မောင်နောင်မွန် ● တောတောင်ခင်တန်းတွေအကြောင်း

မောင်နောင်မွန် ● တောတောင်ခင်တန်းတွေအကြောင်း
(မိုးမခ) စက်တင်ဘာ ၁၊ ၂၀၁၇

မြင်ကွင်းတွေက တဖြေးဖြေးပြောင်းလာသည်။အဝါတွေအညိုတွေမှသည် အစိမ်းရောင်ဆီပြေးလာနေသည်။  အစိမ်းရောင်ခင်တန်းတွေရဲ့အဆုံးသတ်အနားလေးတွေကိုတော့မတွေ့ရသေး။ မိုးရိပ်မိုးညိုလေးတွေတော့တွေ့နေရသည်။ စစ်တောင်းတံ တားကြီး ကိုဖြတ်ကာ ရာမညတိုင်းသို့ဝင်လာခဲ့လေသည်။ လမ်းမတွေဟာ ရှည်လျားထွေးပြာလွန်းနေသည်။ တောင်တန်ကြီး တွေက ထီးထီးတည်ရှိနေသည်။ ထိုရှုမျှော်ခင်းသည် ဘုရားပေးသော သဘာဝလက်ဆောင်ဖြစ်သည်။ အရပ်လေးမျက်နှာတွင် အစိမ်းရောင်တွေကနေရာယူထားကြသည်။ ထိုကဲသို့လှပသောမြင်ကွင်းများရှုမျှော်ခင်းများသည် လူသားတို့(သို့မဟုတ်) လူတစု(သို့မဟုတ်) လူတဦးတယောက်ကြောင့်ပျက်စီးသွားမှာစိုးရွံ့မိသည်။

ဆရာမြသန်းတင့်၏ နွေဆိုသောအက်ဆေးတစ်ပုဒ်ကိုဖတ်ဖူးသည်။ ဆရာရေးထားသည်မှာ နွေဦးရာသီဆိုသည်နှင့် ထန်းပင် ထန်းလက်တွေနဲ့ အညာနွေအလှကိုမြင်ယောင်မိသည်ဟုဖွဲ့ထားသည်။ ခုကျနော်လည်း မိုးဦးရာသီဆိုသည်နှင့် အောက်ပြည် အောက်ရွာကိုသတိရသည်။ ဗညားဟန်၏ ဝါဆိုမိုးနဲ့ပြန်ခဲ့ပါ ဟူသော သီချင်းသံကသောတအာရုံထဲအလိုလိုဝင်လာသည်။ မိုးဦးရာသီပြောလိုက်တာနဲ့ဟင်္သာတို့ပျော်စံရာမြေမှ မိုးစက်မိုးပေါက်တွေကိုမြင်ယောင်မိသည်။


အာဆီယံအဆင့်မီအာရှလမ်းမကြီးဟုနာမည်တပ်ထားသော အဝေးပြေးလမ်းပေါ်တွင် ကားများရှင်လင်းနေသည်။ မနက်ခင်း ခုနစ်နာရီဝန်းကျင်လောက်ရှိသောကြောင့်လည်းပါမယ်ထင်သည်။ လမ်းဘေးတဖက်တချက်တွင် အစိမ်းရောင်ရာဘာခင်းများကိုတမျှော်တခေါ်တွေ့နေရသည်။ ထိုရာဘာခင်းကြီး၏နောက်တွင်တောင်တန်းတွေ ထီးထီးမာမာ ရပ်တည်နေသည်။ ကားလမ်းပေါ်တွင် အဖြူရောင်ဆလွန်းကားတစီးတရွေ့ရွေ့ပြေးနေသည်။ ထိုကားလေးပေါ်တွင် သက်ရှိလူသားနှစ်ဦးပါ လာသည်။ တစ်ဦးသည်ကားစတီယာရင်ကိုကိုင်ကာ သေချာမောင်းနှင်နေသောဒရိုင်ဘာဖြစ်ကာ ကျန်တဦးသည် ကားလမ်းဘေးဝဲယာဝန်းကျင်ရှိအစိမ်းရောင်ခင်တန်းတွေကိုခံစားရင်း အတွေးနယ်ချဲ့နေသော လူသားတဦးဖြစ်သည်။ ထိုလူသား၏လက်ထဲတွင်စာအုပ်တစ်အုပ်ကိုင်ထားရာ ထိုစာအုပ်မှာ Spencer.R.Weart ရဲ့ The discovery of The Global warming ဖြစ်၍ ထိုလူသားမှာ ကျနော်ကိုယ်တိုင်ပင်ဖြစ်သည်။

