ဆူဏီးလ် ● ဖျာတစ်ချပ်ပေါ်က နေ့လည်

ဆူဏီးလ် ● ဖျာတစ်ချပ်ပေါ်က နေ့လည်
(မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၁၇

ဆောင်းအခါသည်ကျန်ရစ်ခဲ့ပြီ။ တဟူးဟူးတိုက်ခတ်လာနေသောနွေလေပူများ ကျွန်တော့်အခန်းပြတင်းဝကိုကျော်ဖြတ်လာ ကြသည်။ ဖျာတစ်ချပ်ပေါ်ကျွန်တော်လဲလျောင်းနေစဉ်ကဖြစ်သည်။ စာကြည့်စားပွဲမှ စားပွဲခင်းမှာတဖျပ်ဖျပ်။ စာအိတ်ဖြူဖြူ များ ကြမ်းထက်သို့ ဝေ့ဝဲကာ။ လေထဲမှာပါသော ကျောက်မှုန်ကျောက်မွှားများက သွပ်ပြားများကို တရှပ်ရှပ်ပွတ်တိုက်နေကြ သည်။ နွေလေများကြောင့် လေထဲမှာရပ်တန့်နေသောမီးသီးက ခပ်ကြမ်းကြမ်းလှုပ်ရမ်းနေသည်။ အနီရောင်တဘက်ကလည်း တလှုပ်လှုပ်။

တန်ဖိုးထားမျှော်လင့်ခဲ့သောအရာများ နွေကြောင့် တဖျစ်ဖျစ်လောင်ကျွမ်းကာ အရည်ပျော်ကျသွားသလိုရှိနေသည်။ ဖျာပေါ် မှာ လှဲမနေဘဲ ပြတင်းဝမှကြည့်လိုက်လျှင် သစ်ရွက်ခြောက်တို့၏ပြာစများကို တွေ့ရလိမ့်မည်။ ကြွေကကျလာသောသစ်ရွက်ခြောက်များနှင့်ပြာမှုန်များ လေထဲတွင် ရောက်မိရောက်ရာလွင့်မျောနေလိမ့်မည်။ ပူပြင်းသော နေရောင်အောက်တွင်  အရိုး အပြိုင်းပြိုင်းထနေသော အဆောက်အဦး ပျက်တခုကိုလည်း တွေ့နိုင်သေးသည်။ တဂျီးဂျီးအသံပြုနေသော စက်ရွေ ဘော်သံများက နွေနေ့လည်ခင်းကို ပို၍စိတ်ပျက်ညစ်ညူးစေသည်။ ကျွန်တော့်တွင် ရာသီဥတုများ၏လှည့်စားမှုကိုကျင့်သားရပြီးဖြစ်သော ပြတင်းပေါက်တခုရှိနေပါသည်။

ခေါင်မိုးပေါ်မှလိမ့်ဆင်းလာတတ်သော အဖြူရောင်မပီမသအလင်းများမှာလည်း ထိုပြတင်းပေါက်မှဝင်ရောက်ကာ ကြမ်း ထက်တွင် ဖိတ်စင် ပေကျံနေတတ်သေးသည်။ မိုးရာသီတွင်ပြတင်းဝကိုကျော်လွန်ပြီး အခန်းကြမ်းပြင်ထက်သို့ တဖျောက် ဖျောက်ကျလာနေသော မိုးစက်များကို ကျွန်တော်ငေးကြည့်နေခဲ့ဖူးသည်။ မိုးစက်ကလေးများမှာ သေးသေးကွေးကွေး။ ကြမ်းပြင်နှင့်ရိုက်မိတော့ မိုးစက်အမှုန်အမွှားပေါင်းများစွာ။ ထိုအခါမှာတော့ မိုးစက်အမွှားများ အထက်သို့ကော့ပျံတက်သွားကြ သည်။ ကျွန်တော့်မှာလည်း ကိုယ်ပိုင်တိမ်စိုင်လေး တခုရှိနေပါသည်။ ကျွန်တော်ဖွဲ့စည်းခဲ့သောတိမ်စိုင်လေးကိုတော့ မိုးမရွာ ချစေချင်ပါ။ နွေလေများမှာ တိုက်ခတ်လျက်သာ ရှိသေး၏။


