ရန်ကုန်ဆေးရုံကြီးက ကင်ဆာဝေဒနာရှင်များအတွက် ဆေးသွင်းထိုင်ခုံများ ရောက်ရှိပါပြီ



ရန်ကုန်ဆေးရုံကြီးက ကင်ဆာဝေဒနာရှင်များအတွက် ဆေးသွင်းထိုင်ခုံများ ရောက်ရှိပါပြီ
(မိုးမခ) အောက်တိုဘာ ၅၊ ၂၀၁၇

အောက်တိုဘာလဆန်းရက်က ရန်ကုန်ဆိပ်ကမ်းကို ရောက်ရှိလာတဲ့ ရန်ကုန်ဆေးရုံကြီး ကင်ဆာဝေဒနာရှင်များအတွက် ထိုင်ခုံတွေ မမျှော်လင့်ဘဲ လုပ်ထုံးလုပ်နည်းအချို့ကြောင့် ကြန့်ကြာနေရာမှ ယမန်နေ့ကပဲ အစစ အဆင်ပြေသွားပြီ ဖြစ်ကြောင်း သိရှိရပါတယ်။


 ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းများနဲ့ စေတနာရှင်များ ၀ိုင်းဝန်းလှူဒါန်းကြတဲ့ လူနာထိုင်ခုံ အလုံး ၆၀ ဟာ ကွန်တိန်နာ တလုံးစာ ရန်ကုန်ဆိပ်ကမ်းကို ရောက်ရှိလာခဲ့ပြီးနောက် ကြန့်ကြာနေရာက အလှူရှင်များ၊ ဌာနဆိုင်ရာများ၊ ၀ိုင်းဝန်းကြတဲ့ ကုမ္ပဏီများရဲ့ ကြိုးပမ်းအားထုတ်မှုတွေကြောင့် လျင်မြန်ချောမွေ့စွာ အမြန်ဆုံး အသက်သာဆုံး အခွန်နှုန်းနဲ့ ရက်အနည်းငယ်အတွင်း ထုတ်ယူခွင့်ရရှိခဲ့တယ်လို့ ဆိုပါတယ်။ 


ထုတ်ယူခွင့် ရပြီးပြီးချင်းပဲ စေတနာရှင်တွေ စုပေါင်းပြီးတော့ ကိုယ်တိုင်ကိုယ်ကျ ရန်ကုန်ဆေးရုံကြီးက ဓာတ်ရောင်ခြည် ဆေးကုဌာနကို သွားရောက်ပေးပို့ တပ်ဆင် လုပ်အားပေးခဲ့ကြလို့ သိရပါတယ်။ 


 

 စေတနာရှင်များက အားလုံးကို ကျေးဇူးတင်တဲ့အကြောင်းကို သူတို့ ဖေ့စ်ဘုတ်ကနေ ပြန်ကြားထားပါတယ်။




 ကင်ဆာဆေးသွင်းထိုင်ခုံများ တင်သွင်းသည့် ကိစ္စအဝဝအတွက် လူအား၊ အကြံဉာဏ်အား၊ ငွေအားတို့ဖြင့် ကူညီဆောင်ရွက်ပေးပါသော Amarapura Maritime Services Co., Ltd နဲ့ တင်သွင်းပေးခဲ့တဲ့ သူငယ်ချင်း ထီးဆိုင်ရဲ့ Reetech (Myanmar) Co., Ltd (ကုန်ကျစားရိတ် အခွန်အခများအားလုံးနီးပါးကို ကျခံလှူဒါန်းပေးကြတာပါ) ၊ မိမိတို့အဖွဲ့အားယုံကြည်စွာ ဝိုင်းဝန်းလှူဒါန်းပေးခဲ့ကြသောအလှူရှင်များ၊ ထိုင်ခုံများဆိပ်ကမ်းကနေ အမြန်ဆုံးထုတ်ယူနိုင်အောင် ဝိုင်းဝန်းကူညီပေးခဲ့ကြသူများအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ ဆေးရုံမှာထိုင်ခုံနေရာချထားရေး လာရောက်လုပ်အားပေးကြသူများကိုလဲ ကျေးဇူးတင်ပါတယ်ရှင့် -  မေတ္တာများဖြင့် ကင်ဆာဆေးသွင်းထိုင်ခုံများလှူဒါန်းမှု အဖွဲ့

Comments