ဆောင်းယွန်းလ ● လူကြီးမင်းသို့ အိတ်ပိတ်ပေးစာ


ဆောင်းယွန်းလ ● လူကြီးမင်းသို့ အိတ်ပိတ်ပေးစာ
(မိုးမခ) စက်တင်ဘာ ၂၇၊ ၂၀၁၇

ကိုယ့်အရေပြား ကိုယ်ဆွဲလိမ်မကြည့်မိပဲ
အိပ်ချင်ယောင်ဆောင်နေလိုက်ပါ
အိပ်မက်ထဲမှာ ပျော်စရာကြီးဆိုပဲ

ယားနာတွေကိုသာ
ရောင်ရမ်းမကုတ်ဖဲ့မိဖို့ သတိထားလိုက်ပေါ့

ဝိဥာဉ်တွေနဲ့ စိတ်လိုလက်ရ စကားပြောချင်လို့လား
တလောတုန်းလေးကပဲ
အကောင့်တခုထဲ
အကြားအမြင်ဆရာမတယောက် ဆုံးသွားတဲ့သတင်း
အိမ်သာတက်ရင်း အမှတ်တမဲ့ ဖတ်လိုက်မိပါတယ်

လူကြီးမင်းကို ဘာမှမကူညီပေးနိုင်တဲ့အတွက်
ဝမ်းနည်းပါတယ်
ဒါပေမယ့် ကျနော် ဝမ်းလည်းမသာပါဘူး

ခေတ်က
ရှေ့ကို တော်တော်ရောက်နေပြီဆိုတော့လည်း
ခင်ဗျားပြောတဲ့ စကားလုံးတွေကို ယုံနိုင်ဖို့က
ကိုယ့်ကိုကိုယ် နောက်ပြန်ပြန်ဆွဲနေရတော့တာပဲ
တန်ဖိုးရှိတဲ့ ကျနော့်မနက်စာတွေ အေးစက်ကုန်ပြန်ပါပြီ

ဖရုဿဝါစာကို
နေ့ညမပျက် ဗီတိုအာဏာသုံးသလို
ပြု ပြင် ပြောင်း ဖျက် လိုသလိုသုံးနိုင်ပါတယ် လူကြီးမင်း
ဆေးပြင်းလိပ်ဖွာတတ်ရင်တော့ မီးခြစ်ကြီးကြီးဆောင်ထားပေါ့

မှောင်တယ်လို့ ပြောပြောပြီး
ညကြီးမင်းကြီးထဲမှာ ခင်ဗျားတယောက်တည်းပဲ
အချိန်ရှိသမျှ ရေးကြီးသုတ်ပျာ
ဖတ်ထားတဲ့စာတွေမှာ မျက်မှန်မပါတာ ဝမ်းနည်းစရာပါ
ဒါပေမယ့် ကျနော် ဝမ်းလည်းမသာပါဘူး

မှန်ကိုကြည့်တော့ ဘာတွေ့သလဲ လူကြီးမင်း
ခင်ဗျားဟာ
ခင်းဗျားကိုယ်တိုင် ပြန်ကောက်ရမယ့် အမှိုက်ဖြစ်မနေဘူးလား
ရိုးရိုးသားသားကြိုးစားစေချင်ပါတယ်
ဒါ.. ကျနော်ပြောတာမဟုတ်ဘူး ဘေးပြောတာ
သွေးနဲ့သာ ချင့်ယုံလိုက်ပါ လူကြီးမင်း။

ဆောင်းယွန်းလ 
(စက်တင်ဘာ ၂၅ ရက်၊ ၂၀၁၇)

Comments