မျက်နှာကျက်ပြာပြာမှာ တွယ်ကပ်နေသောပင့်ကူတကောင်၏အသိုက်မှာ လှုပ်ခတ်နေသည်။ ကျွန်တော့်အစာအိမ်မှာလည်း တုန်ရီနေခဲ့ပြီ။ အပြင်သို့ထွက်မသွားနိုင်သေးသော နွေလေပူများကြောင့် ပူလောင်အိုက်စပ်နေစဉ် ပြူးကျယ်သောမျက်ဝန်းတစုံနှင့်ကြွက်တကောင်ကို မြင် လိုက်ရသည်။ ကျွန်တော့်အိပ်စက်ခြင်းများအား ခိုးယူခဲ့သူများတွင် ထိုကြွက်ကလည်း အစိတ်အပိုင်းတခုအနေဖြင့် ပါဝင်ပါသည်။ နောက်ပြီး  လတ်လတ်ဆတ်ဆတ်နှင်းဆီ။ ထိုကြွက်၏နှုတ်သီးများကို ကျွန်တော် မုန်းမိသည်။ မနေ့ကလက်ဆောင်ရခဲ့သော ပန်းသီးတလုံး၏ အသားစများ ထိုကြွက်၏ဝမ်းဗိုက်ထဲတွင် ရှိကောင်းရှိနေနိုင်သေး သည်။ မကောင်းဆိုးဝါးသတ္တဝါ။ ဖယောင်းတိုင်တင်ထွန်းသော သစ်သားတုံးဖြင့် ပစ်ပေါက်လိုက်တော့ ဖောင်းကားနေသောဝမ်းဗိုက်ကြီးလှုပ်ကာလှုပ်ကာဖြင့် ထွက်ပြေးသွားသည်။ ကျွန်တော့်ကိုကြွက်ထောင်ခြောက်တခု ငှားပေးပါ။ ကျွန်တော် မနက်စာများ ခဏခဏအခိုးခံနေရသည်။ (ကြွက်စားထားသောအကျန်များ ကျွန်တော်ဘယ်တော့မှမစားပါ။) ဆက်ပြောရန် ရှိသေးသော်လည်း ထိုသတ္တဝါအကြောင်း မပြောတော့ပါ။

ဆောင်းအချိန်ကအကြောင်းကိုတော့ ပြောပြချင်ပါသေးသည်။ နှင်းမိုးတွေရွာစဉ်ကဖြစ်သည်။ ကျွန်တော့်ပြတင်းဝမှကြည့်လျှင် အခြားသောအရာများနှင့်ကျွန်တော့်ကို ပိုင်းခြားထားသော အဖြူရောင်အစိုင်အခဲနှင်းနံရံကို တွေ့ရသည်။ မြို့ကလေးတခုလုံး မှာလည်း အဖြူရောင်နှင်းထုအောက်ခြေတွင် အေးစက်စက်မျောပါနေခဲ့လိမ့်မည်။ မီးဖိုမရှိသောကျွန်တော့်အခန်းကတော့ တုန်ရင်ဖျားနာနေခဲ့သည်။ ကျွန်တော့်ခြေထိပ်များလည်း ထုံထုံကျင်ကျင်။

ပန်းချီဆရာသည် အဖြူရောင်နှင်းပြင်ကိုကျော်ဖြတ်ကာ ကျွန်တော့်အခန်းဆီသို့လာနေခဲ့သည်။ စက်ဘီး စီးနင်းလာသော ပန်းချီဆရာ၏ နောက်ကြောဘက်တွင် နှင်းကွဲကြောင်းကြီးကိုတွေ့ရလိမ့်မည်။ ခဏနေတော့ နှင်းကွဲ ကြောင်းကပြန်စေ့သွား။

