ကောင်းကင်ကို ● မြွေတွေနဲ့ စွန့်စားခန်း

ကောင်းကင်ကို ● မြွေတွေနဲ့ စွန့်စားခန်း
(မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၁၇

နေရာတကာမှာ မြွေတွင်းတွေချည်းပဲ
သူတို့ အရွယ်အစားကို ငါတို့မသိ
သူတို့ ဇစ်မြစ်ကိုလည်း ငါတို့မသိ
ဒီလမ်းတလျှောက်လုံး ခြေထောက်တွေအောက်မှာ မြွေတွင်းတွေ ရှိနေတယ်။
ပုန်းနေတဲ့ “ကာကိုတာကာ” မြွေနဂါးအကြောင်းလည်း ငါတို့မသိ
“တက်ရှာကာ” မြွေနဂါးအကြောင်း အိုင်ဒီယာလည်း ငါတို့မှာမရှိ
ဇီဝိန်ခူးခြွေနိုင်တဲ့ အဆိပ်ပြင်းမြွေတွေဟာ
အသံတရှူးရှူးနဲ့ခြိမ်းခြောက် ရစ်ပတ်ခွေခေါက်နေကြတယ်။

မြွေလမ္ပာယ်ဆရာတွေ ပလွေမှုတ်၊ မြွေတွေ ကအောင်လုပ်နေ
တပည့်တပန်းတသိုက်၊ မြွေတွေကို နွားနို့တိုက်နေ။
လျှို့ဝှက်တောင်ပို့တွေမှာ မြွေတွေဟာဘုရင်တွေလိုဇိမ်ကျ
အန္တရာယ်ကျတော့မယ်ဆိုရင်လည်း မြွေတွေပဲ ကြိုသတင်းရတယ်
အဲဒီအခါ… တွင်းတွေထဲ သက်သောင့်သက်သာပြန်အောင်း
အောက်လမ်းဆရာတွေက မြွေတွေကိုကောင်းကောင်း စောင့်ရှောက်တယ်။

တခါတခါတော့ဖမ်းမိ၊ အဆိပ်မရှိတဲ့ရေမြွေတွေ
မြွေဆိုးတွေကတော့ဆက်မိုက်၊ နိုင်ငံနဲ့ ပြည်သူကိုကိုက်ဆဲ
မြွေတွေ အကြောက်အရွံမရှိ ဆက်ပြီးကြီးထွား
နိုင်ငံကို ဆံစကနေ ခြေဖျားအထိ ဖက်ထားကြတယ်။

နိုင်ငံဟာ ခဏတိုင်းမှာ သေခြင်းတရားနဲ့ ရင်ဆိုင်နေရ
မြွေအန္တရာယ်က လွတ်မြောက်ရာလမ်း
စွန့်စားခန်းခရီးရှည် ပြည်သူတွေကို စောင့်နေတယ်။

By ဒေါက်တာ ကာဗူရီပါပိုင်းယားစက်ထရီ (Dr. Kavuri Papaiah Sastry)

ဘာသာပြန်သူ - ကောင်းကင်ကို

“Indian Nightingales English Rendering” ကဗျာ စာအုပ်ထဲက အိန္ဒိယ ကဗျာဆရာ ဒေါက်တာကာဗူရီပါပိုင်းယားစက်ထရီ ရဲ့ “Saga for Snakes” ကို ဘာသာပြန်ထားတာပါ။ ဒေါက်တာ ကာဗူရီဟာ အငြိမ်းစား ကောလိပ်ပါမောက္ခ တစ်ဦး ဖြစ်ပါ တယ်။  

Comments