အောင်မော်ဦး - "သောက်နေကျကော်ဖီဟာ မနေ့ကထက် အေးစက်နေခဲ့တယ်"


အောင်မော်ဦး - "သောက်နေကျကော်ဖီဟာ မနေ့ကထက် အေးစက်နေခဲ့တယ်"
(မိုးမခ) အောက်တိုဘာ ၁၊ ၂၀၁၇

“မိုးတွေညို့လာပြီ .. ကို
ဟောဟိုက ကော်ဖီဆိုင်မှာထိုင်ကြစို့တဲ့”
ခုလိုမျိုး အုံ့အုံ့အေးအေးမှာ
ကော်ဖီနွေးနွေးလေးသောက်ရတဲ့ အရသာဟာ
ဘာနဲ့မှမလဲနိုင်ဘူးလို့ သူကဆိုတယ်။

ဖွင့်ကာစ ကဖေးဟာ
ဖောက်သည်တွေကို ဖောက်သည်ချဖို့
ရုပ်မြင်သံကြားကို အကျယ်ကြီးဖွင့်ထားတယ်
ဖန်သားပြင်ဟာလည်း ဆိုင်းဘုတ်ကိုင်ထားသူတွေနဲ့ ပြည့်လို့ပဲ။

"ဒါ .. တရားမျှတမှုအတွက် တောင်းဆိုနေကြတာလား"တဲ့ သူက မေးတယ်
ကျနော့်အဖြေကိုမစောင့်ဘူး
တီဗွီရှေ့ တိုးသွားတယ်
“We stand with you” ဆိုတဲ့ ဆိုင်းဘုတ်တွေကိုတွေ့တော့ သူ ပြုံးတယ်
ဒီလိုအပြုံးမျိုးနဲ့ သူ့ခေါင်းကို ဖြည်းဖြည်းချင်းယမ်းနေတဲ့ တဒင်္ဂဟာ
ကျနော့်အတွက် တဘဝစာမျှ ကြာခဲ့တယ်။

“အပြင်မှာ မိုးတွေရွာနေပြီ .. ကို”တဲ့
ပြတင်းဝကနေငေးရင်း သူပြောတယ်
ကြည့်နေရင်းကိုပဲ လေရောမိုးပါ သည်းလို့
ဒီမိုးဟာ သစ်ရွက်တွေကို ချွေလိမ့်မယ်
“နောက်ဆုံးအိပ်မက်” သီချင်းထဲကလိုပဲ
သစ်ရွက်တွေဟာ ကြွေကျကြရလိမ့်ဦးမယ်
သစ်ရွက်တွေဟာလည်း ကြွေကျနေကြတယ်။

ခုလို စကားစပြတ်သွားတိုင်း
ပြိုင်တူမော့သောက်နေကျ ကော်ဖီဟာ
ရနေကျကော်ဖီနံ့ သင်းသင်းကိုမရဘူး
ပေါ်ပင်ဖြစ်နေတဲ့ သတင်းတွေနဲ့မွှေးလို့
အဲသည်နေ့က
သောက်လက်စ ကျနော့်ကော်ဖီဟာ
မနေ့ကထက် အေးစက်နေခဲ့တယ်။

အောင်မော်ဦး
စက်တင်ဘာ ၃၀၊ ၂၀၁၇

Comments