ပန်းချီဆရာကလည်းနှင်းချပ်ကြီးကိုထိုးဖောက်ဖို့ကြိုးစား။ ထိုအတိုင်းရုန်းရင်းကန်ရင်း ကျွန်တော့်အခန်းဆီသို့ အရောက်လာ ခဲ့သည်။ မီးသွေးတအိတ်၊ မီးဖိုတဖို၊ ထင်းရှူးဆီများသယ်ဆောင်ကာ ပန်းချီဆရာသည် သူမြတ်နိုးသူထံသို့ အရောက်လာ ခဲ့ပါသည်။ ကျွန်တော့်တွင် ထိုကဲ့သို့ချစ်စရာကောင်းသောမိတ်ဆွေများရှိနေသေးကြောင်း သင်တို့သိစေချင် သည်။ ဖျားနာနေ သော ကျွန်တော့်အခန်း ပြန်လည်နွေးထွေးလာသည်။ ထုံကျင်နေခဲ့သောကျွန်တော့်ခြေထိပ်များ ပြန်လည် လှုပ်ရှားလာသည်။ ကျွမ်းလောင်နေသောလောင်စာများက ကျွန်တော့်တို့ကိုယ်စား အအေးဒဏ်ကို တိုက်ခိုက်လျက် ရှိနေခဲ့ပါသည်။ မီးဖိုဘေးမှ ခွာမသွားနိုင်သော ခန္ဓာကိုယ်များဆီမှတော့  အဖြူရောင်အငွေ့တန်းများ။

ထိုကာလအတွင်း ကျွန်တော်တို့နှင့်တရင်းတနှီးရှိခဲ့သောအရောင်များမှာ နီရဲရဲမီးကျီးခဲနှင့်အဖြူရောင်နှင်းထုသာ ဖြစ်သည်။ အခြားသောအရောင်များနှင့်ကျွန်တော်တို့ လေးငါးခြောက်ရက်ခန့်အဆက်အသွယ်ပြတ်တောက်သွားခဲ့ရသည်။ မုန်တိုင်း တခု ကျွန်တော် တို့မြို့ကလေးမှဖြတ်သွားမလားဟု ရင်ခုန်စွာဖြင့်ပင် ကျွန်တော်စောင့်ကြည့်နေခဲ့သည်။ ထိုကာလများဆီက ဖြစ်သည်။ ဗုဒ္ဓဘာသာသည် တောထဲမှပေါ်ထွက်ခဲ့ကြောင်း၊တောတောင်တွေမရှိရင် ဗုဒ္ဓဘာသာမရှိနိုင်ကြောင်း၊ မြတ်စွာ ဘုရားကလည်း ရဟန်းတော်များ မြက်၊ သစ်ပင် စသည်တို့အားမခုတ်ဖြတ်ရဟု ပညတ်တော်မူခဲ့ခြင်းသည် ပတ်ဝန်းကျင်ကိုသွယ်ဝိုက်၍ထိန်းသိမ်းပေးထားခြင်းဖြစ်ကြောင်း အစရှိသဖြင့် ရေးသားထားသော စာတပုဒ်ကို ကျွန်တော်ဖတ်ရှုနေခဲ့သည်။ ဆောင်းအခါက ဖြစ်ပါသည်။

