ကိုအောင်မှိုင်း ● ရခိုင်ပြည်နယ်ပြဿနာဟာ အာဏာလွန်ဆွဲပွဲပြဿနာသာဖြစ်တယ်


ကိုအောင်မှိုင်း ● ရခိုင်ပြည်နယ်ပြဿနာဟာ အာဏာ လွန်ဆွဲပွဲပြဿနာသာဖြစ်တယ်
(မိုးမခ) စက်တင်ဘာ ၁ဝ၊ ၂ဝ၁၇

ရခိုင်ပြည်နယ်ပြဿနာဟာ အာဏာလွန်ဆွဲပွဲပြဿနာသာဖြစ်ပါတယ်။ တနည်းပြောရရင် လက်ရှိအစိုးရကို ပက်ပက်စက် စက်စိန်ခေါ်လိုက်တဲ့ စစ်အုပ်စုရဲ့ ထိုးစစ်တခုဘဲဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ထိုးစစ်လို့ ကျနော်သုံးနှုန်းလိုက်တာက အုပ်စုလိုက် အဖွဲ့လိုက် သင်းပင်းလိုက်ဆိုသလို စစ်အုပ်စုတွေလို့ သိထားတဲ့ ပါတီတွေ အဖွဲ့ အစည်းတွေ ဘုန်းကြီးတွေ မျိုးချစ်ဆိုသူတွေ စစ်ဗိုလ်လူထွက်တွေ ဝန်ကြီးပြုတ်တွေ လွှတ်တော်ပြုတ်တွေ တစုတဝေးတည်း တခုတည်းသော ရည်ရွယ်ချက်အောက်မှာ ကနေ့ ကာလုံဆိုတာကြီးကိုခေါ်ဘို့ တိုက်တွန်း တောင်းဆို ခြိမ်းခြောက် အကြပ်ကိုင် စတဲ့ နည်းမျိုးစုံကိုသုံးနေတာမြင်ရတော့ တခုခုတော့ မြန်မာနိုင်ငံမှာ မှားနေပြီလို့ ကျနော်တို့ သုံးသပ်မိပါတယ်။

တချို့ကလည်း ကာလုံမှမခေါ်ရင် တိုင်းပြည်ပျက်တော့မလိုပြောနေတာလဲရှိရဲ့၊ ဘုန်းကြီးဝတ်လို့ကတော့ ဗမာပြည်မှာ လုပ်ချင်တာလုပ်လို့ရတယ်၊ ပြောချင်တာပြောလို့ရတယ်။ ကုန်ကုန်ပြောရရင် ပက်ပက်စက်စက်ဆဲလို့ရတဲ့ခေတ်ကြီးမှာ ဘုန်း ကြီးဆိုးတွေကလည်း ကာလုံဆိုတာကြီးကိုခေါ်ဖို့ ဆန္ဒတွေပြကြပြန်တယ်။လွှတ်တော်ပြုတ်ကြီးတွေကလဲ ခြုံကျိုခြုံကြားထဲ မှိန်းတုတ် နေရာက ဖုတ်ဖက်ခါထကာ မဆီမဆိုင်ကိစ္စကိုရှေ့ တန်းတင်ပြီး နောက်ဆုံးတော့ကာလုံခေါ်ဘို့ဘဲ ပြောတာပါဘဲ။ လက်ရှိအစိုးရကို နှစ်ပြားမတန်ပြောတဲ့ ဝန်ကြီးပြုတ်ဆိုသူကလည်း သူမီဒီယာနဲ့သူ ပွဲထွက်လာပြန်တယ်။ သူလည်း နောက်ဆုံးတော့ ကာလုံဆိုတာကြီးနဲ့ဘဲ အဆုံးသတ်သွားတာပါဘဲ။

ကျနော်ပြောချင်တာက ဒါတွေကို “လူထုက သိနေတယ်” လို့ဘဲပြောရတော့မှာပါ။ ကျနော်တို့မြန်မာပြည်ကိုချစ်တယ်ဆိုပေ မဲ့ စစ်အာဏာရှင်စနစ်ကိုတော့ မချစ်နိုင်ကြပါ။ မထောက်ခံနိုင်ကြပါ။ဒါကို စစ်အာဏာရှင်ဟောင်းတွေ သိစေလိုပါတယ်။ စိတ်ပျက်စရာအကောင်းဆုံးကိစ္စတခုကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ရခိုင်အရေး တပ်မတော်သတင်းစာ ရှင်း လင်းပွဲကိစ္စဘဲဖြစ်ပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲမှာ  ...

