုင်ငံတကာမှာပါ ဘယ်သူဘယ်ဘက်က ရပ်မလဲဆိုတဲ့ ရန်/ငါစည်းလည်း ပြတ်သားရှင်းလင်း သွားမယ်။ ဒါ့အပြင် ဒီအချက်တွေလည်း ပေါ်လွင်ထင်ရှားလာမယ်။

- အကြမ်းဖက်ကျူးကျော်သူ၊ သူ့နောက်ကွယ်က အားပေးအားမြှောက်လုပ်နေတဲ့ “ဆရာကြီး”၊ သူတို့လူအင်အား၊ ဓနအင် အား၊ သူတို့ မဟာမိတ်စုဖွဲ့မှု၊

- ကုလသမဂ္ဂအပါအဝင်၊ ကမ္ဘာ့နိုင်ငံတွေ၊ အိမ်နီးချင်းနိုင်ငံတွေရဲ့သဘောထား

- ပြည်တွင်းစစ်၊ လူထုဆန္ဒပြပွဲနဲ့ ကျောင်းသားသပိတ်တို့မှာ သေနတ်စွမ်းပြနေခဲ့တဲ့ “တပ်မတော်ကြီး” ရဲ့ အစွမ်းအစကို လက်တွေ့ မျက်တွေ့မြင်ကြရမယ်။

- “အမျိုးဘာသာ” လို့ လက်သီးလက်မောင်းတန်းနေတဲ့၊ “အနောက်တံခါးအရေးတော်ပုံ” အတွက် အရိုးနဲ့စည်းရိုးထိုးမယ် တကဲကဲလုပ်နေတဲ့  “မျိုးချစ်” (သင်္ကန်းဝတ်/ လူ) တွေရဲ့  သူရသတ္တိကို ပီပီပြင်ပြင်မြင်ကြရနိုင်မယ် မဟုတ်ပါလား။

ဒါတွေကြောင့်  “မောင်တောမြို့ကို ယာယီအကျခံကြည့်ပါ” လို့ အကြံပြုလိုက်တာပါ။

 ဒီလိုအကျခံလိုက်တာကြောင့် အထက်မှာတင်ပြခဲ့တဲ့ အဖွဲ့အစည်းအတွေ၊ လူပုဂ္ဂိုလ်တွေရဲ့ သဘောထားနဲ့ရပ်တည်လှုပ်ရှားမှု တွေ အထင်အရှားမြင်ရမှာပါ။ ပြည်သူတွေအနေနဲ့ အားကိုးထိုက်တယ်/ အားမကိုးထိုက်ဘူးဆိုတာကိုလည်း အကဲခပ်လို့ ရတာပေါ့။

 ဘောလုံး စကားနဲ့ပြောရရင် ကိုယ့်အိမ်ကွင်းထဲမှာ ကိုယ့်အသင်းသားတွေရဲ့ခြေစွမ်းခြေစကို မြင်ရတာပေါ့။

 ဒါကြောင့် မောင်တောက ပြည်သူတွေကို ဘေးလွတ်ရာပို့ပြီး “အကြမ်းဖက်အုပ်စု (ARSA)” လက်ထဲ ယာယီအကျခံဖို့ အကြံ ပေးရတာပါ။ “မောင်တောအိမ်ကွင်း” မှာ ဘယ်လိုများ ခြေစွမ်းခြေစပြကြမလဲဆိုတာ ကြည့်ချင်ပါတယ်။ (ဒီအကြံပေးချက်ကို တချို့က ဒေါသတွေ ဟန်ဆောင်ပန်ဆောင် ထွက်ပြချင်လည်း ပြပါလိမ့်မယ်။ ကိစ္စမရှိပါဘူး)

