စာအုပ်ဖတ်နေရင်း လည်ချောင်းထဲကျသွားတဲ့နှပ်ဆေးရည်တွေကြောင့် ပျို့တက်လာတယ်။ အန်လို့လည်းမထွက်။ ချွေးစေးတွေပြန်လာတယ်။ ဒီလို အခိုက်အတံ့တွေမှာ ကွမ်းယာကို မစားတော့ဘူးလို့ ခဏခဏဆုံးဖြတ်လေ့ရှိပေမယ့် နောက်ရက်တွေကျတော့လည်း ဆက်စားဖြစ်တာပါပဲ။ ကျွန်တော်စားတဲ့ကွမ်းယာက ဗမာဆေးပါးပါး နှပ်ဆေးရည်ရွှဲရွှဲနဲ့ အုန်းသီး စိမ်း ထည့်စားတာပါပဲ။ ကွမ်းယာကို အသက်နှစ်ဆယ်ကျော်လောက်ကနေ မပြတ်စားမိတယ်လို့ ထင်ပါတယ်။ ငယ်ငယ်က ကွမ်းယာစ စားဖူးတာကတော့ အဖိုးကြောင့်ပါ။ ကျွန်တော် သွားနာတော့ အဖိုးက ကွမ်းယာစားရင်သက်သာတယ် ကွမ်းယာ စားမလားငါ့မြေးဆိုပြီး အဖိုးက သူ့ကွမ်းအစ်ထဲကကွမ်းကို သူကိုယ်တိုင်ယာ ကျွေးပြီးမှ အမေ့ကို နင့်သားကွမ်းယာတွေ စားနေတယ်ဆိုပြီးပြန်တိုင်လို့ အရိုက်ခံခဲ့ရတာကိုလည်း မှတ်မိပါသေးတယ်။ အမေ့ကိုကြောက်လို့ အိမ်က ကွမ်းအစ်ကို မထိရဲတော့တဲ့ကျွန်တော် အိမ်နဲ့ဝေးတဲ့မြို့က ကားအလိုင်းမင့်အလုပ်ရုံရောက်တော့ ကွမ်းစားတဲ့အကျင့်ပြန်ရလာတယ်။
ကားလာပြင်တဲ့ကားသမားတွေက သူတို့ကားကို ကောင်းကောင်းလုပ်ပေးဖို့ ကွမ်းယာတွေနဲ့လာဘ်ထိုးတော့ တယာစနှစ်ယာစကနေ စစားဖြစ်လာတာပါပဲ။ ကွမ်းတို့ဆေးလိပ်တို့ဆိုတာကလည်း မစွဲခင်ကသာ တိုက်မယ့်လူ ကျွေးမယ့်လူပေါတာ စွဲ လည်းစွဲရော ပေးမယ့် ကျွေးမယ့်လူ ရှားလာတာပဲ။
ကောလင်းမှာ အလုပ်လုပ်တုန်းက သိပ်မသိသာဘူးအလုပ်ရှိရင်အိမ်ရှင်က အလုပ်သမားတွေကိုကွမ်းဆိုကွမ်း ဆေးလိပ်ဆိုဆေးလိပ် မပြတ်စေရဘူးဆိုတော့။ နယ်မြို့နဲ့မြို့ကြီးကွာခြားချက်ကအဲ့ဒီနေရာမှာသိပ်သိသာလွန်းတယ် ထင်တာပဲ။ မနက်အလုပ်ဝင်ဖို့အိမ်ရောက်လာရင် ထမင်းကြော်၊ ခေါစီ၊ လက်ဖက်ရည်၊ ကော်ဖီ၊ ကွမ်းယာ၊ ဆေးလိပ်။ နေ့လယ်ခင်းဆို ထမင်းကျွေးတယ်။ ညနေပိုင်းဆို အကြော်၊ လက်ဖက်သုပ် လိုလေသေးမရှိကျွေးမွေးလေ့ရှိတာ နယ်မြို့မှာပဲရှိတဲ့ ယဉ်ကျေးမှု။ ဆေး လိပ်ကုန်ရင် သွားဝယ်။ ကွမ်းယာကုန်ရင် သွားဝယ် လေးငါးရက် အလုပ်လုပ်ရင် လေးငါးရက်ဆက်တိုက် တရက်မှမပြတ်။ မြို့ကြီးက အလုပ်သမားဆိုတာ ရေတောင် ကိုယ့်ဖာသာ ဘူးနဲ့ထည့်ခဲ့ မပါလာရင် ဝယ်သောက်ပဲ။
