ဗိုလ်ထက်မင်း - ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ - ၎



ဗိုလ်ထက်မင်း - ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ - (၄)
(မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၇



ကြိုတင်ပြင်ဆင်ထားသင့်သည့်ခံစစ်စည်းနဲ့ ရေရှည်ဆွဲထားသင့်သည့် မဟာဗျူဟာစီမံချက်
(သို့မဟုတ်)အစိုးရနဲ့တပ်မတော်တို့က ကျောချင်းကပ်ပြီး ဘယ်လိုဖြေရှင်းကြရင်ကောင်းမလဲ


၃၆။ နယ်စပ်ခြံစည်းရိုးခတ်ရာမှာ ဟိန္ဒူအမျိုးသမီးတွေဖမ်းခေါ်ထားတဲ့  အကြမ်းဖက် ARSA အဖွဲ့က ဘယ်လို ကျော်ဖြတ်ခေါ်ထုတ်သွားနိုင်သလဲဆိုတာ စုံစမ်း မေးမြန်းပြီး နောက်တခါ ဒီလိုနည်းနဲ့ကျော်လို့ မရအောင် ခိုင်ခန့်စွာတည်ဆောက်ရပါမည်။ နယ်စပ်ကို လှည့်ကင်းနဲ့ စစ်ဆေးတာမျိုးပုံမှန် လုပ်တာအပြင် အရပ်ဝတ်နဲ့ လှည့်လည်ပြီး မသင်္ကာစရာတွေ့ပါက စက်နဲ့ လှမ်းခေါ်ရင် လုံခြုံရေးအဖွဲ့က ကားနဲ့ချက်ခြင်းရောက်လာတာမျိုး လေ့ကျင့်သင့်ပါတယ်။ ခြံစည်းရိုး တလျှောက် လုံခြုံရေးဆိုင်ရာ လုပ်ပိုင်ခွင့်တခုခု ထုတ်ပြန်နိုင်ဖို့ လွှတ်တော်မှာ ဆွေးနွေးပြီး ညဘက်ချဉ်းကပ်လာမှုကို လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံး တားမြစ်ခွင့်ပြုထားတာမျိုး၊ နယ်စပ်မှတ်တိုင်များ သင့်တော်တဲ့ အကွာအဝေးလိုက် လုံခြုံရေးကြည့်မျှော်စင်များ တည်ဆောက်သင့်ပါတယ်။ နယ်စပ်ခြံစည်းရိုးနဲ့ ပတ်သက်ပြီး (CCTV ကင်မရာ၊ ဝါယာကြိုး လျှပ်စစ်စီး၊ UAV) စတာတွေ ဆောက်မည်လား၊ ငွေကုန်များတာမို့ အဖျက်သမားတွေ မဖျက်နိုင်အောင် တခါတည်းအကုန်အကျများတာ ခံနိုင်မလား ဆိုတာ စဉ်းစားသင့်ပါတယ်။

၃၇။ နောက်တချက်ကတော့ ဒေသန္တရ အုပ်ချုပ်ရေးနဲ့ စည်ပင်သာယာရေးအဖွဲ့တွေကို ဒေသခံအင်အားနဲ့ ထူထောင်ခြင်းကို ဆောင်ရွက်သင့်ပါတယ်။ ဒီနေရာမှာ မြို့နယ်အဆင့်သာ ပြည်ထဲရေးမှ (ထွေအုပ်)၊ (လဝက) ဌာနနဲ့(နယ်စပ်/စည်ပင်) ဌာနတို့မှ ရုံးနဲ့စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ ထားရှိခဲ့ရာမှ ဘတ်ဂျက်တိုး သတ်မှတ်ကာ မီးလောင်သွားတဲ့ ရွာများကို ဖိဖိဆီးဆီး (ရပ်ကွက်/ကျေးရွာ) အဆင့်ထိ ဝင်ရောက်သင့်ပါတယ်။ ပြည်ထဲရေးက(ထွေအုပ်) ဝန်ထမ်းက ဥက္ကဌလုပ်ပြီး ရဲစခန်းမှူး က အတွင်းရေးမှူး၊လဝက သို့မဟုတ် စည်ပင်သာယာရေး ဌာနတွေဆီက တွဲဘက် အတွင်းရေးမှူး တွေအဖြစ် တွဲထားမလား။ ဒေသခံတွေအနေနဲ့ လည်း မိမိလူကြီးကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှာ ဒုဥက္ကဌနဲ့ အဖွဲ့ဝင်တွေ (ရိက္ခာထောက်ပံရေး၊ ပညာရေး၊ ကျန်းမာရေးတာဝန်ခံ) အဖြစ် ထည့်သွင်းပူးပေါင်း ဆောင်ရွက်ပြီး အုပ်ချုပ်ရေးဝန်ထမ်းနဲ့ စည်ပင်သာယာရေးတို့ကို အကြမ်းဖက်သမားများရန်က ဘယ်လို အကာအကွယ်ပေးထားမလဲ ကြိုတင်စဉ်းစားရမှာပါ။

