
ဣေႁႏၵေဇယ် ● အားကြီးသူနဲ့ အားနည်းသူ
(မိုးမခ) အောက်တိုဘာ ၂၁၊ ၂၀၁၇
(မိုးမခ) အောက်တိုဘာ ၂၁၊ ၂၀၁၇
လူမျိုးနွယ်စုတစ်စုပဲဖြစ်ဖြစ်၊ နိုင်ငံတစ်ခုပဲဖြစ်ဖြစ်၊ လူတစ်ယောက်ပဲဖြစ်ဖြစ် အင်အားနည်းရင် အင်အားကြီးသူတွေရဲ့ သား ကောင် ဖြစ်နိုင်ပါတယ်။ အင်အားကြီးသူသာ အနိုင်ရစတမ်းဆိုတဲ့ တောရိုင်းဥပဒေကို သဘာဝအမှန်တရားအဖြစ် လက်ခံ သူတွေရှိပါတယ်။ အင်အားသာ အမှန်တရားအဖြစ် ယုံကြည်သူတွေလည်းရှိသလို အမှန်တရားသာလျှင် အင်အားလို့ ယုံ ကြည်သူတွေလည်း ရှိပါတယ်။
ကျား၊ ခြင်္သေ့၊ မြေခွေးနဲ့ ဝံပုလွေတွေလို တောတွင်းမုဆိုးတွေဟာ သမင်၊ ယုန်၊ သိုးတွေကို အမဲလိုက်၊ ဖမ်းယူ စားသောက် လေ့ရှိပါတယ်။ ဒါဟာ ကျား၊ ခြင်္သေ့နဲ့ မြေခွေး၊ ဝံပုလွေတွေရဲ့ ဓလေ့၊ စရိုက်၊ အလေ့အကျင့် ဖြစ်ပါတယ်။ သူတို့ရဲ့ အမဲ လိုက်တာခံရတဲ့၊ သူတို့ရဲ့ သားကောင်ဖြစ်တဲ့ သမင်၊ ယုန်၊ သိုးတွေဟာ အပြစ်မရှိပေမယ့်လည်း သတ်ဖြတ် စားသောက် တာခံရမှာပါ။ အဲဒါဟာ အင်အားနည်းလို့ ဖြစ်ရတာလို့ဆိုပါတယ်။ အင်အားသာ အမှန်တရား အဖြစ်ယုံကြည်သူတွေက ဒီလိုဖြစ်ရပ်မျိုး၊ ဒီလိုသဘောတရားမျိုးကို ကမ္ဘာကျော် အီစွပ်ပုံပြင်ဖြစ်တဲ့ “ဝံပုလွေနဲ့ သိုးငယ်” ပုံပြင်ကလေးနဲ့ ဥပမာပေး ပြောတတ်ကြပါတယ်။ သူတို့ပြောတဲ့ပုံပြင်ကလေးက ဒီလိုပါ။
ဟိုးရှေးရှေးတုန်းက သိုးငယ်ကလေးတစ်ကောင်ဟာ စမ်းချောင်းငယ်လေးတစ်ခုမှာ ရေသောက်နေသတဲ့။ အဲဒီအခါ အစာရှာ ထွက်လာတဲ့ ဝံပုလွေကြီးတကောင်က သိုးငယ်ကလေးကို တွေ့သွားပါလေရော။ ဆာလောင်နေတဲ့ ဝံပုလွေကြီးက သိုးငယ် ကလေးကို ဘယ်လိုအပြစ်ရှာ ဖမ်းဆီး သတ်ဖြတ် စားသောက်ရင် ကောင်းမလဲ လို့ အကြံထုတ်ပါတော့တယ်။ ချက်ချင်းဆို သလိုပဲ ဝံပုလွေကြီးဟာ ကောက်ကျစ်တဲ့ အကြံတခုနဲ့ သိုးငယ်ကလေးဆီကိုသွားပြီး ....“စမ်းချောင်းရဲ့ ငါ့ဘက်ကအပိုင်းကို ညစ်ပတ်အောင်လုပ်တာ နင်မဟုတ်လားလို့” အော်ငေါက်မေးသတဲ့။