လမ်းဘေးဝဲယာရှိ သစ်တောတန်းများသည် ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုစုပ်ယူပေးကာ အောက်စီဂျင်ကိုထုတ်လွှင့်ပေး ကြောင်း ငယ်စဉ်ကတည်းက သင်ယူခဲ့ရသည်။ လူသားတို့အတွက် သဘာဝကဖန်တီးပေးထားသောအရာများသည် အလွန် အဖိုးတန်လှသည်။ သို့သော် ထိုအရာတွေကိုတန်ဖိုးထားတတ်ဖို့တော့လိုပါသည်။ အရာရာတိုင်းသည် တန်ဖိုးထားတတ်မှုပေါ် သာ မူတည်သည်။ ကားမှန်ပေါ်သို့မိုစက်လေးတွေတစက်တပေါက်ထိတွေ့နေသည်။ မိုးရွာတော့မည်ဟန်ပြင်နေသည်။ မိုးရေမိုးစက်တို့ကို မြန်မာနိုင်ငံတွင်ပင် ကမ်းရိုးတန်းဒေသနှင့် အောက်ပြည်အောက်ရွာ မွန်၊ ကရင်၊ တနသာင်္ရီဒေသတို့တွင်သာအချိန်မှန်တွေ့ရတော့သည်။ မိုးရာသီမိုးရွာခြင်းကို မြန်မာနိုင်ငံအလယ်ပိုင်းဒေသနှင့် အထက်ပိုင်းဒေသတွင်တွေ့ရနည်း သည်။ အကြောင်းမှာ သစ်ပင်တောတန်းများ မရှိတော့သောကြောင့်ဖြစ်သည်။

မိုးရေစက်တို့တဖွဲ့ဖွဲ့ကျနေတာကိုကြည့်ရတာအရမ်းပျော်စရာကောင်းသည်။ တောင်တန်ကြီးတွေနောက်ခံထားကာ သစ်တောစိမ်းစိမ်းတွေနဲ့မြင်ကွင်းတွေက သဘာဝပန်းချီဆရာရဲ့စုတ်ချက်တွေဖြစ်သည်။ ထိုမြင်ကွင်းမျိုးသည် အလွန်ရှားပါးသော မြင် ကွင်းမျိုးဖြစ်သည်။ ရာမညပြည်အ၀င်တွင်တော့ ခပ်စိပ်စိပ်တွေ့ရသည်။ ထို့ကြောင့်လည်း ခုထက်ထိ ရာသီဥတုမှန်ကန်ညီညွတ်နေခြင်းဖြစ်နေကြောင်း ယုံကြည်နေမိသည်။


တောတောင်တွေကိုတန်ဖိုးမထားတတ်သူသည်ကမ္ဘာကြီး၏နှလုံးသားကိုထိုးဖောက်နေသူဖြစ်သည်။ ကမ္ဘာ့သတင်းအများစု တွင် နေ့စဉ်တွေ့မြင်နေရသည်မှာ သဘာဝကိုတန်ဖိုးမထားတတ်သော အတ္တရှင်များ၏စနက်များဖြစ်ကြောင်း အမြဲတွေ့မြင် နေရသည်။ အက်ဆစ်မိုးတွေရွာသည်။ မီးတောင်တွေပေါက်သည်။ မုန်တိုင်းတွေကျသည်။ ထိုအရာတွေသည် သဘာဝကိုတန်ဖိုးမထားတတ်သောကြောင့်ဖြစ်သည်။ လူသားတို့သည် သက်သာရာကိုလိုက်ကြသည်။ ထိုသို့ သက်သာရာကို လိုက်ရင်းက သဘာဝတရားကို မေ့သွားကြသည်။ ဥပမာ အချမ်းဒဏ်ကိုခံစားရသောလူတို့သည် ခြေလက်လှုပ်ရှားခြင်းဟူသော သဘာဝတရားမှ အနွေးဓာတ်ရနိုင်ခြင်းကိုမေ့သွားသည်။ ထိုအခါ အ၀လွန်ရောဂါနဲ့နောက်ဆက်တွဲရောဂါတွေ ထူပြောလာ သည်။ ထို့အတူ လူသားတို့သည် စွမ်းအင်သုံးစွဲမှုကိုအလွယ်တကူအလိုရှိကြသည်။ နေရောင်ခြည်ကဲ့သို့သော ပြန်လည်ပြည့်ဖြိုးမည့်စွမ်းအင်များရရှိရန် စောင့်ရစားရခြင်းကို စိတ်မရှည်ကြပေ။