ကွမ်းစားတတ်လာပြီး တရက်လေးငါးခြောက်ရာ အပိုထွက်ငွေတွေတိုးလာတယ်။ စာအုပ်ဆိုင်ကလေးဖွင့်ဖြစ်တော့ကိုယ်လည်းကွမ်းစား ကိုယ့်သူငယ်ချင်းတွေလည်း ကွမ်းစားတော့ အလုပ်ဖြစ်မယ်ထင်ပြီး ကွမ်းယာခုံလေးတခုံထုတ်ပြီးကွမ်းယာရောင်းဖြစ်ခဲ့ပါသေးတယ်။ မစွံ။ ကိုယ်စားတာရယ်သူငယ်ချင်းတွေ လာစားတာရယ်နဲ့ အရင်းကခဏခဏပြုတ်။ နောက်တော့ ကွမ်းယာခုံပါသိမ်းလိုက်ရတော့တယ်။ ကွမ်းစားရတာကို မြန်မာဆန်တယ် ဘာညာနဲ့ရှာကြံပြီးလည်း ဂုဏ်ယူခဲ့မိသေး တယ်။ ကွမ်းစားရတာကို စိတ်ပျက်မိတဲ့အချိန်တွေကခရီးသွားလို့ ကားတို့ရထားတို့စီးရတဲ့အခါပါပဲ။ ကွမ်းတံတွေးထွေးဖို့ အတော်ဒုက္ခရောက်ရတယ်။ အိတ်တို့ ရေသန့်ဗူးခွံတို့ဆောင်ရတာကလည်း အတော်အလုပ်ရှုပ်တဲ့ကိစ္စ။ တခုသတိထားမိတာကတော့ ကွမ်းတံတွေးထွေးတဲ့အခါ သန့်ရှင်းနေတဲ့နေရာဆိုထွေးရတာ ရှက်ရွံ့မိပြီး ညစ်ပတ်တဲ့နေရာဆို လွယ်လွယ်ကူထွေးမိ တယ် ဆိုတာကိုပဲ။ မလွဲသွာမရှောင်သာကားပေါ်ဆိုင်ကယ်ပေါ်ကနေ ကတ္တရာလမ်းမပေါ် ထွေးလိုက်မိရင် ကိုယ့်ကိုယ်ကိုလိပ်ပြာမလုံသလိုကြီးခံစားရတယ်။ ကွမ်းတံတွေးဆိုတာ ကလည်းကိုယ့်ပါးစပ်ထဲက ထွေးလိုက်တယ်ဆိုပေမယ့်လည်း အပြင်ရောက်သွားတဲ့အခါကျ အလွန်အော်ကလီဆန်စရာကြီးပဲကို။ ခြောက်သွားရင် သိပ်မဆိုးရွားပေမယ့် ထွေးပြီးခါစဆို တကယ်စိတ်ပျက်စရာ။
မြို့ကြီးတမြို့မှာ အလုပ်သွားလုပ်တဲ့အခါကျကျွန်တော် ကွမ်းယာကိုစွဲနေပါပြီ။ သူငယ်ချင်းတွေက မင်းကွမ်းယာဘာလို့ စွဲနေတာလဲလို့မေးရင် `ဘဝက ခံပြင်းစရာမကျေနပ်စရာတွေနဲ့ ပြည့်နေတော့ အံကိုမကြာခဏ ကြိတ်မိတယ်ကိုယ်အံကြိတ်တာကို လူမသိအောင် ကွမ်းယာစားဖြစ်တယ်ပေါ့ကွာ´ဘာညာ လျှောက်ပြောတာပဲ။ မြို့ကြီးမှာက ကွမ်းတရာကိုငါးဆယ်ပေးစားရတော့ ငွေအတော်ထိပါတယ်။ တရက်ကိုတထောင် ထောင့်ငါးရာဆိုတာ ကွမ်းယာအတွက် ပုံမှန်ထွက်ငွေပါပဲ။ ကိုယ့်ဝင်ငွေက တရက်ကို ငါးထောင် ဒါတောင်တလကုန်မှ တလရှင်းရတာ။ လစာကလည်း ပုံမှန်ထုတ်မရတော့ ကွမ်းဆိုင်မှာမကြွေးထားလာရတယ်။ တခါတခါ စုရှင်းရင် ငါးထောင်တသောင်းကအနည်းဆုံးပဲ။ တခြားငွေကြေးအပိုသုံးသိပ်မရှိပေ မယ့် ဖုန်းဘေရယ် လက်ဖက်ရည်ဖိုးရယ်ကွမ်းဖိုးရယ်နဲ့ ကျွန်တော့်လက်ထဲက ပိုက်ဆံကြာကြာမခံပါ။ ဖြတ်ဖို့တွေးပြီး နေ ကြည့် ပေမယ့်လည်း စိတ်ညစ်လာရင်ဖြစ်စေတခုတခု စိတ်ထဲခုနေရင် ကွမ်းယာဆိုင်ဘက် ခြေဦးလှည့်မိတော့တာပဲ။ ကွမ်းသံသရာက အဲ့ဒီလို လည်နေခဲ့တယ်။