“လက်လုပ်ဗုံး၊ လုပ်သေနတ်၊ တုတ်၊ ဓား၊ လှံ၊ မှိန်းတွေနဲ့ တက်လာတဲ့ အကြမ်းဖက်သမားလူအုပ်” ကို တပ်မတော်နေ့မှာ ပြ တတ်တဲ့ လက်နက်ကြီးတွေနဲ့ စနစ်တကျလေ့ကျင့်စုဖွဲ့တည်းဆောက်ထားတယ်ဆိုတဲ့ “တပ်မတော်ကြီး” က ဘယ်လိုဗျူဟာ ကျကျ ရွပ်ရွပ်ချွံချွံ တိုက်ထုတ်ပစ်မလဲဆိုတာ ကြည့်ချင်ပါတယ်။ အာဏာသိမ်းတဲ့အခါနဲ့ တပ်မတော်နေ့မှာဖွင့်တတ်တဲ့ “စစ် သီချင်းတွေ” ဖွင့်ပြီး အားပေးချင်ပါတယ်။

၂၁ ရာစုမှာ ဘယ်နယ်ချဲ့သမားကမှ သူတို့လိုချင်တဲ့နယ်မြေကို တိုက်သိမ်းတဲ့အလုပ်ကို မလုပ်တော့ဘူး။ သူတို့သြဇာညောင်း မယ့်၊ သူတို့သြဇာခံမယ့်အုပ်စိုးသူကို ကျားကန်ပေးပြီး အဲဒီနယ်မြေကနေ ရေရှည် အဆီအနှစ်စုတ်ယူ၊ ထုတ်ယူဖို့ပဲ စိတ်ဝင် စားတယ်။ အဲဒီဒေသတည်ငြိမ်းအေးချမ်းနေဖို့ သူတို့လိုလားတယ်။ ဒါမှ သူတို့အကျိုးစီးပွားအစုံ (လုပ်အား + သယံဇာတ + ပထဝီ ဒေသအချက်အချာ အကျိုးစီးပွား) ကို ရေရှည်ထုတ်ယူနိုင်ထိန်းသိမ်းထားနိုင်မယ်မဟုတ်ပါလား။ ဒီနည်းနဲ့ ၂၁ ရာစုမှာ နိုင်ငံကြီးတွေက သွေးစုပ်နေတာ မဟုတ်လား။ သူတို့လိုချင်တာ တည်ငြိမ်တဲ့ပတ်ဝန်းကျင်ပဲ။ တည်ငြိမ်တဲ့ ပတ်ဝန်းကျင်ရှိမှသာ တည်ငြိမ်တဲ့အကျိုးစီးပွားကို ညှစ်ထုတ်ယူ နိုင်မှာဖြစ်ပါတယ်။

ဒီတော့ အခုကမ္ဘာမှာ တည်ငြိမ်မှုကို အားလုံးကို ကိုယ်စီအကျိုးစီးပွားနောက်ခံနဲ့ လိုလားနေကြတယ်။ မျှော်မှန်းပြီးပါဝင်ကြိုးပမ်း နေကြတယ်ဆိုတာကို “မြန်မာ့ငြိမ်းချမ်းရေး” မှာ အစဉ်တစိုက်၊ စိတ်ဝင်တစားပါဝင်နေတဲ့နိုင်ငံတွေကိုကြည့်လိုက်ရင်ပဲ အ လွယ်တကူမြင်နိုင်ပါတယ်။ အိမ်နီးနားချင်းတွေလည်းပါတယ်။ ဒေသတွင်းကလည်းပါတယ်၊ ဟိုးအဝေးကလည်းပါဝင်နေ တယ်မဟုတ်ပါလား။

နောက်တစ်ခုက ကမ္ဘာမှာ နာမည်ဆိုးနဲ့ထင်ရှားနေတဲ့ အကြမ်းဖက်သမားတွေကိုကြည့်တဲ့အခါ၊ အာဏာရှင်ဆိုတဲ့နိုင်ငံတွေကို ကြည့်တဲ့အခါ [“စစ်အစိုးရအဆက်ဆက်” က စိတ်ဆိုးနေစဉ်မှာ  ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နှောင့်ယှက်တဲ့] “အ နောက်အုပ်စု နိုင်ငံကြီး တစ်နိုင်ငံ” လို့ခေါ်တတ်တဲ့  အမေရိကန်အုပ်စိုးသူများနဲ့ မကင်းနိုင်တဲ့အချက်ပါပဲ။

