မြဇင်ယော် ● သင်းကွဲ
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၇
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၇
ဒီကောင်ရောက်ခါစကတည်းက ကျုပ်ကြည့်နေတာ။ ၁၀ တန်းကျောင်းသားတဲ့၊ လူပုံက ပျော့တိပျော့ဖတ်၊ အသားအရောင်က ဖြူဖျော့ဖျော့၊ လမ်းလျှောက်ရင် ခါးလေးရမ်းရမ်းပြီး နွဲ့နှောင်းနွဲ့နှောင်းနဲ့၊ ပုဆိုးခြေဖျားဖုံး အောင်ဝတ်ပြီးရင်လည်း ခါးပေါ်က ပုဆိုး ကလနားကို အောက်နည်းနည်း လျှောချလိုက်သေးတယ်။ ခါးများပေါ်အောင် လုပ်နေသလားမသိ။ ထမင်းစားရင်လည်း ဇွန်းနဲ့မှစားတတ်သတဲ့။ ကျုပ်က တောသား၊ လက်နဲ့အားရပါးရ နယ်ဖတ်ပြီး စားတတ်တဲ့ကောင်ဆိုတော့ အထူးအဆန်း။ မင်းဘယ်ကလဲမေးကြည့်တော့ သူလည်း ရွာသားပဲ။ ဘယ်လိုကောင်တုန်းဟ ရွာသားမပီသလိုက်တာ အံ့ရော။
သူ့မိဘတွေ ပြောတာက သူ့မှာ သွေးအားနည်းရောဂါရှိသတဲ့။ ဆရာရယ် သူ့ကို ဂရုစိုက်ပေးပါဦး၊ သူက သွေးမကြာမကြာ သွင်းရတတ်တယ်၊ သူ့မျက်နှာလေး ဖျော့နေလား၊ နှုတ်ခမ်းလေးတွေဖြူနေလား အဲ့ဒါလေးပဲ သတိထားနေရတာ။ နှုတ်ခမ်းလေးတွေ ဖြူလာပြီဆိုရင် သွေးအားကောင်းတဲ့ အစားအစာလေးတွေ ဂရုစိုက်ပြီး ကျွေးပေးရတယ်၊ မဟုတ်လို့ကတော့ သွေးသွင်းရရောတဲ့။ အဲ့တော့ သြော် သူ့ခမျာ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ကျန်းမာရေးချူချာသူလေးဆိုပြီး ကျုပ်က သူ့ကို သိသိသာသာတမျိုး မသိမသာတမျိုး အရိပ်တကြည့် ကြည့်လုပ်နေရတယ်။
ပထမဆုံး ဒီကောင့်ကို ကျန်းမာရေးအပြင် နေပုံထိုင်ပုံအမူအရာနဲ့ပတ်သက်ပြီး အာရုံစိုက်မိတာက သူ ပန်းကန်ဆေးတဲ့နေရာမှာ ပြောတဲ့စကားကြောင့်။ ဒီကောင် သူ့ထမင်းပန်းကန် သူဆေးရလို့တဲ့ ညည်းနေတာ။ အိမ်မှာဆို သူဆေးစရာမလိုဘူး။ အိမ်ကိုလွမ်းလိုက်တာတဲ့။ နောက် သူ့သူငယ်ချင်း တယောက်ကလည်း သူ့စကားကို ထောက်ခံတယ်။ ကျုပ်ဆိုတာ ကျောင်းနေပါပြီဆိုကတည်းက ကိုယ့်ပန်းကန်တင်မကဘူး အဖေနဲ့အမေပန်းကန်ပါ ဆေးပေးလာတာ။ ကျကွဲတဲ့ ပန်းကန်ပေါင်းလည်း မရေနိုင်ဘူး။ အဖေနဲ့အမေက ပန်းကန်ကွဲလည်း မဆူဘူး ဆက်ခိုင်းတာပဲ။ ၉ နှစ်သားကတည်းက