နွေလေပူများဖြတ်သန်းလာရာလမ်းတလျှောက်တွင် ပြက္ခဒိန်တချပ်ချိတ်ဆွဲထားကြောင်း ကျွန်တော် ပြောဖို့မေ့နေသည်။ နွေဦးပေါက်စကတည်းက ထိုပြက္ခဒိန်သည် ကြမ်းထက်သို့ အခါခါပြုတ်ကျခဲ့သည်။ လေတိုးသွားသောအခါ ထိုပြက္ခဒိန်ဆီမှ တဖျပ်ဖျပ် မြည်သံများကိုကြားရသည်။ ထိုအခါ ခြောက်သွေ့ပျက်ပြယ်စပြုနေပြီဖြစ်သော အပြာရောင်ဆေးသားနှင့် အခန်း သည် ခြောက်ခြားဖို့ပင် ကောင်းသေးသည်။ ထိုကြောက်လန့်စရာကောင်းသော တဖျပ်ဖျပ်မြည်သံကပင် ကျွန်တော့်နေ့စဉ်အခန်းဖော်ဖြစ်လာသည်။ ထိုမြည်သံကို မကြားရရင်မနေနိုင်မှန်းသိလာရသောအခါ ကြမ်းပြင်ထက်သို့ခဏခဏပြုတ်ကျတတ်သော ပြက္ခဒိန်ကို နေရာရွေ့ပေးရန်မဖြစ်နိုင်တော့ပါ။

ပြက္ခဒိန် စာရွက်များ၏ အခြားသောတန်ဖိုးတခုကို ကျွန်တော်နားလည်လာခဲ့သည်။ အမည်းစက်များ၊ အနီစက်များနှင့် ရှုပ် ပွနေသော ပြက္ခဒိန်စာမျက်နှာများပေါ်မှ အမှတ်အသားများ ကျွန်တော့်အတွက် အသုံးမဝင်ဖြစ်ခဲ့သည်မှာ ကြာပြီ။

ကျွန်တော်၏အသိ၊ ကျွန်တော်၏ခံစားမှုများ မသေဆုံးသေးသရွေ့ တဖျပ်ဖျပ်မြည်သံမှလွဲပြီး ထိုပြက္ခဒိန်ထံမှအခြား ဘာမှမလိုအပ်ပါ။

ကျွန်တော်တို့မြို့ကလေးကို တောခြောက်သံများရောမွှေထားသောပွဲတော်တခု ဖြတ်သန်းသွားသော ညတညကဖြစ်သည်။ မနက် သူမ လာနိုးမယ်ဟူသောအသိဖြင့် ကျွန်တော်အိပ်ရာဝင်ခဲ့ဖူးသည်။ ထိုနေ့ညက အိပ်မက်ထဲတွင် နွမ်းလျပင်ပန်းစွာ အိပ်စက်နေသော ကျွန်တော့်ကို တွေ့လိုက်ရသည်။ ပြေးနေသောခြေလှမ်းများ၊ ငြီးငွေ့ဖွယ်ရာသက်ပြင်းချသံများ၊ အခန်းတွင်း သို့ တလှမ်းချင်းလှမ်းဝင်လာသော ခြေလှမ်းတစုံ။

ရှေ့နှစ်ခုမှာအိပ်မက်ဖြစ်၍ နောက်ဆုံးတခုကိုတော့ လက်တွေ့ဘဝထဲမှာပဲ ကျွန်တော်ရလိုက်သည်။

မနေ့က သူမနင်းခဲ့သောကြမ်းပြင်သည် ဖုန်မှုန့်များကြောင့် အရောင်ပြောင်းစပြုလာသည်။ ကျွန်တော့် ခန္ဓာတွင်လည်း လေနှင့်အတူ လွင့်ပါမသွားနိုင်သော ဖုန်မှုန့်တချို့ ငြိကပ်လျက်ရှိသည်။ သူမပေးခဲ့သောစာအုပ်တအုပ် ကျွန်တော်ဖတ်ရဦးမည်။

ယခုအခါ တွင် နွေလေများမှာတိုက်ခတ်လျက်သာ ရှိနေသေးသည်။ ၁၂း၃၀ ။

ကျွန်တော့်အခန်းထဲတွင်တော့ ပြက္ခဒိန်စာရွက်များထံမှ တဖျပ်ဖျပ်မြည်သံများ ကြားနေရပါသည်။
.....

Comments