 ဒေသခံဆိုတာက လက်ရှိ နေထိုင်နေကြတဲ့ ဘင်္ဂလီရွာတွေကိုပါ ဆိုလိုပါတယ်။ ယုံကြည်မှု တည်ဆောက်အနေနဲ့ ရဲနဲ့ပူးတွဲထမ်းဆောင်နိုင်ဖို့ ဒေသခံလူကြီး တာဝန်ယူတဲ့ စိတ်ချရ လူငယ်များနဲ့ ကျေးရွာလုံခြုံရေးအဖွဲ့ကို ဖွဲ့စည်းထားသင့်ပါတယ်။

တိုင်းရင်းသား ဒေသခံတွေမှာလည်း စည်ပင်နဲ့ အုပ်ချုပ်ရေးအပြင် ဒေသကာကွယ်ရေးအတွက် ပြည်သူ့စစ်အဖွဲ့ဆို တာကို ဖွဲ့စည်းထားမှာလား။ ဒါ့အပြင် NCA ထိုးထားတဲ့ ALPလို ဌာနေ တိုင်းရင်းသားများပါတဲ့ လက်နက်ငယ်တတ်ဆင်ပေးထားတဲ့ ပြည်သူ့စစ်အဖွဲ့ဖွဲ့ထားပေးပြီး ရွာလုံခြုံရေး ရဲစခန်းတွေကို အမြန်စစ်ကူပေး နိုင်တဲ့ အချက်အခြာနေရာတွေမှာ အခြေပြုပြီး ရွာ တရွာနဲ့တရွာ လမ်းကြောင်းနဲ့ရွာအပြင်ခရီး၊ လယ်၊ တော တောင်သစ်ခုတ်ရွာသားများ လုံခြုံရေးအတွက် ဒေသခံတွေရဲ့ အကူအညီနဲ့ ဘယ်လို ပူးပေါင်း တည်ဆောက်ကြမှာလဲ စဉ်းစားသင့်ပါတယ်။

၃၈။ ဒေသခံ အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့စစ်၊ ဒေသခံရဲတပ်ဖွဲ့ အပြင် တပ်မတော်စစ်စခန်းတွေနဲ့လည်း ကွန်ယက်ကို တည်ဆောက်ထားသင့်ပါတယ်။ သီးခြားစီ ထားရှိရင် သတင်း စုံစမ်းထောက်လှမ်းမှုများ အချင်းချင်း မျှဝေမှု အားနည်းတာကြောင့် စည်းရုံးရေးမှာ အားနည်းပြီး ထပ်မံ အတိုက်ခံရတာ၊ ဒေသခံတွေ အလစ်အငိုက် အကြမ်းဖက်ခံရတာတွေ ဖြစ်နိုင်ပါတယ်။ အများစုရဲ့ ဘာသာစကားဖြစ်တဲ့ ဘင်္ဂလီစကားကိုလည်း တတ်ထားသင့်တာမို့ တပ်နဲ့ရဲကို ဒေသခံများရဲ့ လုံခြုံရေး အုပ်ချုပ်ရေးအဖွဲ့တွေက အထောက်အကူပေးနိုင်မှာဖြစ်ပါတယ်။ လဝက၊ ရဲအထူးသတင်းတပ်ဖွဲ့နဲ့ စရဖ - ထောက်လှမ်းရေးအဖွဲ့က ကျောထောက်နောက်ခံရှိနေပြီး စစ်တပ်စိုးမိုးရာ ဒေသတွေမှာ လုပ်နေကျ တပ်နယ်အစည်းအဝေး ပုံမှန် လုပ်ပြီး သတင်းဖလှယ်ခြင်းနဲ့ သုံးသပ်ခြင်း လုပ်ဆောင်ရပါမယ်။

ဒီလို လုံခြုံရေးအဖွဲ့တွေနဲ့ ကြပ်မတ်တာကို အဝေးရောက်ဘင်္ဂလီတွေက ခွဲခြားဆက်ဆံခံနေရပါတယ်လို့ အော်ဟစ် ဝေဖန်ကြဦးမည်ဖြစ်ရာ မြန်မာပြည်အတွင်းက မြန်မာမွတ်ဆလင်များနဲ့ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံကို iNGO တွေ လုပ်သလို ဘင်္ဂလီရွာထဲအရောက် လူမှုရေး ကူညီမှုတွေ သွားလုပ်ဖို့ အားပေးတာတွေ၊ မိတ်ဖက် အာဆီယံနိုင်ငံတွေကို အကူအညီ တောင်းပြီး ဝိုင်းရံပေးတွေ လုပ်ကြည့်စေလိုပါတယ်။

ဒီနေရာမှာ UN ,NGO တွေကို ဒေသခံတွေက အမြင်မကြည်လင်ကြရာ သူတို့ချည်းသာ မစေလွှတ်တော့ဘဲ ပြည်တွင်း NGO များ၊လူထုလူတန်းစားအဖွဲ့အစည်းများနဲ့ ပေါင်းစပ်ပြီးအစိုးရဖွဲ့ထားတဲ့ အဖွဲ့အနေနဲ့ စေလွှတ်သင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်းအရ ပြည်တွင်း၊ပြည်ပက မြန်မာအင်အားစုရဲ့ ထောက်ခံအင်အားဟာ ဘယ်အင်အားနဲ့ မတူတာ ပြောသွားတာ ကြိုဆိုဝမ်းသာမိပါတယ်။