ကွမ်းယာရောင်းတာကို အရင်ကမိန်းကလေးငယ်ငယ်တွေရောင်းလေ့ရှိတယ်လို့ပြောကြပေမယ့်။ အခုတော့ယောက်ျားတွေပါ ရောင်းလာကြတယ်။ နည်းနည်းရိုင်းတဲ့ စကားတခုကြားဖူးသေးတယ် လင်မရတတ်ကွမ်းရောင်း ဆိုလားပဲ။ ကွမ်းယာရောင်းတဲ့ မိန်းခလေးတွေအရင်က အထင်မကြီးတတ်ကြပေမယ့် အခုခေတ်မှာတော့ သူတို့က အလုပ်ဖြစ်ကြပါတယ်။
ကျွန်တော် အလုပ်လုပ်နေတဲ့မြို့က ကွမ်းယာဆိုင်ဆို ဆိုင်ခွဲတွေလေးငါးခြောက်ဆိုင်နဲ့ တရက်ကို ဆယ်သိန်းဆယ့်ငါးသိန်း ဝင်ငွေရှိတယ်လို့သိရတယ်။ ရောင်းကောင်းတာလည်းမပြောနဲ့ကွမ်းယာဆိုင်တဆိုင်မှာ ကွမ်းယာတဲ့မိန်းခလေး ခြောက်ယောက် လောက်ရှိတယ်။ ဒါတောင် လက်မလည်လို့ ကွမ်းဝယ်တိုင်းစောင့်ရလေ့ရှိတယ်။ ဒါတောင် ကွမ်းယာတမျိုးတည်းရောင်းတာနော် ဆေးလိပ်တွေ နေကြာစေ့တွေတောင် တင်မရောင်းဘူး။ ကွမ်းကလည်း တကယ်စားကောင်းတယ် အဲ့ဒီဆိုင်က ကွမ်းယာကိုစားပြီးရင် တခြားဘယ်ဆိုင်က ကွမ်းမှစားလို့မရတော့ဘူး။ ကျွန်တော်အလုပ်လုပ်တဲ့မြို့က ကုန်ကူးကုန်သန်းယာဉ်တွေများတော့ ကားသမားတယောက်လာမှာရင်ငါးထောင်ဖိုး တသောင်းဖိုးဆိုတော့ သူတို့ဝင်ငွေကိုတွက်ကြည့်ပေါ့။ ဥပဒေနဲ့လည်းလွတ်ကင်းပြီး ဘယ်သူနဲ့မှလည်းယှဉ်ပြိုင်တိုက်ခိုက်စရာမလိုတဲ့စီးပွားရေးလုပ်ငန်းပါပဲ။ အဲ့ဒီဆိုင်က ကွမ်းရောင်းတဲ့မိန်းခလေးတွေက ကွမ်းယာဖို့သက်သက်ပါပဲထုံးတို့ ဆေးတို့ သန့်စင်ပြီးသားကွမ်းရွက်တို့နဲ့ မနက်ကျ ကားနဲ့ထွက်လာ ဆိုင်ဖွင့်ရောင်း။ နေ့လယ်ဖက် ထုံးလိုရင် ပိုင်ရှင်ကကားနဲ့လာပို့။ ညနေဆိုင်သိမ်းချိန်ကျ လာကြိုတဲ့ကားနဲ့ပြန်လိုက်။
ကံတည့်တာပေါ့ကွာလို့ပြောရင်လည်း တကယ်ငေးရလောက်တဲ့ ကံပဲမဟုတ်လား။ အိမ်ဝင်းတွေအများကြီး ဆိုင်ခွဲတွေအများ
ကြီးနဲ့ကွမ်းယာရောင်းရင်းအောင်မြင်နေပုံများ။