အဲဒီတော့ သိုးငယ်က .... “ခင်ဗျား အခုလို စွပ်စွဲတာဟာ မှားပါတယ်။ မဖြစ်နိုင်ပါဘူး။ ခင်ဗျားနေတာက မြစ်အထက်ပိုင်းမှာပါ။ ရေက အောက် ဘက်ကို စုန်ပြီး စီးဆင်းတာ။ ရေက အပေါ်ဘက်ကို ဆန်တက်ပြီး မစီးဆင်းပါဘူး။ ရေဟာ ခင်ဗျားကို ဖြတ် သန်းပြီးမှ ကျွန်တော့်ဆီကိုရောက်လာတာ ဖြစ်ပါတယ်။ ခင်ဗျားဘက်က ရေညစ်ပတ်တာဟာ ကျွန်တော့်ကြောင့် မဖြစ် နိုင်ပါဘူး” လို့ ပြန်ပြောပါတယ်။
ဒါပေမဲ့ သိုးငယ်ကို သတ်ဖြတ်စားသောက်ဖို့ ခိုင်ခိုင်မာမာဆုံးဖြတ်ထားတဲ့ ဝံပုလွေက ....“ပြီးခဲ့တဲ့နှစ် မနှစ်ကပေါ့။ ငါ့အဖေကို စော်ကားမော်ကားပြောတဲ့သိုးဟာ နင်မဟုတ်လား” လို့ ထပ်ပြီးစွပ်စွဲတယ်။
သိုးငယ်လေးက “မနှစ်က ကျွန်တော် မမွေးသေးပါဘူးဗျာ” လို့ ပြန်ပြောလိုက်ပါတယ်။
ဒါပေမဲ့လည်း
“နင်..ဘူးခံပြီး ဇွတ်ငြင်းနေတာတွေရပ်တော့…။ နင်ဆင်ခြေပေးတာ ဘယ်လိုပဲကောင်း…ကောင်း…၊ ငါကတော့ နင့်ကို စား မှာပဲ” လို့ ဝံပုလွေကပြောပြီး သိုးငယ်ကလေးကို ကိုက်စားလိုက်ပါတော့တယ်။
ကိုယ့်ဘဝကို ဖျက်ဆီးမယ့်သူ၊ ကိုယ့်ကိုဒုက္ခပေးဖို့ဆုံးဖြတ်ထားတဲ့ အင်အားကြီးသူတွေဟာ ဒီပုံပြင်ထဲက ဝံပုလွေလိုပဲ ကိုယ့် မှာ အပြစ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကိုယ့်ကို ဒုက္ခရောက်အောင်လုပ်မှာ ကျိန်းသေပါတယ်။ ဒါကြောင့် အင်အားကြီးသူ သာ အနိုင်ရစတမ်းဆိုတဲ့ တောရိုင်းဥပဒေဟာ ယနေ့တိုင် တည်ရှိနေတာပါ။
ဒီလိုဆို အင်အားနည်းသူတွေအင်အားနဲ့ အနိုင်ယူတတ်သူတွေရဲ့အနိုင်ကျင့်တာကို ဘယ်လိုကျော်လွှားနိုင်မလဲ။
“နာမကျန်းဖြစ်နေတဲ့ ခြင်္သေ့” ပုံပြင်ကို ဖတ်ကြည့်ရအောင်ပါ။
တခါတုန်းက တောဘုရင် ခြင်္သေ့ကြီးဟာ အစာမကြေရောဂါကို ဆိုးဆိုးရွားရွား ခံစားနေရပါတယ်။ ဒီအကြောင်းကိုကြားတဲ့ တောထဲက ဆရာဝန်တွေအားလုံးဟာ သူ့ကို ဆေးကုသဖို့အတွက် ရောက်လာ ကြပါတယ်။
ပထမဆုံး ဆေးကုပေးတဲ့ မြင်းကျားက “အရှင့်ရဲ့ ခံတွင်းနံ့ (ပါးစပ်အနံ့) က တော်တော်ကို ဆိုးရွားတာပဲ” လို့ အော်ကြီးဟစ် ကျယ် ပြောလိုက်သတဲ့။
သူ့အားနည်းချက်ကို အများရှေ့မှာ အပြောခံလိုက်ရတော့ ခြေင်္သေ့ကြီးဟာ ရှက်လည်းရှက် ဒေါသလည်းထွက်ပြီး ...