၃၉။ လူဦးရေ သန်းကောင်စာရင်းကို ယခင်တခေါက်တုန်းက ကောက်ယူရာမှာ ဘင်္ဂလီ၊ ရိုဟင်ဂျာ ဝေါဟာရကိစ္စကြောင့် မထိရောက်ခဲ့ဘူးဆိုရင် ဒီတခေါက်မှာ ပြန်လည် နေရာချထားရေးကို တစ်ကနေ ပြန်စကြရတာမို့ လူဦးရေစာရင်းကိုတော့ ဘာပဲဖြစ်ဖြစ် ကောက်ဖြစ်အောင် စာရင်း ကောက်ရမှာ ဖြစ်သလို ဧည့်စာရင်းစစ်တာ လို၊ မလိုစဉ်းစားရပါမယ်။ ဘင်္ဂလားဒေ့ခ်ျက ရိုဟင်ဂျာအစား မြန်မာလို့တောင် အမည်တပ်ပြီး ကောက်နေသလို သူတို့ ထုတ်ပြန်ချက်များအရ ဒုက္ခသည်တွေဟာ ၅ သိန်းကနေ ၁၀သိန်းအထိ တိုးတိုးလာနေတာ နေ့စဉ် ပြည်ပသတင်းတွေမှာ မြင်တွေ့နေရပါတယ်။

ဘင်္ဂလီရွာများကို ဒီအတိုင်းဆက်ထားသင့်၊ မသင့်စဉ်စားရပါမယ်။ ပြန်ဝင်လာသူတွေရဲ့ရွာအများစုဟာ မီးလောင်ပျက်စီးကုန်လို့အသစ်တဖန်နေရာချမည့်အတူတူ အောက်ပါ မဟာဗျူမြောက်စီမံချက်များကို စဉ်စားဆုံးဖြတ်နိုင်ဖို့တင်ပြပေးလိုက်ပါတယ်-

(က) တရွာနဲတရွာ အုပ်ချုပ်မှုနဲ့ခရီးလမ်းကွာဝေးလို့စုစည်းရွာပုံစံမျိုး လုပ်နိုင်မလား၊

(ခ) (ရခိုင်၊ ဟိန္ဒူ၊ မြို၊ ဒိုင်းနက် စတဲ့လူမျိုးစု) ရွာတွေနဲ့ သုံးချိုးတချိုး ဖိုခနောင့်ဆိုင် တည်ဆောက်ပေးမလား၊

(ဂ) နောက်တနည်းက ရခိုင်ပြည်နယ်နဲ့ တနင်္သရီတိုင်းဒေသကြီးရဲ့ သီးခြားနယ်မြေတခုမှာ စိစစ်ဖို့အတွက် ပို့ထားပြီး ရေတပ်အခြေစိုက်စခန်းနဲ့ တပ်မတော်၊ ရဲ၊ ဘော်ဒါဂတ်၊ ပြည်သူ့စစ် စတဲ့အင်အားတွေနဲ့ ထိန်းသိမ်း စောင့်ရှောက်ပေးထားမလား၊

(ဃ) ကိုဖီအာနန်ရဲ့အစီရင်စာအရ အကောင်အထည်ဖေါ်ကြောင်း ထင်ရှားစွာစတင် လုပ်ဆောင်သင့်တာကတော့ အကြမ်းဖက်များနဲ့ မပူးပေါင်းတဲ့ ဘင်္ဂလီရွာသားတွေနဲ့ မိသားစုတွေကို ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေအရ အကျုးံဝင်တဲ့ ခံစားခွင့်ကို ချမှတ်ပေးတာနဲ့တပြိုင်နက် နယ်စပ်ကိုလည်း တင်းကျပ်စွာ စိစစ်ထားနိုင်မည်လား၊

(စ) တပ်မတော်ဟာ မဆလခေတ်နဲ့ န၀တ၊ နအဖ ခေတ်တလျောက်လုံးမှာ သောင်းကျန်းသူများနဲ့ အားပေးသူများကို နှိမ်နှင်းရာမှာ ဖြတ်လေးဖြတ် ပေါ်လစီကို ထိရောက် ကျွမ်းကျင်စွာ သုံးစွဲနိုင်တဲ့ အတွေ့အကြုံ ရှိပြီး ဖြစ်ပါတယ်။ အကြမ်းဖက်ဘင်္ဂလီARSA တွေကို နိမ်နှင်းရာမှာ ဖြတ်လေးဖြတ် နဲ့အောင်မြင်ဖို့ ပြည်သူတွေ အသိစိတ်ဓါတ်ရှိရှိပါဝင်ကြမှသာ အရှိန်ရပြီး နယ်စပ်ကို ထိထိ ရောက်ရောက် ပိတ်ထားနိုင်မှလည်း အောင်မြင်နိုင်ပါတယ်။