ထိုအခါ အလွယ်လိုက်ကာ သဘာဝ၏ရတနာအမြုတေတွေကို ထုတ်ယူသုံးစွဲခြင်းဖြင့် စွမ်းအင်တွေ အထိန်းအချုပ်မဲ့ ထုတ်လုပ်လာကြသည်။ သဘာဝကမ္ဘာကြီး၏ရင်ထဲတွင် သိမ်းဆည်းထားသောရတနာတို့သည်ကား အလွယ်တကူရရှိနိုင်နေ လေရာ လူသားတို့၏တန်ဖိုးခြင်းကို မေ့လျော့ခံနေရလေသည့်အဖြစ်နှယ်ဆန်လွန်းလှပါသည်။ ထိုအခါ သဘာဝကြီး၏ ဒဏ်ခတ်မှုကို တဖန်တလှည့် ခံကြရတော့လေသည်။

မကြာသေးမီက သတင်းတခုတွင် ကြားလိုက်ရသော ကျနော်တို့ပြည်နယ်ဝန်ကြီးချုပ်၏ စကားတစ်ခွန်းကိုအမှတ်ရမိသည်။ "ကျောက်မီးသွေးသည် စွမ်အင်ထုတ်လွှင့်မှုအများဆုံးနဲ့ ဈေးအပေါဆုံဖြစ်သည်။ ထို့ကြောင့် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံကိုတည်ထောင်မည်"ဟူသောအချက်ဖြစ်သည်။ ကျောက်မီးသွေးသည် သဘာဝကပေးသော လက်ဆောင်တခုဖြစ် သည်။ စွမ်းအင်ထုတ်လုပ်မှု တနည်းအားဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများသည်။ သို့သော် ပေးဆပ်ရသောတန်ဖိုးကြီးမား သည်။ "ဖွံ့ဖြိုးဆဲနိုင်ငံများတွင်ကျောက်မီးသွေးမှလျှပ်စစ်ထုတ်လုပ်ကြသည်"ဟုပြောကြသည်။ မှန်ပေသည်။ သူတို့ဒေသတွင် ကျနော်တို့ဒေသကဲ့သိုပမြစ်ချောင်းများနည်းပါးသောကြောင့်ဖြစ်သည်။ ကျနော်တို့ဒေသတွင် မြစ်ချောင်းတွေပေါများသည်။ ရေစီးအားကောင်းသည်။ လျှပ်စစ်ထုတ်ယူသောအကျိုးရှိသောအခြေအနေတွင်ရှိနေသည်။ သို့သော် အလွယ်လိုက်သော လူသားတို့သဘာဝ အလွယ်တကူရသော ကျောက်မီးသွေးမှသာ လျှပ်စစ်အားထုတ်လုပ်လိုနေကြသည်။

ကျောက်မီးသွေးလောင်ကျွမ်းမှုသည် ကမ္ဘာပေါ်တွင်ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှင့်မှုအများဆုံးဖြစ်သည်။ ကမ္ဘာကြီးပူနွေးလာခြင်း၏အဓိကအကြောင်းအရင်းဖြစ်သည်။ အနောက်နိုင်ငံအများစုတွင် ၁၈ ၁၉ ရာစုခန့်က ကျောက်မီးသွေးသည်အဓိကလောင်စာဖြစ်သည်။ သို့သော် ကမ္ဘာကြီးပူနွေးလာခြင်း၏အဓိကအကြောင်းအရင်းသည် ကျောက်မီးသွေးကြောင့်ဟု သိလာရသည်အခါ ထိုအရာကိုစွန့်ခွာ၍ ပြန်လည်ပြည်ဖြိုးမြဲစွမ်းအင်ဆီသို့ ဦးတည်ခဲ့သည်။