လွှတ်တော်ထဲက ကွမ်းယာကိစ္စဘာညာ အသံထွက်လာတော့ ကွမ်းသမားကျွန်တော် ကွမ်းဖြတ်ရမှာကိုတွေးပြီးလန့်မိသေး တယ်။ အသံဆိုတာကလည်း အသံဆိုတော့ ပြန်ငြိမ်သွားလို့တော်ပါသေးရဲ့။ ကွမ်းယာဖိုးနဲ့ဝင်ငွေနဲ့အဆင်မပြေတော့`မင်း တို့က ကွမ်းဝါးတာကွ ငါတို့က ကွမ်းစားတာ´ဆိုတဲ့အဖေ့ရဲ့စကားကိုသတိရမိပါတယ်။ ကျွန်တော့်အဘိုးလည်းကွမ်းစားပါ တယ်။ ကျွန်တော့်အဖေလည်း ကွမ်းစားပါတယ်။ သူတို့ကကွမ်းအစ်နဲ့စားတာပါ စားရင်လည်း ထုံး ဆေး ကွမ်းသီး နှစ်စိပ်သုံးစိပ်လောက်နဲ့ တနေကုန်မြုံနေတာပဲ။ တရက်မှ နှစ်ယာသုံးယာကုန်တာရယ်။ အဲ့ဒီလို ငုံတာကအခုခေတ်ဆေးတွေနဲ့ဆို အန္တရာယ်များမယ့်ပုံပါပဲ။ ကျွန်တော့်မိတ်ဆွေ ဦးလေးကြီးတယောက်ပြောဖူးတာကတော့ `မင်း ကွမ်းစားမယ်ဆို ပိုက်ဆံကိုတော့ မနှောမြောနဲ့ ငုံမထားနဲ့ မြုံမထားနဲ့ ဝါးပစ် ပြီးရင်ထွေးပစ်လိုက် အဲ့ဒါ အန္တရာယ်ကင်းတယ်´ တဲ့။ ဟုတ်လည်းဟုတ်မှာပါပဲ ကွမ်းသီးကို ဓာတုဆေးနဲ့စိမ်တာတို့ ဆေးတွေမှာဓာတုဆေးတွေပါတာတို့ ကျွန်တော်တို့ကြားနေကြရတာပဲ။ ပါးစောင်ကင်ဆာသွားနဲ့ခံတွင်းရောဂါတွေလည်း မြင်ရကြားနေရတာပဲ။ ဒါပေမယ့်ကျွန်တော် ကွမ်းမပြတ်သေးပါ။
တံတားဦးက ကွမ်းနုဝါ ငါန်းမြာကဆေး ကွမ်းသီးတောင်ငူနှင့် ကိုင်းထုံးဖြူ ပြည်သျှား သာဝါးလို့ထွေး ဆိုတဲ့ လူဦးမင်းရဲ့ ဒွေးချိုးလည်းရှိခဲ့တော့ အရည်မရအဖတ်မရကွမ်းယာရဲ့သမိုင်းကလည်းမသေးဘူးမဟုတ်လား။ ကလျာမဂ္ဂဇင်း စာရေးဆရာ အဆိုတော်မင်းသားကြီးရဲ့ ကွမ်းစကားတွေကလည်းစွဲရသေး အရည်မရ အဖတ်မရပေမယ့် ရသတခုခုတော့ပေးစွမ်းတဲ့ ကွမ်းယာတဲ့။ ယိုးဒယားတွေလည်း ကွမ်းစားတယ်ဆိုပေမယ့် အခုတော့ မစားကြတော့ဘူးလို့ ဆရာမောင်သာချိုရဲ့ဟောပြောပွဲတခုထဲ ကြားဖူးတယ်။ ကွမ်းတဗြစ်ဗြစ်နဲ့ဆို မြန်မာပဲတဲ့။
ကျွန်တော်ရူးတဲ့ရောခ့်ကာတွေလည်းကွမ်းစားကြတာပဲ။ စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးတာက ရှက်ဖွယ်ရာ၊ လူကြား သူကြားထဲ ကွမ်းစားရင်းရောက်ရင်လည်းမသက်သာ။ ကိုယ်ကြိုက်လို့ကိုယ်စားတာပဲဆိုပေမယ့် သူတပါးအတွက် စိတ်အနှောက်အယှက်မဖြစ်ဖို့လည်းလိုတယ်မဟုတ်လား။ ကျွန်တော်ကိုယ်တိုင်လည်း အတတ်နိုင်ဆုံး ဆင်ခြင်ပေမယ့် မလွဲသာမရှောင်သာရင် ထွေးပစ်မိတာပါပဲ။ လုံးဝထွေးဖို့နေရာ အဆင်မပြေတာမျိုး လူကြီးတွေစကားဝိုင်းထဲရောက်နေတာမျိုးတွေမှာ မျိုချမိရင်အတော်အဆင်မပြေဖြစ်ရတယ်။ ဘယ်လိုပဲ သေသပ်အောင်သတိထားပေမယ့်လည်း အင်္ကျီအဝတ်အစားတွေမှာ ကွမ်းသွေးကွက်တွေ စွန်းနေတတ်ပါတယ်။ အင်္ကျီအဖြူ သိပ်ကြိုက်တဲ့ကျွန်တော် အင်္ကျီအဖြူကို ဝတ်ဖို့တွန့်နေမိတာလည်း ကြာပါပြီ။