လက်ရှိမှာ တပ်မတော်၊ ပြည်ထဲရေး နဲ့ နယ်စပ်ရေးရာ ဌာနတွေဟာ (အခု ဘင်္ဂလီအရေးအပြင်) ပြည်တွင်းက မူးယစ်ဆေးဝါး ကုန်သွယ်မှု၊ ဖြန့်ချိမှု၊ ရောင်းဝယ်ဖောက်ကားမှုတွေကို ထိရောက်စွာ တားဆီးနိုင်ခြင်း မရှိတာဟာလည်း စဉ်းစားစရာ အချက်တွေထဲမှာ ပါနေပါတယ်။ ရခိုင်မှာ မူးယစ်ဆေးဝါးတွေ ဖြန့်ချိ လုပ်ကိုင်နေတာတွေဟာလည်း နောက်ခံ ပြသနာတွေထဲမှာ ကြီးကြီးမားမား ပါနေတယ်လို့ စဉ်းစားစေချင်ပါတယ်။ ဒါတွေကို တပ်မတော်က သိရှိနားလည်ပြီး စံမူနာပြ ဖြေရှင်းဖို့ ကြိုးစားလာမည်လား။

၄၀။ အထက်ပါတင်ပြချက်ပါ စီမံချက်အချို့အမျိုးအစားတွေဟာ အမျိုးသားရေးဝါဒီများနဲ့ နယ်မြေဒေသခံ တိုင်းရင်းသားအချို့ရဲ့ဆန့်ကျင်မှုနဲ့တွေ့ကြုံနိုင်ပါတယ်။ ဒါကြောင့် ကိုဖီအာနန်အစီရင်ခံစာပါ အကြံပြုချက်အရ ရခိုင်ပါတီကလူများကို သြဇာရှိတဲ့ တပ်ချုပ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားခေါင်းဆောင်တွေဟာ ရုပ်မြင်သံကြားမှတဆင့် ပြောတာထက် ကိုယ်တိုင် ထိတွေ့ပြောဆိုရှင်းလင်းရပါလိမ့်မယ်။ သူတို့ကို တိုင်းရင်းသားအဖြစ် ပေးတာ မဟုတ်ကြောင်း သေချာစွာရှင်းပြဖို့လိုပြီး၊ နိုင်ငံသား၊ ဧည့်နိုင်ငံသား စတာတွေနဲ့ အရေအတွက်တခုထိ နိုင်ငံသားအခွင့်အရေးတိုးပေးလိုက်မယ်ဆိုရင် နိုင်ငံတကာမှာ အမြင်ကောင်းကာ အရှိန်ကျသွားစေပါမယ်။

၄၁။ ဘင်္ဂလီများအား မြန်မာစကားသင်တန်းများ ဖွင့်လှစ်တက်ရောက်စေကာ မြန်မာနိုင်ငံဥပဒေနဲ့ လူမျိုးတွေရဲ့ ဓလေ့စရိုက် ဟောပြောပိုချပေးရပါမယ်။ သူတို့ရဲ့ ကျန်းမာရေး၊ လူမှုရေးတာဝန်များ၊ ပညာရေးဝန်ဆောင်မှု၊ သက်သာချောင်ချိရေးကိစ္စများကို လူမျိုး၊ ဘာသာမခွဲခြားဘဲ ထိတွေ့ ဆက်ဆံပေးရပါမယ်။ ဘာသာပေါင်းစုံ ဆုတောင်းပွဲအခမ်းအနားတွေ ကျင်းပတာကို ကြိုဆိုရပါမယ်။ နိုင်ငံအတွင်း ဗလီတွေမှာ လွတ်လပ်စွာ ဝတ်ပြု ဥပုဒ်သီလစောင့်နေတယ်ဆိုတာ ပြန်ကြားရေးက ဥပုဒ်နေ့နဲ့တိုက်ဆိုင်ရင် ပြသသင့်ပါတယ်။ ဘာသာရေးတံဆိပ် မကပ်ရေးအတွက် လက်ဦးမှု ယူရပါမယ်၊

ဒီလိုဖြေကွက်လုပ်မှသာ ဘင်္ဂလီအစွန်းရောက်တွေပြောသလိုမဟုတ်ဆိုတဲ့ အတွေးအခေါ် နိုင်ငံတကာက လက်ခံပါလိမ့်မယ်။ အကြမ်းဖက်နည်းလမ်းအတိုင်း တောင်းဆိုလို့ မရဖူးဆိုတာ သက်သေပြလိုက်တာလည်း ဖြစ်ပါတယ်။ တကယ်လို့ နိုင်ငံတကာက ဒီကြားထဲ အစိုးရက စေတနာထား လုပ်ပေးနေတာကို မစောင့်ဘဲ ဖိအားပေးလာပါက အခုလို ဆောင်ရွက်ပေးနေတာတွေ ရပ်ဆိုင်းကုန်တာ ကြန့်ကြာကုန်တာဟာ ဘင်္ဂလီလူမျိုးစုတွေပဲ ထိခိုက်နစ်နာတယ်ဆိုတာကို လက်တွေ့ အသိနဲ့ သိစေရပါမယ်။