၁။ ရခိုင်ပြည်နယ်မောင်တောအခြေအနေကို ကိုင်တွယ်နိုင်ဖို့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေး အမြန်ဆုံးခေါ်ယူဖို့ကို တပ်မတော်က အစိုးရကို တိုက်တွန်းသွားပါတယ်။

၂။ တပ်မတော်အနေနဲ့ မောင်တောဒေသကို ကိုင်တွယ်တာမှာ အစိုးရရဲ့အဆုံးအဖြတ်နဲ့ ကိုင်တွယ်နေတာဖြစ်တယ်လို့လဲ ပြောသွားပြန်ပါတယ်။

၃။ တပ်မတော်ဘက်က နိုင်ငံအနောက်ခြမ်း လုံခြုံရေးဆိုင်ရာတွေနဲ့ပတ်သတ်လို့ လွှတ်တော်၊ အစိုးရတို့ကို အကြိမ်ကြိမ် သတိပေးပြောဆိုခဲ့ဘူးပေမယ့် လက်ခံခြင်းမရှိခဲ့ဘူးလို့လဲ အစိုးရကိုဝေဖန် အပြစ်တင်သွားပါတယ်။

ကျနော်တို့ ပထမဆုံးနားမလည်တာကတော့ စစ်အုပ်စုဝင်ဟောင်းတွေ ကြံ့ဖွံ့နဲ့တပ်ပေါင်းစုပါတီတွေ ဘုန်းကြီးဆိုးတွေ ဗိုလ် ပြုတ် တွေ ဝန်ကြီးပြုတ်တွေ လွှတ်တော်ပြုတ်တွေ မျိုးချစ်ဆိုသူတွေနဲ့ တပ်မတော်ကြီးက ဘာလို့တသံထဲထွက်နေ ရသလဲဆိုတာပါဘဲ။မြန်မာနိုင်ငံသူနိုင်ငံသားအများစုကြီးက အင်မတန်ရွံရှာစက်ဆုတ်နေတဲ့ ပုဂ္ဂိုလ်တွေနဲ့တသံထဲထွက်နေတာဟာ ကနေ့ဗမာ့တပ်မတော်အတွက်တော့ အပေါင်းလက္ခဏာမဆောင်တာ အမှန်ပါ။

ဒုတိယအချက်ဖြစ်တဲ့ အစိုးရရဲ့အဆုံးအဖြတ်နဲ့ ကိုင်တွယ်နေပါတယ်ဆိုတာကတော့ လိမ်တာလို့ဘဲ ကျနော်တို့ ဗြောင် ပြော ကြရတော့မှာပါ။ကိုးကန့်တို့ ရှမ်းတို့ ကချင်တို့စတဲ့တိုင်းရင်းသားတွေကိုတိုက်တုန်းက ဘယ်အစိုးရရဲ့ အဆုံးအဖြတ်ကို ရယူခဲ့ ဘူးလို့လဲ။ ဦးသိန်းစိန်လက်ထက်က မတိုက်ပါနဲ့လို့တားတာတောင် တိုက်ချင်လို့တိုက်တယ်ဆိုပြီး တိုက်ခဲ့ကြတဲ့သာဓကတွေ တပုံကြီးရှိနေခဲ့တာပါ။

တတိယအချက်ဖြစ်တဲ့ နိုင်ငံအနောက်ခြမ်းလုံခြုံရေးဆိုင်ရာတွေနဲ့ပတ်သက်ပြီး လွှတ်တော်၊ အစိုးရတို့ကို အကြိမ်ကြိမ် သတိ ပေးပြောဆိုခဲ့ဘူးပေမယ့် လက်ခံခြင်းမရှိခဲ့ဘူးဆိုတာကို လွှတ်တော့ဥက္ကဌက ငြင်းခဲ့သလို သူတို့ပြောနေတဲ့ အစိုးရ ဆိုတဲ့ အထဲမှာ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဆိုသူတွေဟာ စစ်ဗိုလ်တွေဖြစ်တယ်ဆိုတာ မေ့နေ ပုံရပါတယ်။ အဲဒီဝန်ကြီးဌာနတွေဟာ နိုင်ငံတော်အစိုးရရဲ့နိုင်ငံလုံခြုံရေးကို တာဝန်ခံရတဲ့ဌာနတွေဖြစ်တယ်ဆိုတာ ကို တောင် မသိလောက်အောင် ချာတူးလန်နေတာတွေ့ရတော့ လက်ရှိအစိုးရကို သိက္ခာချရပြီးရောဆိုတဲ့သဘော သက် ရောက်နေပြီး လုံးဝအပြုသဘောမဆောင်သလိုဖြစ်နေတာကို တွေ့ ရပါတယ်။

အဆိုးဆုံးက တိုင်းရင်းသားတွေကိုတိုက်ကြတုန်းက ကိုယ့်သဘောနဲ့ကိုယ်တိုက်ကြပြီးတော့ ဒုတ်တို့ ဓါးတို့ သားရေဂွတို့နဲ့ ပြန်ချနေတဲ့လူတွေကိုကြတော့ ကာလုံမှမခေါ်ရင် စစ်မတိုက်နိုင်ကြတာ စဉ်းစားရအတော်ခက်တဲ့ မေးခွန်းတခုပါဘဲ။

လူထုကိုမျက်ရည်ချူဘို့ဆိုတဲ့ စဉ်းစားနည်းဆိုလို့ကတော့ ကျနော့်အမြင်အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ သေချာတာက ကြာ လေပြဿနာက အပ်နဲ့ထွင်းရမဲ့ကိစ္စကို ပုဆိန်နဲ့ပေါက်ရတဲ့အထိဖြစ်သွားနိုင်တယ်ဆိုတာ သက်ဆိုင်ရာ နိုင်ငံလုံခြုံရေး တာဝန်ခံရသူများ သတိပြုဖို့လိုမှာဖြစ်ပါတယ်။ တာဝန်မမဲ့ဖို့လိုမှာ ဖြစ်ပါတယ်။

စစ်အုပ်စုဝင်တွေ အတော်များများပြောနေတဲ့ အယူအဆတခုကိုတော့ ကျနော်တို့ပြတ်ပြတ်သားသား ငြင်းဆိုကြရမှာဖြစ် ပါတယ်။စစ်အုပ်စုက ဒီမိုကရေစီစနစ်ကိုအုပ်မြစ်ချပေးခဲ့တယ်ဆိုတဲ့ ခပ်တည်တည်နဲ့လှိမ်လုံးတွေကိုပြတ်ပြတ်သားသား ငြင်း လိုပါတယ်။ တကယ်က စစ်အုပ်စုအနေနဲ့ စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ဘို့  ကမ္ဘာ့အခြေအနေ ပြည်တွင်းအခြေအနေ စစ်တပ်တွင်းအခြေအနေ  တော်လှန်ရေးအင်အားစုတွင်းအခြေအနေ  လူထုအခြေအနေတွေအပေါ် မူတည်ပြီး စစ် အာဏာ ရှင်စနစ်ကို တဖက်လှည့်နဲ့ပြဌာန်းလိုက်တာဘဲဖြစ်ပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ စစ်အာဏာရှင်စနစ်ရဲ့ နောက်ဆုံးခံကတုတ်ဘဲဖြစ်ပါတယ်။ ဒီခံကတုတ်ကို ကာ ကွယ် ဘို့ လက်နက်ကြီးတွေလဲ အခိုင်အမာတတ်ဆင်ထားပါတယ်။လွတ်တော်ထဲက စစ်ဗိုလ် ၂၅ ရာခိုင်နှုန်းတို့ အစိုးရအဖွဲ့ ထဲက စစ်ဗိုလ်ဝန်ကြီး ၃ ပါးတို့ ကာလုံတို့ဆိုတာတွေဟာ ၂ဝဝ၈ကိုကာကွယ်ဘို့အခိုင်အမာတပ်စွဲထားတာပါ။ ဒီလိုဘဲ ကြံ့ဖွံ့ ပါတီနဲ့အခြားကြေးစားတပ်ပေါင်းစုပါတီတွေ မျိုးချစ်ဆိုသူတွေ ဘုန်ကြီးဆိုးတွေ စစ်ဗိုလ်ဆိုးတွေ ကတော့အရံတပ်တွေလို့ ပြောရ မယ်ထင်ပါတယ်။ လိုရင်လိုသလို အခုတောင်းဆိုနေတဲ့ ကာလုံခေါ်ပေးဘို့ တောင်းဆိုသလိုမျိုးတောင်းဆိုဘို့ဘဲ ဖြစ်ပါတယ်။ နိုင်ငံရေးမြေမြှုတ်မိုင်းတွေပေါ့ဗျာ။