တာလီဘန်တို့၊ အယ်လ်ခိုက်ဒါတို့ဆိုတာ “စီအိုင်အေ” ကမွေးထုတ်ခဲ့တဲ့ သရဲတွေဖြစ်ပါတယ်။ ထိုနည်းတူ ငိုဒင်ဇင်း၊ ပတ်ချုံ ဟီး၊ လုံနိုး၊ မားကိုးစ်၊ ဘာတစ္စတာ၊ ဆက်ဒန်ဟူစိန်၊ ကဒါဖီ၊ ဗိုလ်နေဝင်း စတဲ့ အာဏာရှင်တွေ အမေရိကန်အုပ်စိုးသူတွေဟာ နည်းလမ်းပေါင်းစုံနဲ့ အားပေးမြှောက်စားပေါင်းဖော်ခဲ့ကြတာပဲ မဟုတ်ပါလား။ အဲဒီထဲက တချို့ဟာအမေရိကန်အုပ်စိုးသူတွေရဲ့ တကယ့်လက်ရင်းတပည့်ကျော်တွေ။

“ဆိုရှယ်လိမ်”  ဗိုလ်နေဝင်းကို တလျှောက်လုံးထောက်ခံပံ့ပိုးပေးခဲ့ပြီး၊ ၁၉၈၈ ဒီမိုကရေစီအရေးခင်းကြီးဖြစ်လာတော့မှသာ “လူ့အခွင့်အရေးချိုးဖောက်သူ” လို့ အမေရိကန်အစိုးရက ကောက်ခါငင်ကာတွေ့မြင်ပြောင်းလဲသွားတာကလည်း တကယ့် အံ့ဖွယ်သုတပါ။

အခုတော့ စီအိုင်အေနဲ့ အမေရိကန်အုပ်စိုးသူတွေမွေးခဲ့ကြတဲ့ သရဲတွေဟာ တစ္ဆေဖြစ်လာပြီး ဆရာကို အာခံ၊ အံတုလာတာပါ။ ကိုယ့်ရှူးကိုယ်ပတ်နေတာပါ။ ကိုယ်မွေးတဲ့ သရဲမနိုင်တော့တဲ့ အောက်လမ်းဆရာလိုဖြစ်နေတာပါ။ တကယ်တော့ ကမ္ဘာမှာ ပေါ်ပေါက်နေတဲ့ “ဒုက္ခသည်ပြဿနာ” ဟာ  အမေရိကန်တွေရဲ့ အာဏာရှင်ဖြုတ်ချရေးစစ်ပွဲ၊ အကြမ်းဖက်သမား ဆန့်ကျင် ရေးစစ်ပွဲတွေထဲကနေ အမြောက်အများ မွေးဖွားပေါက်ဖွားလာနေတာပါ။

“ဒုက္ခသည်” ပမာဏအနည်းအကျင်းလောက်သာ နာမည်ကောင်းရရုံလက်ခံပြီး ဒုက္ခသည်ပြဿနာကို ခေါင်းရှောင်နေတာ အမေရိကန်ပါပဲ။ ဒါကြောင့် “အကြမ်းဖက်သမား၊ အာဏာရှင်နဲ့ဒုက္ခသည်တွေ” ကို ဖန်တီးမွေးထုတ်တဲ့ လက်သည်တရားခံ အစစ်အမှန်ဟာ အမေရိကန်အုပ်စိုးသူ အဆက်ဆက်ပါပဲ။

ကမ္ဘာနဲ့အဝှန်းမှာ “စစ်မက်ဘေးအန္တရာယ်နဲ့ ဒုက္ခသည်ပြဿနာတွေ” ကို အမေရိကန်အုပ်စိုးသူတွေက အတောမသတ် ပုံဖော်ဖန်တီးနေသလိုပါပဲ။ ပြည်တွင်းမှာလည်း ဆင်းရဲမွဲတေမှုနဲ့ စစ်ပြေးစစ်ရှောင်ဒုက္ခသည်တွေ စတဲ့ စစ်ဘေးအနိဋ္ဌာရုံ တွေရဲ့ မူလပထမလက်သည်ဟာ စစ်အစိုးရအုပ်စိုးသူအဆက်ဆက်ပဲဖြစ်နေပါတယ်။