၄၂။ ခံစစ်ဆင်တာဥပဒေအရ ကောင်းပေမဲ့ စစ်သဘောအရ တိုက်စစ်က ခံစစ်ထက် တပမ်းသာပြီး အခြေအနေ ဖန်တီးခွင့်ပိုရပါတယ်။ ဒါကြောင့် မိမိအတွင်းစည်းထဲမှာပင် ကြိတ်မနေဘဲ အလွတ်သဘောဖြစ်ဖြစ်၊ ဖိတ်ကြားရင်ဘဲဖြစ်ဖြစ် တိုက်စစ်မျက်နှာစာ ဖွင့်ကစားက တပမ်းသာနိုင်ပါတယ်။ အတိတ်မှာတုန်းက နိုင်ငံတော်အတိုင်ပင်ခံအနေနဲ့ ဥရောပကို သွားရောက်ရှင်းပြမှုကြောင့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဖွဲ့ထားတဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ အကြပ်တွေခဲ့ဖူးပါတယ်။

တကယ်တော့ အစွန်းရောက်မွတ်ဆလင်အကြမ်းဖက်တွေရဲ့ မသမာမှုကို ဆိုးဝါးစွာခံနေရတဲ့ ဥရောပနဲ့ အမေရိကန်နိုင်ငံတွေဟာ မြန်မာပြည်ကိုကျတော့ အခုလိုမျိုး ဆက်ဆံနေတာ အများအမြင်မှာ ထင်ရှားလာသင့်ပါတယ်။ သူတို့နိုင်ငံတွေလိုပဲ ဒုက္ခသည်တွေကြောင့် ဒေသခံနိုင်ငံသားတွေက မလိုလား မနှစ်သက်လို့ အစိုးရတွေ ဖြေရှင်းနေရတာကိုလည်း မြန်မာပြည်သူတွေကော နိုင်ငံတကာကိုကော ထောက်ပြတာ လုပ်နိုင်ပါတယ်။

အကြမ်းဖက်ကို အကြမ်းဖက်တွေလို ဆက်ဆံပြီး၊ ဒုက္ခသည်တွေကို ဒုက္ခသည်တွေကို စာနာကူညီတာဟာ နိုင်ငံတကာထုံးစံဖြစ်တာမို့ မြန်မာပြည်ကလည်း သည်လို သဘောထားရှိကြောင်း လက်တွေ့ပြနိုင်ပါတယ်။
သံတမန်နည်းများကို သုံးရာမှာလည်း အစိုးရနဲ့ တပ်မတော်ဟာ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ အာဆီယံ စတဲ့ အိမ်နီးချင်းနိုင်ငံများနဲ့ ကျေလည်မှု နားလည်မှု တည်ဆောက်ထားပြီးနောက် အနောက်အုပ်စုတွေနဲ့ ကုလကို ဆက်လက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

၄၃။ တဖန် တန်ပြန်ထိုးစစ်အနေနဲ့ ဘင်္ဂလီအကြမ်းဖက် ARSA နဲ့ပတ်သက်နိုင်တဲ့ အဖွဲ့တွေ လူပုဂ္ဂိုလ်တွေ အားလုံးကို BLACK LIST ကြေညာဖို့ လိုအပ်ပါက ထုတ်ပြန် အသိပေး ကြေညာသင့်ပါတယ်။ နိုင်ငံတကာက sanction သုံးသလို မြန်မာအစိုးရကလည်း အဆိုပါအဖွဲ့တွေနဲ့သူတွေအား sanction လုပ်တာကို လူထုနဲ့ ပြည်ပအဖွဲ့အစည်းတွေ သိရှိ နားလည်အောင် ထုတ်ပြန်ရပါမယ်။

အောက်တိုဘာ ၈ ရက်အထိ စိစစ်ဖော်ထုတ်မှုအရ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ရဲကင်းစခန်းတွေကို အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ အကြမ်းဖက်အင်အား ၁၇၈၅ ဦးကို နာမည်နဲ့ ရွာအမည်တွေကို စာရင်းရရှိထားတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

လူသားဒိုင်းကာပြီးARSA အကြမ်းဖက်တွေက သုံးလာတဲ့ စစ်နည်းဗျူဟာအပေါ် ဘယ်လိုဖြေရှင်းရမလဲ ဆိုတာ နိုင်ငံတကာကျွမ်းကျင်သူများခေါ်ပြီးWork Shop လုပ်သင့်ပါတယ်။ (ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယကိုမေးတော့ စစ်နည်းဗျူဟာမှာ ဒီလိုပုံစံကို ဖြေရှင်းရမည့် နည်းလမ်း၊ အဓိကရုန်းနိမ်နင်းရေး ပုံစံမှာလည်း မရှိဖူး။ အတွေ့အကြုံမရှိဖူးလို့ပြန်လာပါတယ်။) နိုင်ငံတကာဥပဒေ ကျွမ်းတဲ့ပညာရှင် အစစ်အမှန်တွေကို ဖိတ်ခေါ်ဖို့ ပြောသင့်ပါတယ်။ နိုင်ငံတကာဥပဒေနဲ့ အမျိုးသားရေးအနေအထား မှန်မှန်ကန်ကန် ပေါင်းစပ်ပြနိုင်ဖို့ လိုပါတယ်။