ဒီရက်ပိုင်းတွေထဲကွမ်းယာဖြတ်ဖို့ပြန်ကြိုးစားနေမိတယ်။ ကွမ်းစားလာတာ ငါးနှစ်လောက်ရှိပြီဆိုတော့ နားရတော့မယ်လေ။ ကိုယ်ကစပြီး ပြောင်းလဲနေပြီလို့ လူတွင်ကျယ်လုပ်ချင်တာ မဟုတ်ပေမယ့် ကွမ်းယာစားတာက သိပ်အဆင်မပြေတော့ဘူး။ နဂိုက မကောင်းတဲ့အံသွားတွေက အခေါင်းပေါက်တွေဖြစ်နေပြီ။ ကွမ်းစားများတော့ သွားတိုက်ပြီးလည်း နီကြောင်ကြောင်နဲ့ပင်ကိုယ်ရောင်မရှိတဲ့ သွားတွေကလည်း အရုပ်ဆိုးတယ်။ တခုရှိတာက စိတ်စွဲကြောင့်လားတော့မသိဘူး ကွမ်းယာမစားပဲနေကြည့်တိုင်း သွားတွေက နာနာလာတတ်တာပဲ။ အဲ့ဒီအချက်ကလည်း ကျွန်တော် ကွမ်းမပြတ်ရခြင်းရဲ့ အဓိကအချက်တခု။
ပြီးတော့ အရက်သမားတွေလက်တုန်သလို လေပျို့သလို၊ ဆေးသမားတွေဆေးဖြတ်ရင် ယင်းထသလို တခုခုစားပြီးတိုင်း ခံတွင်းချဉ်လာတာ တခုခုဟာတာတာကြီး ခံစားရတာ၊ စိတ်အလိုမကျတာ၊ ဒေါသထွက်လွယ်တာ ကွမ်းဖြတ်ရတာလည်း သိပ်မသက်သာလှပါဘူး။ ခံတွင်းချဉ်တိုင်းရေထသောက် ရေထသောက်ပြီး ခံတွင်းချဉ် သံသရာရှည်ပေစွ။ ဒါပေမယ့် အခုတော့ကျွန်တော်ကွမ်းယာ့ ဖြတ်ဖို့တွေးနေမိပါတယ်၊ ကွမ်းနဲ့ပတ်သက်တဲ့ ရောဂါတွေမြင်ရင်လည်း ကြက်သီးထရ။ စာအုပ်ဖတ်တဲ့အခါ ကွမ်းထထထွေးရ၊ထမင်းစားခါနီးတိုင်းပလုတ်ကျင်းရသက်သက် အလုပ်ပိုတခုပဲ မဟုတ်လား။ နေရာတကာ ကွမ်းတဗြစ်ဗြစ်နဲ့ကလည်း ရှက်စရာ။ ဒါပေမယ့် စိတ်ပေါ့ဗျာ သွားမစနဲ့စွဲတတ်တယ်ဆိုတာကိုဂရုမစိုက်ပဲ စမိစွဲမိခဲ့ခြင်းရဲ့ ဒုက္ခကလည်း မသေးလှဘူး။ ငါ့နေ့တိုင်းစားနေတာ ဘယ်မှာစွဲလို့လည်းလို့ဟာသလုပ်ပြောရအောင်ကလည်း ကိုယ့်အကြောင်းကိုယ်အသိဆုံးပဲလေ ညအိပ်ခါနီးတောင် ကွမ်းမစားရရင် အဆင်မပြေတဲ့အထိဖြစ်နေတော့ မခက်ဘူးလား။ အရိယာ သူတော်စင်တွေကိုလည်း ဒီတချက်တည်းတင် ကြည်ညိုမဆုံးဖြစ်ရတယ်။
ကိုယ့်မှာက ဒီကွမ်းယာလေးဖြတ်ရတဲ့ကိစ္စတောင် ခက်ခက်ခဲခဲ မဟုတ်လား။
လင်းသက်ငြိမ်
Comments