(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၁၇
ဒီကဗျာမှာ
မေတ္တာပန်းတွေ ဒီခေတ်ကြီးမှာညှိုးနွမ်းနေတယ်ဆိုတာပါတယ်။
ဒီကဗျာမှာ
ကျောင်းနဲ့ဝေးနေတဲ့ ကလေးတွေရဲ့
အနာဂတ်ပါတယ်။
ဒီကဗျာမှာ
ရွှေချထားရမယ့် မနက်စောသာယာတဲ့
ငှက်ကလေးတွေရဲ့တေးသံပါတယ်။
ဒီကဗျာမှာ
တိမ်မည်းတွေ နောက်ကလိုက်နေလို့
လူကြိုက်နည်းတဲ့လူတယောက်ရဲ့
ကောင်းကင်ပျောက်နေတဲ့ညနေတွေပါတယ်။
ဒီကဗျာမှာ
ကိုယ့်လူတွေအတွက်
ကော်ဖီစစ်စစ်တအိုးနဲ့ မန္တလေးရမ်တလုံးပါတယ်။
ဒီကဗျာမှာ
နိုင်ငံရေးကိုပြောနေပေမယ့်
နိုင်ငံရေးမှန်းမသိအောင် လှလှပပဖုံးကွယ်ထားတဲ့
နိမိတ်ပုံတွေပါတယ်။
ဒီကဗျာမှာ
တိမ်းတွေပျောက်နေတဲ့ကြယ်တာရာနက္ခတ်အစုံနဲ့
ကြည်နူးစရာ ညကောင်းကင်တခုပါတယ်။
ဒီကဗျာက
ကဗျာဆရာရဲ့အဇ္ဈတ္တကိုကြည့်မှန်တချပ်လို
ထောင်ပြထားပါတယ်။
ဒီကဗျာက
ကဗျာဖတ်သူ ကိုယ်တိုင်ရဲ့ ဝင်းလက်တဲ့ အနာဂါတ်
ဆီသွားတဲ့တံခါးတချပ်လည်း ဖြစ်နိုင်ပါတယ်။ ။
နေထက်နိုင်
အောက်တိုဘာ ၇၊ ၂၀၁၇
Comments