၄၄။ မိမိအပတ်စဉ်က နယ်ဘက်ဌာနမှာ တိုင်းဦးစီးမှူးလုပ်ခဲ့တဲ့ သူငယ်ချင်းလာရောက်လည်ပတ်ခဲ့စဉ်က မောင်းတောဒေသစစ်ဆင်ရေးမှာ တကယ်ဘဲ တပ်က ခပ်ကြမ်းကြမ်းကိုင်ခဲ့တာ ရှိလားလို့ မေးမြန်းခဲ့သလို စက်ရုံလုပ်ငန်းရှင် စစ်သားထွက် မိတ်ဆွေတစ်ဦးကိုလည်း တီးခေါက်ခဲ့ရာ သူတို့ ပြောပြချက်တွေကို တူတာတွေရှိလို့ ကောက်နှုတ်စုစည်းတင်ပြလိုက်ပါတယ်-

“ပစ်တာတောင် နေရာအများစုမှာ အနားကပ်မှ ထိန်းပြီးတတောင့်ခြင်း ပစ်တာများတယ်လို့ သိရတယ်။ သူတို့က သေနတ်နဲ့ပစ်ခံရတယ်ဆိုပြီး ငိုပြနေတယ်၊ဘယ်မှာလဲ သေနတ်ဒဏ်ရာ တိတိကျကျ မပြဖူး ၊ အင်တာနက်က အဝေးကြီးက ရိုက်ထားတဲ့ ကောင်းကင်ဓါတ်ပုံတွေနဲ့ ရွာမီးရှို့တယ် စွပ်စွဲတာ သူတို့လူတွေ အစားထိုး မီးရှို့ခိုင်းတာရော မဖြစ်နိုင်ဖူးလား၊ တပ်တံဆိပ်လည်း မတတ်ဖူး၊ မုဒိမ်းမှု ဆိုတာ အများကြီးပို့လို့တောင် မဖြစ်နိုင်သေးတယ်။ အထောက်အထားခိုင်လုံမှ၊ ဆေးစစ်ချက်ပြည့်စုံမှ၊ သက်သေရှိမှ မုဒိမ်းမှု မြောက်တာ၊ ရဲဘော်တွေကို အကြမ်းဖက်တွေက ထောင်ချောက်ဆင်မယ်လို့ အထက်က ပြောထားတာ အမိန့်စည်းကမ်းထုတ်ကြပ်ထားတာ ဘယ်တော့မှ ဒီလိုစစ်ဆင်ရေး အချိန်မလုပ်ဘူး။”

၄၅။ “တခုတော့ရှိတယ်၊ သတင်းမရဘဲ စမ်းတဝါးဝါးနဲ့ရှင်းနေရတာသိပ်ခက်တယ်၊စစ်တပ်က တောင်ပေါ်တက် စခန်းကို ရှင်းလင်းရှာဖွေဖို့ အာရုံရောက်နေတာမို့ မြေပြန့်ရွာတွေကို တပ်များများ မလွှတ်နိုင်ချိန် ရွာသားတွေက အစုလိုက် အပြုံလိုက် ထွက်ပြေးတာကို မပိတ်မိတာဖြစ်တယ်။ အကြမ်းဖက်တွေက ရိပ်မိတော့ ၇ွာသားတွေကို ခြိမ်းချောက်လို့ ရွာပြင်ထွက်လာခိုင်းကာ ရွာက ကလေးတွေ လူသားဒိုင်းပုံစံမျိုး မပစ်ရဲအောင် ရှေ့တင်လာတယ်။ ရွာသားအယောင်ဆောင်ပြီး အနားရောက်မှ ဒါးထုတ် ရုတ်တရက်တိုက်ခိုက်လာတဲ့ ရန်သူကို သတိပေးနေရဦး မလား၊ ပစ်ပြီပေါ့။ အကြမ်းဖက်သမား ရဲ့အင်အား(၄၀၀၀) မှာ (၄၀၀) ပစ်သတ်နိုင်တဲ့ အချိုးက အင်မတန်မှ ထိန်းထိန်းသိမ်းသိမ်းလုပ်ခဲ့တာ သိသာတယ်။ ရဲစခန်း (၃၀) ကို တိုက်ခိုက်တာ လူ(၄၀၀၀)ကို ပျှမ်းမျှ အချိုးချကြည့်ပါ။ (၄၀၀) နှုန်းတိုက်ခိုက်လာမည်ဆိုပါက ဒီလူအုပ်ကို လူ(၅)ဦး နှုန်းနဲ့ပစ်လိုက်မှ ငြိမ်ရင်၊ စခန်း(၃၀)ဆိုပါက (၁၅၀)ရှိသွားကာ ကျန်တဲ့ (၂၅၀)ဟာ ရွာ၊စခန်းတွေ ရှင်းလင်းတဲ့အခါ အုံနဲ့ကျင်းနဲ့ထွက်တိုက်တဲ့သူတွေကို ပစ်တဲ့အရေအတွက်သာဖြစ်လို့ နည်းပါးတယ်လို့ဆိုရပါမယ်။ တကယ်ငှက်ပျောပင်တအုပ်တအုပ်ကို တပ်စိတ်တစိတ်ပစ်အားနဲ့ နမူနာပစ်ပြပေးမယ်။ ကျေတောင်ထွက်သွားမယ်။ တကယ် မလုပ်ခဲ့ပါဖူး။”