တိုင်းရင်းသားတွေအတွက်လဲ ခေါင်းစားဘို့ မေတ္တာလက်ဆောင် NCA ဆိုတာကြီးကို ခပ်တည်တည်နဲ့ ထည့်ပေးလိုက် သေး တယ်။ တောင်စဉ်ရေမရ ပြောကြဆိုကြဆွေးနွေးကြနဲ့ တိုင်းရင်းသား ညီအကိုမောင်နှစ်မများကနေ သောင်းကျန်းသူ များပြန်ဖြစ်လိုဖြစ်၊တိုင်းရင်းသားအချင်းချင်း ညီညွတ်မှုမရှိအောင် ခွဲခြားဆက်ခံတာတွေကို စနစ်တကျလုပ်လိုလုပ်၊ တချို့ အင် အားနဲတဲ့ တော်လှန်ရေးအင်အားစုတွေကို လက်နက်ဖြုတ်လိုဖြုတ် တချို့ကို နယ်ခြားစောင့်လုပ်ခိုင်းလိုခိုင်း  NCA လက်မှတ် ထိုးတာပေမဲ့ မထင်ရင်မထင်သလိုတိုက်လိုက်ကြ၊ တချို့ကိုလည်း ၁၇ (၁) နဲ့ ဖမ်းလိုဖမ်း၊ ကျနော်ပြောချင်တာက လက်ရှိ အစိုးရကို ဘာမှလုပ်လို့မရအောင် ဝိုင်းကြီးချုပ်ချုပ်ထားတာပါ။

ပြီးတော့မှ ဒီမိုကရေစီအစိုးရညံ့ဖျင်းကြောင်း စစ်အစိုးရခေတ်လောက်တောင်လူထုမချောင်လည်ကြောင်း အာဘော်တွေ နေ့ တဓူဝဖြန့်ကြပါလေရော။ ပိုက်ဆံပေးထားတဲ့ မီဒီယာတွေ လူရှုတ်တွေ ဗိုလ်ပြုတ်တွေ ဘုန်းကြီးလူရမ်းကားတွေက တဆင့် တိုင်းပြည်ကို ဓါတ်ဆီလောင်းတော့တာပါဘဲ။ မီးရှို့ချင်တဲ့ရပ်ကွက်ကို မီးခြစ်လိုက်တော့တာပါဘဲ။ မိထ္ထီလာ၊ မန္တလေး ရန်ကုန် တွေမှာမီးရှို့ခဲ့ပြီးပါပြီ။ အခု ရခိုင်မှာရှို့တဲ့မီးကတော့ သိပ်ကိုကြီးပါတယ်။ ကိုယ့်ဇာတ်ကိုကိုယ်နိုင်အောင်ကြဘို့ဘဲ ပြောရ တော့မှာပါ။ မြန်မာစကားပုံမှာ “အသွားမတော်တလှမ်း အစားမတော်တလုပ်” ဆိုပြီးမှတ်သားဘူးပါတယ်။ မီးပွားက နေ မီး တောက်ဖြစ်ပြီဆိုရင်တော့ တိုင်းပြည်သိပ်နစ်နာသွားမှာဖြစ်ပါတယ်။ ကျနော်တို့အမြင်ကတော့ ရခိုင်ပြည်နယ်ပြဿနာဟာ အာဏာလွန်ဆွဲပွဲပြဿနာသာဖြစ်ကြောင်းပါဗျာ။

ကိုအောင်မှိုင်း
(စက်တင်ဘာလ ၃ ရက်)

Comments