ကျောက်မီးသွေးသည် ကမ္ဘာကြီးပူနွေးခြင်းရဲ့အဓိကအကြောင်းအရင်းသာမက ၄င်း၏ဘေးထွက်ပစ္စည်းများသည်လည်း အန္တာရာယ်အလွန်ရှိသည်။ ကာဗွန်ဒိုင်အောက်ဆိုဒ်အများဆုံးထွက်သောကြောင့် မြူတွေဖြစ်စေသည်။ လေထုထဲရှိအောက်စီဂျင်ရာခိုင်နှုန်းကိုလျော့စေသည်။ လူသားတွေအတွက် အဆိပ်ဖြစ်သောလေထုကိုဖန်တီးပေးသည်။ အက်ဆစ်မိုးတွေ ရွာသွန်းစေသည်။  ဆာဖာဒိုင်အောက်ဆိုဒ် နိုက်ထရိုဂျင်အောက်ဆိုဒ် မာကျူရီအစသော ထွက်ရှိလာသောဘေးထွက်ပစ္စည်းများသည် လူသားတို့ကိုအကျိုးမပြုသောပစ္စည်းဖြစ်သည်။ အက်ဆစ်မိုးရွာစေသော လေထုညစ်ညမ်းစေသော အိုးဇုန်လွှာပေါက်ပြဲစေသောအဓိကအကြောင်းရင်းတရပ်ဖြစ်နေသည်။

ဖတ်ခဲ့ဖူးသော နိုင်ငံခြားဝတ္ထုတပုဒ်တွင် ကျောက်မီးသွေးစက်ရုံမှထွက်သောစွန့်ပစ်ရေများကြောင့် အပင်တို့တွင်သက်ရောက် မှုရှိကာ ရွာသားများရောဂါထူပြောခြင်းအကြောင်းကိုဖတ်ဖူးသည်။ ထိုစွန့်ပစ်ပစ္စည်းများကြောင့် အပင်တို့၏ဇီဝကမ္မဖြစ်စဉ်ပြောင်းလဲကာ ရေဒီယိုသတ္တုကြွမှုဖြစ်ပေါ်ခဲ့သည်။ ထိုအပင်မှသီးပွင့်သောအသီးအရွက်များကိုစားသုံးသောသူတို့သည် လူကြီး လူငယ်ယောကျာ်းမိန်းမ မရွေးသက်ရောက်မှုရှိသည်။ အဆုတ်ရောဂါ အရေပြားရောဂါ ကင်ဆာရောဂါနဲ့ အခြားသောရောဂါများကိုဖြစ်ပေါ်စေသည်။ နိုင်ငံတကာတွင်တော့ ထိုဘေးထွက်ဆိုးကျိုးများကိုစနစ်တကျသုတေသနလုပ်စစ်တမ်းကောက်ကာ ကာကွယ်မှုတွေပြုကြသည်။ အရေးယူမှုတွေပြုကြသည်။ သို့သော် ကျနော်တို့နိုင်ငံတွင်တော့ ထိုအရာတွေသည် မျက်နှာလွှဲခဲပစ်နေသောအရာတွေဖြစ်နေသည်။ စာမျက်နှာပေါ်တွင် အလွန်လုကြိုက်များသောစကားလုံးများဖြင့် စာချုပ်တွေ၊ လူထုသိစေရန် ကြေညာချက်တွေထုတ်ပြန်ကြမည်။ သို့သော် လက်တွေ့တွင်တော့ စာချုပ်သည်စာချုပ်သည်သာဖြစ်၍ တာဝန်ယူမှုသည်ကာ မရှိသေးချေ။