မောင်တောကိစ္စကိုပြန်ဆက်ရအောင်ပါ။ ဒီဒေသဟာ စစ်အစိုးရအဆက်ဆက်အုပ်စိုးခဲ့စဉ်မှာ ဒီလိုရေးကြီးခွင်ကျယ် ပြဿနာ မပေါ်ဖူးပါဘူး။ အခုမှ ဗြုန်းစားကြီးပေါ်လာနေတာကလည်း တကယ့်ကို မသင်္ကာစရာပါ။ မင်းသားကြီးမလုပ်ရတော့မှ ပတ် မကြီးကို ထိုးဖောက်ရုံတင်မကဘူး၊ ဇာတ်စင်ရော၊ ရွာကိုပါ မီးနဲ့တိုက်ပစ်နေကြတာပါ။

အဝေးကြီးအထိမကြည့်ပါနဲ့။ ဗိုလ်(ဦး)သိန်းစိန်တို့ ရွေးကောက်ခံအစိုးရပေါ်လာတဲ့အထိ မောင်တောဒေသမှာ  “ဘင်ဂါလီ/ ရိုဟင်ဂျာတွေ” ကို  “ဝှိုက်ကဒ်” တွေ ဖောဖောသီသီထုတ်ပေးပြီး (ကြံ့ဖွံ့ပါတီ) ကို မဲထည့်စေခဲတဲ့အချိန်အထိ အေးအေးချမ်းချမ်း ပဲ မဟုတ်ပါလား။ အခုမှ “မောင်တော” ဆိုတဲ့ ရေနွေးအိုးဟာ ထူးထူးခြားခြားဆူပွက်လာတာဟာ သိပ်ကိုထူးဆန်းပါတယ်။

ရွေးကောက်ပွဲအနိုင်ရထားတဲ့ ဒီချုပ်ပါတီအစိုးရကို “၂၀၀၈ အခြေခံဥပဒေ” နှောင်ကြိုးကြီးတစ်ခုထဲနဲ့ ထူးခတ်ထားရတာ စစ်အုပ်စုဘက်ကကြည့်ရရင် ရတက်မအေးစရာပါ။ သမ္မတမဖြစ်နိုင်အောင် အကွက်ချစီမံထားပေမယ့်၊ ဒီချုပ်အစိုးရအာဏာ ရပြီး ပထမရက်သတ္တပတ်အတွင်း လွှတ်တော်ကနေ “အတိုင်ပင်ခံဥပဒေ” ထုတ်ပြန်အတည်ပြုသွားတဲ့အချက်ကလည်း စစ် အုပ်စုအဖို့ အရှိုက်အထိုးခံလိုက်ရသလို ခံရခက်လှပါဘိတယ်။

ဒါကြောင့် “အခြေခံဥပဒေ၊ တည်ဆဲဥပဒေ” ဆိုတာတွေနဲ့တင်မလုံလောက်ပဲ။ ဥပဒေပမှာ မြေပြင်ကွင်းမှာ ပြဿနာတွေမျိုးစုံ ဖန်တီးရမယ်။ ဒီလိုဖန်တီးဖို့မှာ “လူမျိုးရေးဘာသာရေး” လှုံ့ဆော်ဖို့အတွက် အကွက်အကွင်းကျတဲ့နေရာဟာ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသဟာ ကံဆိုးမိုးမှောင်ကျစွာနဲ့ သူတို့ရဲ့ အဓိကပစ်မှတ်ဖြစ်သွားပုံရပါတယ်။

အခုတော့ ဦးသိန်းစိန်လက်ထက်မှာ ပြဋ္ဌာန်းထားတဲ့ “အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ” နဲ့ (ARSA) ကို အကြမ်းဖက်အုပ်စု လို့ ကြေညာနိုင်ခဲ့ပြီ။ ကုလသမဂ္ဂ၊ အမေရိကန်သံရုံး၊ ယူကေသံရုံး၊  အီတလီသံရုံးတွေကလည်း အကြမ်းဖက်အုပ်စုကို ဆန့် ကျင်ကန့်ကွက်နေကြပြီ။ ဒီလိုအကြမ်းဖက်သမားတွေနဲ့ပတ်သက်ပြီး ပြည်တွင်းပြည်ပမီဒီယာတွေရဲ့ရေးသားမှုကိုလည်း အ ကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ဟန့်တား ခြိမ်းခြောက်ထားနိုင်ပြီ။ မောင်တောကို စစ်တပ်တွေလည်း အလုံးအရင်း ပို့ထား ပြီးပြီ။