ကျုပ်အဝတ်ကျုပ်လျှော်ဝတ်တာ။ ကျုပ်မှတ်မိနေသေးတယ်။ အမေက ဒီနေ့ကစပြီး ကိုယ့်အဝတ်ကိုယ်လျှော်ဝတ်တော့ဆိုပြီး ရွှေဝါဆပ်ပြာပိုင်းလေးပေးလိုက်တာ။ အင်္ကျီကိုတိုက်တော့ အမြုပ်လေးတွေကထွက်လာ ကျုပ်ကသဘောတွေကျပြီး ဆက်ဆက်ပြီးတိုက်နဲ့ ဆပ်ပြာခဲအသစ်ကလေးကို ခပ်ပါးပါးပဲကျန်တာ။ ၁၀ နှစ်သားမှာ မီးသွေးမီးဖိုနဲ့ ထမင်းအိုးနှပ်တတ်နေပြီ။
အဲ့တော့ ဒီကောင်တွေကို တွေ့ရတာ ကိုးလိုးကန့်လန့်ဖြစ်နေရော။ ဝို...သူတို့ကသူတို့ ငါကငါပဲ ဆိုတဲ့အတွေးနဲ့ ကျုပ်မပြောတော့ပါဘူးလို့ ကြည့်နေတာ မနေနိုင်ဘူးဗျ၊ အူတွေက ပွလာတယ်။ မင်းတို့ အသက်ဘယ်လောက်ရှိပြီလဲ၊ ဒီအရွယ်ရောက်တဲ့အထိ ကိုယ့်ပန်းကန်ကို ဆေးမစားကြဘူးလားဆိုတော့ ဆေးမစားဘူး မေမေက ထမင်းဟင်းခူးကျွေး၊ စားပြီးရင်လည်း မေမေပဲ စားပြီးသားပန်းကန် ဆေးပေးတာတဲ့။ အဝတ်တွေဘာတွေရော ဆိုတော့ မေမေလျှော်ပေးတာတဲ့။ ကျုပ်ကလည်း စိတ်ချဉ်ချဉ်နဲ့ အီးအီးရော မေမေကုန်းပေးတာလားဆိုတော့ ပြုံးပြုံးကြီးလုပ်နေတယ်။ အဲ့လိုကောင်။
ပြီးတော့ ဒီကောင် ထမင်းကို ပြောင်အောင်မစားဘူး။ ထမင်းနှစ်လုတ် သုံးလုတ်စာလောက် ချန် ချန်ထားတယ်။ ကျုပ်က ထမင်းမှမဟုတ်ဘူး အစားအသောက်တွေ အလေအလွင့်ဖြစ်တာ မကြိုက်တဲ့ကောင်ဆိုတော့ ဘာလို့ ကုန်အောင်မစားတာလဲ မေးကြည့်ရတယ်။ အမယ် ဒီကောင်အလာကြီး။ ဒါ ကောသလမင်းကြီးကို ဘုရားရှင် ဟောကြားတဲ့ ဝိတ်လျှော့နည်းလေဆရာတဲ့။ အေး မင်းက စာဖတ်တယ် ဗဟုသုတရှိတယ်၊ ငါ တကယ် ဝမ်းသာ တယ်ကွာလို့၊ ဒါပေမဲ့ ဒီလို သွန်ပစ်မယ့်အစား ထမင်းထည့်စဉ်ကတည်းက မင်းအနပ်တိုင်း လွှင့်ပစ်နေကျ ပမာဏလောက်လေး လျှော့လျှော့ထည့်ရင် ပိုမကောင်းဘူးလားကွာဆိုတော့ ဟုတ်ကဲ့ တဲ့။ တော်သေးတယ် အလျှောက်ကောင်းသွားလို့။ ဒီကောင့်သွားပြီး ခြိုးခြံရေးတရားတွေ သွားဟောနေရင် ဒီကောင်စိတ်ဝင်စားမှာ မဟုတ်ဘူး။ သူလည်း ဖတ်ပြီးသားတွေလေ။