တောတောင်ရေမြေတို့သည် အလွန်တန်ဖိုးထားတတ်ရန်လိုအပ်သောအရာတွေဖြစ်သည်။ ဘိုးဘွားပိုင်သောအမွေအနှစ်တွေဖြစ်သည်။ ထို့နည်းတူ ဤကျနော်တို့ဇာတိချက်ကြွေဟင်္သာမြေရာမညတိုင်း သည်လည်း အဖိုးတန်လှသည်။ ရွှေအရောင် အတိလွှမ်းသော သုဝဏ္ဏဘူမိ မြေဖြစ်သည်။ တောတောင်ရေမြေကောင်းသည်။ မြေဆီသြဇာကောင်းသည်။ သာသနာတော် ထွန်းကားရာဖြစ်သည်။ ရာသီဥတုအလွန်ကောင်းသည်။ သင့်တင်မျှတသည်။ ထိုသို့သောအရာတွေကိုတန်ဖိုးထားသင့်သည်။ တောတောင်ရေမြေတွေကိုတန်ဖိုးထားသင့်သည်။ သယံဇာတများကိုအလွယ်တကူရတိုင်း နှိုက်ယူသုံးစွဲဖို့မသင့်တော်ချေ။ ထိုအခါ သဘာဝတရားကြီးကက ဒဏ်ခတ်လိုက်မည်။

ခဲမဖြူ အဖြိုက်နက်အလျှံအပယ်ထွက်ခဲ့သောရာမညမြေသည် ယခုအခါမရှိတော့ချေ။ ထုံးကျောက်တွေထွက်ရှိသည်။ သို့သော် လမ်းခင်းကျောက်အဖြစ်အသုံးပြုသောအခါ ကျောက်မိုင်းခွဲ၍ကျောက်ထုတ်ကြသည်။ ယခုအခါတချို့ထုံးကျောက် တောင်တွေ ခါးပြတ်လုလုဖြစ်နေလေသည်။ ဘိလပ်မြေစက်ရုံတွေတည်ဆောက်ကြသည်။ သို့သော် ထိုစက်ရုံမှထွက်ရှိလာသောရေဆိုးများကြောင့် ဘေးပတ်ဝန်းကျင်တွင် သစ်ပင်ပန်းမာန်များမျိုးတုန်းကုန်သည်။ ထိုအရာတွေသည် အစဉ်သတိထားသင့်သောအရာများဖြစ်သည်ဟုထင်မိသည်။ ဤမြေဤသဘာဝကို ထိန်းသိမ်းသင့်သည်။

တောတောင်ရေမြေတွေအရေးပါပုံကိုသိရှိနားလည်သင့်သည်ထင်မိသည်။ ကျောက်မီးသွေး၏ဘေးထွက်ဆိုးကျိုးများကိုသိရှိအောင်လေ့လာသင့်သည်။ နိုင်ငံတကာမှာအဘယ်ကြောင့်မသုံးစွဲကြတော့သနည်း။ ထိုအရာတွေကိုလေ့လာသင့်သည်။ ယခုကျောက်မီးသွေးဓာတ်အားပေးစက်ရုံတည်ဆောက်မည့်နေရာသည် ပြည်နယ်၏အလှဆုံးသောသဘာဝတရားများစွာရှိနေသည်။ လှပသောကမ်းရိုးတန်းရှည်တွေရှိနေသည်။ တောတောင်ရေမြေတွေရှိနေသည်။ ဤဂေဟစနစ်ကိုထိန်းသိမ်းသင့်သည်ဟုထင်မိသည်။

ကျနော်သည်စာအုပ်ကိုဖွင့်လျက် သဘာဝရှုခင်းတွေကိုငေးကြည့်ရင် အတွေးတွေမျှော်နေသည်။ သဘာဝတရားကြီး၏ အလှနတ်သမီး တောတောင်ခင်တန်းတွေကမျက်စိရှေ့တွင်လှချင်တိုင်းလှနေသည်။ ထိုအလှတရားကိုခံစားတတ်သူတို့သည် ထိုအရာကိုအလေးထားကြသည်။ တန်ဖိုးထားကြသည်။ ဖျက်ဆီးလိုစိတ်မရှိချေ။ လက်ထဲကစာအုပ်ကို လုံးဝမဖတ်ရသေးချေ။ အပြင်ကမြင်ကွင်းတွင်မျောချင်တိုင်းမျောနေမိသည်။

ရေဒီယိုမှလာသော သီချင်းတပုဒ်၏အစိတ်အပိုင်းလေးတွေက နားထဲတိုးဝင်လာသည်။ "ဥတုရာသီတောကိုမှီသည်။ တော တောင်စိမ်းလန် အေးချမ်းလှပါဘိ" ဟူသောစာသားလေးသည် အတွေးနဲ့ထပ်တူမြင်မိသည်။ ရာသီဥတုတို့သည် တော တောင်ကြောင့် မှန်ကန်စေသည်။ သို့သော် အက်ဆစ်မိုးတွေရွာသွန်းမှာကြောက်ရွံ့မိသည်။