၄၆။ အစိုးရ ပြန်ကြားရေးနဲ့ တပ်မတော်ပြန်ကြားရေး (မြ၀တီ စသည်) တို့ဟာ ဒီဘင်္ဂလီအကြမ်းဖက် အရေးအခင်းမှာ ပြည်တွင်း ပြည်ပ မီဒီယာများ၊ နိုင်ငံတကာအစိုးရများ၊ အုပ်စုများရဲ့ နောက်မှာ ကျကျန်ရစ်ခဲ့တာ အထင်အရှားဖြစ်ပါတယ်။ သာမန်ရိုးကျ ၀ါဒဖြန့်ချိရေး ကိရိယာအဖြစ် အသုံးတော်ခံနေတဲ့ စက်ဝန်းထဲက မထွက်နိုင်တာကြောင့်အပြင် ပြည်တွင်းမီဒီယာတွေနဲ့လည်း မိတ်ဖက်အသွင် ဆက်ဆံရေး ခိုင်မာစွာ တည်ဆောက်ထားနိုင်ခြင်း မရှိတာတွေကြောင့် ယုံကြည်စိတ်ချရတဲ့ ကိုးကားမှုကို မခံခဲ့ရပါ။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်မှာ လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားမှုတွေ ရှိနေဆဲဖြစ်တာမို့ မိတ်ဆွေအဖြစ် ဆက်ဆံလိုတဲ့ ပြည်တွင်းမီဒီယာများရဲ့ တွန့်ဆုတ်မှုကိုလည်း တွေ့ခဲ့ရပါတယ်။ ဒါမျိုး ဖြစ်စဉ်တွေဟာ အများကြီး ကြုံခဲ့ရပါပြီ။ တိုင်းရင်းသားအရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အလုပ်သမားအရေး၊ ၀မ်ပေါင်လို စီမံကိန်းများအရေး စတာတွေမှာ အစိုးရနဲ့ တပ်မတော်ပြန်ကြားရေးကို ပြည်တွင်းပြည်ပ မီဒီယာတွေနဲ့ နီးကပ်တဲ့ ဆက်ဆံရေးတွေ မတည်ဆောက် မဖြတ်သန်းခဲ့တာတွေကိုလည်း သင်ခန်းစာ ယူသင့်ပါတယ်။

၄၇။ အစိုးရ MRTVနဲ့ ပုဂ္ဂလိကမီဒီယာတွေက မြဝတီကိုဘဲ ကိုးကားပြီး တင်တင်နေတာ ကြာတော့ သိပ်တော့ သဘာဝမကျတော့ဘဲ သတင်းက တနေရာထဲကဘဲ လာနေလို့ဝန်ကြီးက ခေါ်ညှိကာ ဘက်စုံရှူထောင့်ပေါင်းစုံက မီဒီယာတွေ တက်လာအောင် လုပ်သင့်ပါတယ်။ စာရေးသူ ယူဆချက်က တပ်က Impression ယူတာနားလည်ပေမဲ့ စစ်တပ်မီဒီယာမို့ စစ်တပ်က တင်လိုက်တဲ့ သတင်းကို အခြားပုဂ္ဂလိက မီဒီယာတခုက ရှူထောင့်တမျိုးနဲ့ အတည်ပြုတင်ပေးလိုက်ရင် ပိုမကောင်းဖူးလား၊ စာရေးသူတွေးကြည့်တာပါ။ ဒီအချိန်မှာ နိုင်ငံတကာက လက်ခံသွားဖို့အရေးကြီးတယ်။

ဖြစ်နိုင်ရင် မောင်းတောမှာ သတင်းမှန်အဖွဲ့ ကိုယ်စားလှယ်ရုံးထိုင်ပြီး မီဒီယာကွန်ယက် ဖြန့်ကျက်ထားသင့်တယ်။ မောင်းတောက တက်လာတဲ့ သတင်းတွေကို သတင်းစီစစ်ရေးအဖွဲ့က အတည်ပြုပြီးတာနဲ့ နိုင်ငံတကာသိအောင် အင်္ဂလိပ်လို ဘာသာပြန်တင်နိုင်ရေး အတွက် နေ့ဆိုင်း ညဆိုင်း အလှည့်ကျ တာဝန်ခွဲဝေမှူဇယားနဲ့ Stand By စောင့်သင့်ပါတယ်။ ပြည်တွင်းမီဒီယာကို အခါအားလျော်စွာ သုံးတာထက် များများသုံးသင့်သလို နိုင်ငံခြားမီဒီယာထဲက VOA, RFAနဲ့ အာရှတိုက်မှ မီဒီယာများကို ဖိတ်ခေါ်သုံးခြင်းဖြင့် နိုင်ငံတကာယုံကြည်မှူရစေပါတယ်။

သုတေသနပါ ဘင်္ဂလီတွေရဲ့မဟာဗျူဟာစီမံချက်ရှေ့ပြေးနမိတ်
၄၈။ စာရေးသူတင်ပြနေတဲ့ သုတေသနဆောင်းပါးရဲ့အပိုင်း(၂) အပိုဒ် (၁၆/၁၇) ပါ ဘင်္ဂလီတွေရဲ့ မဟာဗျူဟာ ဒုတိယစီမံချက်အရ ကျင်းပရန်ရှိနေတဲ့ NCA ညီလာခံမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနဲ့တန်းတူထား တက်ရောက်လိုတာဖြစ်ပြီး ဆောင်းပါးတင်နေဆဲမှာပင် ARSA အကြမ်းဖက်အဖွဲ့ကြေညာချက်ထုတ်လိုက်တဲ့ အစိုးရနဲ့ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းခဲ့တာဟာ သူတို့စီမံချက် စတင် ခြေလှမ်းလှမ်း ရုပ်လုံးဖေါ်တာဖြစ်နေတာကြောင့် စာရေးသူထင်မြင်ခန့်မှန်းချက် မှန်ကန်ကြောင်း ထောက်ပြလိုပါတယ်။