အဲ့လို စာလေးကလည်းဖတ်၊ ဗဟုသုတလေးလည်းရှိ၊ စကားပြောလေးလည်းကောင်းဆိုတော့ သူ့ကို သူ့အောက်အတန်းက ကလေးတွေက တော်တော်ခင်ကြချစ်ကြတာ။ အဲ အခုပြောမယ့်ကိစ္စ မဖြစ်ခင်အထိပေါ့။ အဲ့တုန်းက သူရယ်၊ သူ့သူငယ်ချင်းနှစ်ယောက်ရယ်၊ သူ့အောက်က အတန်းက ကလေးတယောက်ရယ်၊ တစားပွဲထဲမှာ မနက်စာအတူတူစားနေကြတာ အကြော်နဲ့။ တို့လိုက်ကြ ဆိတ်လိုက်ကြပဲ။ ဗြုန်းဆို ဒီကောင်ထပြီး ကြမ်းပြင် ဖနောင့်နဲ့ပေါက်၊ ပါးစပ်ကလည်း မင်းေ-ာက်စည်းကမ်းမရှိဘူး၊ တော်တော်မိုက်ရိုင်းတဲ့ကောင်၊ ခွေးတောင်စားခွက်မလုဘူး၊ မင်းက ခွေးလောက်တောင် အဆင့်မရှိဘူးတဲ့ ထကြမ်းရော။ ကျုပ်ဗျာ လုံးဝမျှော်လင့် မထားတော့ အံ့သြပြီး ရုတ်တရက်စကားရှာမရဘူး။
အဖြစ်က သူ့အောက်အတန်းက ကလေးက သူ့ပန်းကန်ထဲက အကြော်တကိုက် နှိုက်စားလို့တဲ့လေ။ ထမင်းတွေရော ကျန်တဲ့အကြော်ရော အကုန်သွန်ပစ်တာ။ ကျုပ် တော်တော်စဉ်းစားပြီး မင်းတို့အချင်းချင်း စကြ နောက်ကြနဲ့နေတာတွေ့တော့ ငါဝမ်းသာနေတာကွာလို့၊ ကလေးက မင်းကိုခင်လို့ ချစ်လို့ စတာပါ၊ လုစားချင်တဲ့စိတ် မဟုတ်ပါဘူးလို့၊ အစကတည်းက မင်းတို့ချင်းမခင်ရင် သူ ဘယ်လုပ်မှာလဲလို့၊ မင်း စကားကို အဲ့လို ရင့်ရင့်သီးသီးမသုံးသင့်ပါဘူးလို့၊ မင်းပြောတာမဟုတ်ဘဲ မင်းခံရတာဆို ဘယ်လိုနေမလဲ စဉ်းစားကြည့်ပါ ဦးလို့၊ မင်းကို ချစ်ကြခင်ကြတာ ဒီအပြောလေးကြောင့်ပဲ အခုဒီအပြောလေးကြောင့်ပဲ မင်ကို စိတ်ခုကြတော့မယ်လို့၊ အတတ်နိုင်ဆုံးစိတ်ကိုထိန်းပြီး သူ့ကိုပြောပြရတယ်။ နှိုက်စားတဲ့ကလေးကိုလည်း သားရေ ..လူတွေက စရိုက်အမျိုးမျိုးရှိတယ်ကွ၊ အာဃာတ မထားပါနဲ့လို့၊ သူမကြိုက်မှန်းသိပြီဆိုတော့ နောက်မစပါနဲ့ကွာ လို့ ချော့မော့ရတယ်။ အဲ့နောက် သူ့နားကို ကလေးတွေ မကပ်ကြတော့ဘူး။
တခါကြီးကလည်း ကျုပ်က စာစစ်နေတာ။ ဒီကောင်ရယ် ၁၀ တန်း Repeater ကောင်ရယ်က စာပြမလို့ စောင့် နေကြတာ။ ကျုပ်မျက်စိထဲ ဒီကောင် လက်လှုပ်လိုက်တာ ရိပ်ခနဲ မြင်လိုက်တယ်။ Repeater ကောင်က မျက်နှာ ရှုံ့မဲ့မဲ့နဲ့ ဗိုက်နှိပ်ပြီး ကုန်းနေပြီ။ ကျုပ် မသင်္ကာတာနဲ့ မင်းမဟုတ်လား မင်း ဘာလုပ်လိုက်တာလဲဆိုတော့ တံတောင်နဲ့ တွက်လိုက်တာတဲ့။ ဘာလို့တုန်းကွ ဆိုတော့ သား နားရွက်ဖျားကို လက်နဲ့တောက်လို့တဲ့။ မင်းကွာလို့ ဒါပဲ ပြောနိုင်တော့တယ်။ ဟိုကောင့်မေးကြည့်တော့ ရင်ညွန့်ရိုးကို တွက်မိတာတဲ့။ ကျုပ်ကလည်း ဒီလောက်ကလေးတောင် သည်းမခံနိုင်တဲ့ကောင်ဆိုပြီး စိတ်ကတိုရော။ ဒါပေမယ့် စိတ်ထိန်းလိုက်တယ်။