သတင်းစာတွေမှာ ဖော်ပြနေတဲ့ အယ်ဒီတာ့အာဘော်၊ ဆောင်းပါးအာဘော်တွေအရ ဆိုရင် “မောင်တော” ကို  မလေးရှားနဲ့ ထိစပ်နေတဲ့ ထိုင်းနိုင်ငံတောင်းပိုင်းက “ပတ္တာနီ၊ ယာလနဲ့ နရသီဝတ်တို့” နဲ့ အတင်းဆက်စပ်ပေးနေသလို၊ ဖိလစ်ပိုင်နိုင်ငံ မင်ဒါနာအို ကျွန်းက “မာရာဝီမြို့” အနေအထားနဲ့လည်း ဇွတ်ကို ဘဝချင်းတူပြနေပါတယ်။

ကြေးမုံသတင်းစာဆောင်းပါးမှာ “မောင်တောကိစ္စ” ကို “သာမန်အကြမ်းဖက်တိုက်ခိုက်မှုမဟုတ် နယ်မြေတစ်ခု လက်ရသိမ်း ပိုက်ပြီး ကိုယ်ပိုင်နယ်မြေအဖြစ် ကမ္ဘာသိကြေညာရေး” ထိ မြှင့်တင်သုံးသပ် နှပ်ကြောင်းပေးထားတာတွေ့ရပါတယ်။ ဒီတော့ ပြဿနာဟာ ကြီးကျယ်မယ်၊ ရှည်လျားမယ်၊ ကြာမယ်ဆိုတဲ့ သဘောပေါ်နေပါတယ်။ ဒီတော့ “တပ်မတော်ရဲ့လိုအပ်မှု” ကလည်း ကြီးမားမယ်၊ ကျယ်ပြန့်မယ်ဆိုတဲ့သဘောပေါ့။ အကြမ်းဖက်အုပ်စု (ARSA) ကို တိုက်ခိုက်မယ့် အကြမ်းဖက် စစ်ဆင်ရေးစစ်ပွဲဟာ ကြာမယ်ပေါ့။

မောင်တောဟာ သွေးမတိတ်တဲ့ “ရခိုင်ဂါဇာဒေသ” ဖြစ်လာတော့မယ်ပေါ့။

ဒါကြောင့် “တုတ်၊ ဓား၊ လှံ၊ မှိန်း၊ လက်လုပ်ဗုံး၊ လုပ်သေနတ်တွေ”ကိုင်ထားတဲ့ အကြမ်းသမား (ARSA) လက်ထဲ “မောင်တော” ကို “ယာယီ” အားဖြင့် အကျဆုံးခံလိုက်ဖို့ အကြံပေးတာပါ။ ဒါဟာ ရန်သူအကြမ်းဖက်သမားကို ကိုယ့်သတ်ကွင်းထဲ ဆွဲ သွင်းပြီး အပိုင်ချေ မှုန်းနိုင်ဖို့ မြှူလိုက်တဲ့ ဗျူဟာလည်းဖြစ်ပါတယ်။ အချိန်တိုတိုနဲ့ တိုက်ပွဲပြတ်နိုင်မယ့် ဗျူဟာလည်းဖြစ်ပါ တယ်။

နိဂုံးချပ် သတိပေး မေတ္တာရပ်ခံချင်တာကတော့ တစ်ချက်ထဲပါ။

အပြစ်မဲ့ ရခိုင်ပြည်သူများ၊ (အောက်ခြေစစ်သားနဲ့ ရဲပါအဝင်) ဝန်ထမ်းများ၊ အဝင်အလာများရဲ့ အသက်သွေးတွေကို မိုက် မိုက် ကန်းကန်း၊ အမြင်တိုတိုနဲ့ စတေးပစ်ပြီး ဒီချုပ်ပါတီအစိုးရအပေါ် ရေရှည်နိုင်ငံရေးနိုင်ဖဲကိုင်ထားနိုင်ဖို့ တိုက်ကွက်ဖန်တီး တာမျိုးတော့ မလုပ်ပါနဲ့။

Comments