"ကျောက်မီးသွေး လက်မခံလျှင် ဖွံ့ဖြိုးတိုးတက်မှုမရှိ"ဟူသော မွန်ပြည်နယ်ဝန်ကြီးချုပ်စကားသည်အလွန်တာသွားလှသည်။ ဤမြေဤရေ၏အနှစ်သာရကိုတန်ဖိုးမထားတတ်ခြင်းဖြစ်သည်။ ခံစားတတ်သောနှလုံးသားမရှိခြင်းဖြစ်သည်။ လူထုတို့၏အသက်ကိုတန်ဖိုးမထားခြင်းဖြစ်သည်။ ကျောက်မီးသွေးဓာတ်ပေးစက်ရုံမှာ ၁၀၀၀ မဂ္ဂာဝပ်ထုတ်တိုင်း လူအယောက်၆၀၀ အသက်ဆုံးရှုံးနေသည်ဟု စစ်တမ်းများအရသိရသည်။ ထိုသို့ အကျိုးယုတ်မှုကိုဖြစ်စေမှာလား... ဒါမဟုတ်ဖွံ့ဖြိုးတိုးတက်မှုကိုဖြစ်စေမှာလား။ clean coal technology ကိုအမှန်တကယ်ရပြီး လူထုသုံးဖို့ဓာတ်အားတွေထုတ်ပေးမလားဆိုတာ သေချာပေါက်အာမခံနိုင်မည်လား။ ထိုသို့ဖြစ်ရင်တောင် ဤအရာသည် ဒေသခံတို့၏အသက်အိုးအိမ်ကို သေချာပေါက်ခြိမ်း ခြောက်နေသော မကောင်းဆိုးဝါးတကောင်ဖြစ်နေသည်ကို မျက်ကွယ်ပြုရပါမည်လား။

ကျနော်တို့သည် ရှေးဟောင်းမုတ္တမမြို့ကိုကျော်ကာ သံလွင်မြစ်ဝကိုဖြတ်ပီးတည်ဆောက်ထားသောအိပ်မက်တံတားကြီးပေါ်ရောက်နေပြီ။ တံတားထိပ်မှ ဟင်္သာရုပ်ထုကအသင့်စောင့်ကြိုနေသည်။ အရာရာတိုင်းသည် ဖြစ်မြဲဖြစ်နေသည်။ တောတောင်စိမ်းစိမ်းတွေပျောက်ကွယ်ကာ မြို့ပြလူနေမှုတွေတွေ့ရသည်။ ဟိုအရှေ့ဘက်နားမှာ မီးခိုးခေါင်တိုင်တလူလူနှင့်စက်ရုံတွေ့နေရသည်။

ကားမှန်ပေါ်မိုးစက်တွေတဖွဲဖွဲကျနေသည်။ FM မှာတော့ မိုးသီချင်းသံတွေထုတ်လွှင့်နေသည်။ လက်ထဲကစာအုပ်ကို ပိတ်လိုက်သည်။ အတွေးတွေကိုရပ်လိုက်သည်။ မကြာခင်မြို့ပြထဲပြန်လည်စီးမျောရမည်။ သဘာဝတွေကိုတန်ဖိုးထားတတ်ဖို့ ကိုယ့်ကိုယ်တိုင်က ပြန်လည်သင်ယူရမည်။ ရှေ့နားတွင်တော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကြေညာဆိုင်းဘုတ်ကို တွေ့ရသည်။ ထိုအနားတွင်ပင် နှစ်ရှည်ကုက္ကိုပင်ကြီးတပင်ကို လမ်းနဲ့မလွတ်ဟုဆိုကာ ခုတ်လှဲနေသော လူတစုကိုတွေ့သည်။ ကျနော့်ရင်တွင် ဝိရောဓိများအားပြိုင်ထွန်းကားလျက် ။  ။

မောင်နောင်မွန်
၁၂၊ ၆၊ ၂၀၁၇

Comments