သူ့ကို ပြောပြရာမရောက်ဘဲ ဒီလို ဒေါသထွက်ရတယ်ကွ လို့သင်ပေးလိုက်သလို ဖြစ်မှာစိုးလို့။
မင်းကိုခင်လို့ စတာပါလို့ သဘောမထားနိုင်ဘူးလား ဆိုတော့ ခဏခဏ စ နေလို့တဲ့။ အေး အဲ့ဒါကို လက်မသုံးဘဲ တခြားနည်းနဲ့ မစအောင်လုပ်လို့မရဘူးလားဆိုတော့ ရတယ်တဲ့။ စတဲ့ကောင်ကိုလည်း ဒီကောင့်ကို မစပါနဲ့ကွာ၊ မင်းတို့အချင်းချင်း ရန်များကြမှာစိုးလို့ပါ၊ မင်းကခင်လို့စတာ မှန်ပေမယ့် သူက မကြိုက်ရင် ပျော်စရာ မကောင်း ဘူးလေကွာလို့ ပြောပြလိုက်ရတယ်။ သက်သာသွားတာက စတဲ့ကောင်က ချွတ်တီးချွတ်နောက် ပျော်ပျော်နေ တတ်ကောင်မို့။ စိတ်ဆတ်တဲ့ကောင်ဆိုလို့ကတော့ ဒီကောင်ကွဲပြီ။ အဲ့ကိစ္စနောက် ဒီကောင့်ကို စကြနောက်ကြသံ မကြားရတော့ဘူး။ ၁၀ တန်း Repeater လေးတွေနဲ့ ခပ်တန်းတန်းဖြစ်သွားတယ်။
တခါသားကလည်း ကျောင်းသားနှစ်ယောက် စကားများနေကြတာတဲ့။ များနေတုန်းက မသိလိုက်ဘူး များပြီးမှ သိတာ။ ယောက်ျားလေးတွေဆိုတော့လည်း နေရာတကာ လိုက်ပြောမနေချင်လို့ မသိလိုက်မသိဖာသာပဲ နေ လိုက်တယ်။ အဲ နောက် နှစ်ရက်နေတော့ "ခွပ်-ခွပ်-ဘတ်-ခွပ်-ဖောင်း-ခွပ်" ဆိုပြီး အသံတွေ ဆက်တိုက်ကြား တာ၊ စကြားကတည်းက ပြေးလာတာ ဒီကောင်နဲ့ သူ့သူငယ်ချင်းတယောက်နဲ့ ရေချိုးတဲ့နေရာမှာ အင်္ကျီကျွတ်ကြီးတွေနဲ့ထိုးနေကြတာ။ ကြားက ကျောင်းသားတွေ ဝိုင်းဖျဉ်နေကြလို့ အချင်းချင်း ထိန်းကြပါစေဆိုပြီး ကျုပ် ရပ်ပဲကြည့်နေလိုက်တယ်။
ပြီးတော့ ဖြစ်ကြောင်းကုန်စင်ကို ကာယကံရှင်တွေ တယောက်ချင်းစီ သီးသန့်ခေါ်မေး၊ အနားမှာရှိနေ တဲ့ ကျောင်းသားနှစ်ယောက်ကိုလည်းမေး။ အကြောင်းရင်းက အရင်နေ့က စကားများကြတာကို အခြေခံတယ်။ စကားက ဘာလို့များတာလဲဆိုတော့ ဒီကောင် သူလှန်းနေကျ အဝတ်တန်းပေါ် သူ့ သူငယ်ချင်းက လာလှန်းလို့ တဲ့။ ဒီကောင်နဲ့ စကားပြောလှည့်မှာ မင်းလှန်းနေကျနေရာ သူ လှန်းလို့မရဘူးလားဆိုတော့ သားလှန်းစရာ နေရာ မရှိဘူးလေတဲ့။ ဟာ သည့်ပြင်နေရာတွေ ဟိုမှာ အကျယ်ကြီးဆိုတော့ သားက လှန်းနေကျနေရာပဲ လှန်းတတ်တာတဲ့။ မင်းက ဒီအဆောင်မှာ တသက်လုံးနေမှာလားလို့ ဆိုတော့ ခေါင်းရမ်းတယ်။ လှန်းနေကျနေရာမှာပဲ လှန်းတတ်တယ်ဆို နောက်နှစ် မင်းအိမ် မင်းပြန်ရောက်ရင်၊ နောက် ၁၀ တန်းအောင်လို့ တက္ကသိုလ်တက်ရင် ဒီနေရာကိုပဲ လာလှန်းမှာလားဆိုတော့ မဟုတ်ဘူးတဲ့။ မင်းကွာ ဒီမှာအလွန်ဆုံးနေရလှ ၁၀ လ ပါကွာလို့၊ အားလုံးက မိဘကိုခွဲပြီး ခေတ်စနစ်အရ ပညာရေးကြောင့်သာ ဒီမှာလာနေကြရတာပါလို့၊ အနီးကပ်စောင့်ရှောက်မယ့် မိဘမရှိကြတာချင်းအတူတူ၊ အချင်းချင်းပဲ ပြန်စောင့်ရှောက်ကြရတာလို့ ပြောတော့ ငြိမ်နေတယ်။
ပြောပါဦး မင်းက စထိုးတာလား မင်းသူငယ်ချင်းက စထိုးတာလားဆိုတော့ သားက စထိုးတာတဲ့၊ ဘယ်နှချက် ထိုးမိလဲဆိုတော့ ၄ ချက်တဲ့။ ဟိုကောင်က ဘယ်နှချက်ပြန်ထိုးလဲ ဆိုတော့ နှစ်ချက်တဲ့။ အဝတ်လှန်းရမယ့် နေရာလေးအတွက် မင်းတို့ပေးဆပ်ရတာ မများဘူးလားလို့၊ လှန်းမှာကလည်း အင်္ကျီလေး ၂ ထည်၊ ပုဆိုးလေး ၁ ထည်ရယ်ပါလို့၊ မျှပြီး လှန်းလိုက်ရင်တောင် လှန်းလောက်ပါတယ်လို့ ။ ဒီကောင် ဘာမှ မပြောဘူး ငြိမ်နေတယ်။
ကျုပ်ကလည်း သူငြိမ်နေတာ အခွင့်အရေးယူပြီး ငါ တက္ကသိုလ်တက်တုန်းက အဆောင်မှာနေခဲ့ရင်း ထမင်းစား ခါနီး ထမင်းပန်းကန်ပျောက်၊ လိုက်ရှာတော့ မဆေးဘဲထားထားတာ ပြန်တွေ့ဖူးတယ်။ စိတ်တော့ဆိုးပေမယ့် ကိုယ်က စားချင်လှပြီဆိုတော့ တရားခံရှာချိန်မရဘူး ကိုယ့်ဘာသာ ဆေးစားလိုက်ရတာပဲ၊ အပြင်ထွက်ခါနီး ဆိုင်ကယ်ဦးထုပ်သူများယူသွားလို့၊ တခါတလေ ဆိုင်ကယ်ယူသွားလို့၊ ယူသွားရုံတင်မကဘူး တချို့ဆို ဘီးပေါက်တာ ကို ဆိုင်ရှာမဖာဘဲနဲ့၊ အဲ့ထက်ဆိုးတဲ့လူတွေဆိုရင် မဖာတဲ့အပြင် တွန်းရမှာကြောက်လို့ ပေစီးလာကြတာ တွေ့ဖူး တယ်၊ ကိုယ်ထည့်ထားတဲ့ အဆီပြောင်ပြီး ကိုယ်သွားချိန်ကျတော့ အဆီဆိုင်ရောက်တဲ့အထိ တွန်းသွားရတာ၊ ကိုယ့်အဝတ်လျှော်ဇလုံ ယူသုံးပြီး အဝတ်စိုတွေ မလှန်းခဲ့ ကိုယ်သုံးချင်တော့ ကိုယ်က လှန်းပေးလိုက်ရတာ၊ အိမ်ကပို့ပေးတဲ့ အကြော်အလှော်တွေ ဘယ်လောက်များများ အလွန်ဆုံး ၁ ရက်ပဲ စားရတာတွေ မကြာမကြာကြုံရတယ်။ ကိုယ်တင်ပဲလား ဆိုတော့ မဟုတ်ဘူး။ တချို့သူငယ်ချင်းတွေလည်း ကြုံကြရတာပဲ။ မင်းလိုသာ ရန်လိုက်ဖြစ်နေမယ်ဆိုရင် ဘယ်သူမှ ဘယ်သူနဲ့မှ တည့်ကြမှာမဟုတ်ကြဘူး။ မိပေါင်းသား အများနဲ့နေကြတာ သည်းခံပြီးနေကြရတာပဲလို့။
ငါ မှော်ဘီမှာရှိတဲ့ ဆရာတော်အရှင်ဆေကိန္ဒရဲ့ ၁၆နှစ်-၂၅နှစ်၊ နှစ်ညအိပ် သုံးရက် ယဉ်ကျေးလိမ္မာတရားစခန်းဝင်တာ၊ လူ ၁၄၀၀ ကျော်တယ်လို့၊ ဆရာတော်ကြီးက ပထမဦးဆုံး ငါတို့တွေကို နှစ်ဖက်မြင်တတ်ဖို့ စသင်တာလို့၊ ပိုက်ဆံရှိတဲ့လူ သားသမီး၊ အရာရှိအရာခံသားသမီး၊ ငါတို့လို နယ်ကလူတွေ အားလုံး ဆင်းရဲချမ်းသာ အရုပ်အလှအမြတ်မရွေး တပြေးညီတည်းနေကြရတာလို့။ ဆရာတော်ကြီးက ရှေ့ထွက်ပြီး မိုက်ခရိုဖုန်းနဲ့ စကားပြောခိုင်းတော့ တယောက်တပေါက်နဲ့ အရင်က တခါမှ ဒီလို အများနဲ့မနေဖူးဘူး။ နေ လည်းမနေတတ်ဘူး၊ အခု ဘုန်းဘုန်းကျောင်းမှာ နေကြည့်တော့ ပျော်စရာကောင်းလိုက်တာဆိုပြီး ထပြောကြ တာ ကြက်သီးတောင် ထတယ်လို့။ ဆရာတော်ကြီးက ငါတို့တွေကို အများနဲ့နေရရင်လည်း နေတတ်အောင်၊ တယောက်တည်းနေရရင်လည်း နေတတ်အောင် သေချာဟောပြောပေးခဲ့တာလို့။ ပြောပြသမျှတော့ အကုန်နားထောင်တာပဲ ဘာမှပြန်မကွန့်ဘူး။ အဲ ပြန်မပြော နားမထောင် ဆိုတာလားပေါ့။
အမြဲလိုလို စီခနဲဖစ်လိုက်ပြီဆို သည့်ပြင်တဖက်က ပြောင်းသွားမယ်၊ ဒီကောင်ဒိုင်ခံ။ ဒီကောင်က လက်ပါတတ်တဲ့ကောင်ဆိုတော့ ရိုက်နှက်ဆုံးမလို့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ အဲ ချီးကျူးစရာကောင်းတာက ဒီကောင် စာတော် တော်ဖတ်တယ်။ များသောအားဖြင့် ၉ တန်း ၁၀ တန်း ကလေးဆိုတာ စာဖတ်ရင် စာစီစာကုံး စာအုပ်လောက်ဖတ်တာ။ ဒီကောင်က တွေ့တဲ့စာအုပ်အကုန်ဖတ်တာ။ ထမင်းစားရင်းဖတ်တယ်၊ သည့်ပြင်အချိန်လည်း အားရင်အားသလို ဖတ်တယ်။ ကျောင်းသွားရင်လည်း စာအုပ် တစ်အုပ် အမြဲထည့်ထည့်သွားတယ်။ မျက်မှန်ပါဝါတွေတောင် တိုးလို့။