သူတို့အစီအမံက ငြိမ်းချမ်းရေးဆွေးနွေးဖို့ အရင်ဆုံးကမ်းလှမ်းတဲ့အဖွဲ့အစည်းအဖြစ် အမှတ်ယူပြီး ကမ္ဘာကနေ သူတို့ကို ငြိမ်းချမ်းရေးသမားကြီးတွေအဖြစ် မြင်သာလာအောင် ကြိုးစားမယ်၊တစ်ဖက်မှာ သေချာတာက တပ်မတော်ဟာ ဘယ်တော့မှ ဆွေးနွေးမှာမဟုတ်ဘူး ဆိုတာကို သိထားရာ အဲ့ဒီလို မဆွေးနွေးလို့ မြန်မာအစိုးရဟာ ရခိုင်ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်အေးချမ်းမှုကို မလိုလားသူအဖြစ် ကမ္ဘာက ထင်မြင်လာအောင် ကြိုးပမ်းခြင်းသာ ဖြစဟန်တူပါတယ်၊ နောက်ဆုံးမှာတော့ မြန်မာအစိုးရဟာ ဆွေးနွေးမှုကို လက်မခံတဲ့အတွက် ပြနလည်တိုက်ခိုက်ရတဲ့ အခြေအနေတွေ အထိဖြစ်အောင် ဖန်တီးထားတဲ့ ထောင်ချောက်တောင်မှ ဖြစ်နိုင်တယ်လို့သုံးသပ်ပါတယ်။

ဘင်္ဂလီအရေး အသုံးတော်ခံများ လာရာနဲ့ လားရာ

၄၉။ ARU ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင် နဲ့ ARSA က Ataullah abu Ammar Junjuni တို့ နှစ်ဦးက သည်မျက်မှောက် ဘင်္ဂလီအရေးအခင်းမှာ ရှေ့တန်းကို ရောက်လာပါတယ်။ အစိုးရသတင်းထုတ်ပြန်ချက်တခုမှာ အကြမ်းဖက်တွေရှိတတ်တဲ့ နိုင်ငံတနိုင်ငံမှာ (ပါကစ္စတန်နိုင်ငံ ကို ဆိုလိုတာဖြစ်နိုင်) ARSA ဟာအကြမ်းဖက်သင်တန်းတွေနဲ့ ဆက်စပ်ပတ်သက်နိုင်တယ်လို့ ဆိုထားရာ ပါကစ္စတန်နောက်ခံတောင် ဖြစ်မလို ဖြစ်လာပြန်ပါတယ်။

၂၀၁၆ ခုနှစ်​ကစပြီး Global Rohingya Center ဆိုပြီး ၀ါကာအူဒင်က နေရာယူထားပြီး ဖြစ်ပါတယ်။ US မှာ ဒေါ်စုအစိုးရ တက်လာပြီးနောက်ပိုင်း ရိုဟင်ဂျာအရေး တိုးပြီး ဆော်သြခဲ့သူ ​ရွှေမောင်​တို့ အုပ်စုက ငုတ်သွားပြန်​ပါတယ်​။ ဗြိတိန်​မှာ BROUK ​ခေါင်း​ဆောင်​လုပ်​​နေတဲ့ ထွန်းခင်​တို့နဲ့ အ​မေရိကန်​တက္ကသိုလ်​​တွေမှာ လိုက်​​ဟော​ပြောရတဲ့ Civil Rights Movement -Myanmar Muslim တာဝန်​ခံ​ ဌေးလွင်​ဦးတို့ကိုလည်း သူတို့ အသိုင်းအ၀ိုင်းထဲမှာ ရှေ့တိုးလာတာ မတွေ့ရပြန်ပါ။ ဒါ့အပြင်​ မွတ်​စလင်​လူ့ အခွင့်​အ​ရေးတက်​ကြွလှုပ်​ရှားသူဆိုပြီး ဗြိတိန်​တက္ကသိုလ်​​တွေမှာ လိုက်​​ဟော​ပြော​နေတဲ့ ​ဒေါက်​တာ ဇာနည်​လည်း သည်တခေါက် ဝါကာအူဒင်​ နောက်ကိုကနေ ထောက်ခံအားပေးသူအဖြစ် လှုပ်ရှားနေရုံသာ ရှိပါတယ်။ ဒါကတော့ ရိုဟင်ဂျာဇာတ်ခုံမှာ ဇာတ်ဆရာတွေ အလိုကျ သရုပ်ဆောင်နေရတဲ့ သူတွေရဲ့ အတက်အကျတွေကို ထောက်ပြလိုတာပါ။

(ဆက်လက်ဖော်ပြပါမည်)

Comments