ပေါင်သင်းဆက်ဆံရေးဖက်မှာ အဲ့လိုဖြစ်နေပေမယ့် စည်းကမ်းပိုင်းကျတော့ သူ့နေရာမှာ စာအုပ်ကလေးတွေ စီနေအောင် ထားတယ်။ ပုံနှိပ်စာအုပ်တွေ၊ လေ့ကျင့်ခန်းစာအုပ်တွေ၊ အိမ်စာစာအုပ်တွေ၊ အကြမ်းစာအုပ်တွေ တကန့်စီ ထားတယ်။ အဲ သူ့စာအုပ်ထဲ သူများစာအုပ်လာရောရင် မကြိုက်ဘူး။ အဝတ်အစားတွေဆို သေချာသပ်သပ်ရပ်ရပ်လေး ခေါက်ထားတာ၊ သူ့အဝတ်ပုံထဲ သူများအဝတ်လာရောရင် မကြိုက်ဘူး။ မကြိုက်တာက နားလည်ပေးနိုင်ပေမယ့် လက်ပါနေတာက ခက်တယ်။ လက်ကလည်း အလွန်သွက်တဲ့ကောင်။
စာဆိုလည်း ပြောစရာမလိုအောင်လုပ်တယ်။ စာရတဲ့အထဲ ပါတယ်။ ဒါပေမယ့် အချင်းချင်း စာတွေမေးရင် မဖြေချင်ဘူး။ စာရေးကိရိယာတွေ ဝေငှမသုံးချင်ဘူး။
သူ့တကိုယ်ရေစာတည်းကြည့်ရင် အပြစ်ရယ်လို့ မတွေ့တတ်ပေမယ့် အများနဲ့၊ သူ့သူငယ်ချင်းတွေနဲ့ကျတော့ စလိုက်စလျောလေး မနေပေးဘူး။ အပေါင်းအသင်းကြားမှာ သာတူညီမျှ၊ မရှိဝေစား မလုပ်နိုင်ဘူး။ သူ့စိတ်မတွေ့ဘူးဆိုရင် တန်းချဲတာပဲ။
အခုဆိုရင် ကျောင်းသွားလည်း တစ်ယောက်တည်း ငေါင်စင်းစင်း၊ ဈေးသွားရင်၊ မုန့်စားထွက်ကြရင်လည်း တစ်ယောက်တည်း ငေါင်စင်းစင်း။ စာကျက်ရင်လည်း တစ်ယောက်တည်း ငေါင်စင်းစင်း။ သူ့သူငယ်ချင်းတွေ၊ သူ့အောက်တန်းက ကလေးတွေကလည်း သူနဲ့ ရင်းရင်းနှီးနှီးမပေါင်းဝံ့ကြဘူး။ တခြားကလေးတွေကို သည်းခံခွင့်လွှတ်ဖို့ လက်တွဲခေါ်ကြဖို့ ပြောပြထားတော့ စကားလုံးဝ မပြောဘဲတော့ မနေကြဘူး။ အရင်လို ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး မဟုတ်ဘဲ လိုအပ်သလောက် မေးထူးခေါ်ပြောပဲ ဖြစ်ကုန်တာ။
ဝါဆိုအခါ ကျောင်းပိတ်တုန်းကများဆို အဖွဲ့လိုက်ကြီး အိမ်က လာအခေါ် စောင့်ကြရင်း မိဘ အရင်ရောက်လာသူတွေက သူ့ကိုလိုက်ပို့ရမလား၊ လိုက်လည်ပါလား၊ သွားနှင့်ပြီနော်နဲ့ အရင်ထွက်သွားတဲ့ လူတိုင်းလိုလိုက နှုတ်ဆက်တယ်။ အခု သီတင်းကျွတ်အခါ ကျောင်းပိတ်တော့ သူ့ကို ပြုံးရုံပြုံးပြကြပြီး အူယားဖားယား နှုတ်ဆက်မယ့်သူမရှိတော့ဘူး။ သူ့အိမ်ကိုစောင့်ရင်း .....သူ တယောက်တည်း ငေါင်စင်းစင်း။
မြဇင်ယော်
Comments