“မင်းတော်တော် မိုက်ရိုင်းတဲ့ အကောင်ပဲ” ဆိုပြီး မြင်းကျားပေါ်ခုန်အုပ်ပြီး သတ်ဖြတ်လိုက်ပါလေရောကွယ်။
မြင်းကျားရဲ့ အဖြစ်အပျက်ကို သေသေချာချာ၊ မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရတဲ့ ခွေးအက သူဆေးကုရမယ့်အလှည့် ရောက်တော့ ခြေင်္သေ့ကြီးကို ....
“အရှင်သခင်ရဲ့ခံတွင်းနံ့က သင်းပျံ့မွှေးကြိုင်တရနံ့ပါ ” လို့ လိမ်ပြောလိုက်ပါတယ်။
ဒါပေမဲ့လည်း ခြင်္သေ့က
“မင်းငါ့ကို ငတုံးလို့ထင်နေလား။ ငါ့ကို လိမ်တယ်” ဆိုပြီး စိတ်ဆိုးမာန်ဆိုးနဲ့ မာန်ဖီ ဟိန်းဟောက်ပြီး ဒုတိယမြောက် ဆရာဝန် ခွေးအကို ထပ်ပြီးသတ်ပစ်လိုက်ပါတယ်။
တတိယမြောက် ဆေးကုရမယ့်ဆရာဝန်ကတော့ ယုန်ကလေးဖြစ်ပါတယ်။
ခြေင်္သေ့ကြီးက “ငါ့ရဲ့ခံတွင်းနံ့ကို မင်းဘယ်လိုထင်လဲ” ယုန်ကလေးကို ပြီးမေးပါတယ်။
တတိယမြောက် ဆရာဝန်ဖြစ်တဲ့ ယုန်ကလေးကတော့ “ကျွန်တော်မျိုး အအေးမိပြီး၊ နှာဆေးနေပါတယ်။ အဲဒါကြောင့် ဘာ အနံ့မှ မရပါဘူး ” လို့ ပြန်ပြောလိုက် ပါသတဲ့။ ဒီလိုနဲ့ ယုန်ကလေးဟာ ခြေင်္သေ့ကြီးရန်က လွတ်မြောက်သွားပါတော့တယ်။
ဒီလိုအလားသဏ္ဍာန်တူတဲ့ ကိစ္စရပ်၊ ဖြစ်ရပ်တွေမှာ “ယုန်ကလေးနှာစေးတယ်” လို့ ပြောတာဟာ အခက်အခဲတစ်ခု၊ ထောင် ချောက်တစ်ခုကနေ လွတ်မြောက်အောင် အလိမ္မာဉာဏ်သုံးပြီး ဖြေရှင်းတာကို ဆိုလိုတာပါ။ ဒီစကားဟာ မြန်မာတွေကြားမှာ မကြာခဏ ကြားရလေ့ရှိပါတယ်။ “ယုန်ကလေး နှာစေးတယ်” ဆိုတာဟာ ထင်ရှားတဲ့ မြန်မာစာအသုံးအနှုန်း၊ မြန်မာစကားပုံ၊ ဆိုရိုးစကားတွေထဲက တစ်ခုဖြစ်နေပါပြီ။
ဒီပုံပြင်ဟာ ပထမ ပုံပြင် “ ဝံပုလွေနဲ့ သိုးငယ်” ပုံပြင်နဲ့ ခြားနားနေပါတယ်။ ပထမ ပုံပြင်ထဲမှာတော့ အင်အားကြီးပြီးကောက်ကျစ်တဲ့ ဝံပုလွေဟာ သိုးငယ်မှာ အပြစ်မရှိပေမဲ့ စားခဲ့ပါတယ်။ ဒုတိယပုံပြင်မှာတော့ ပညာရှိယုန်ကလေးရဲ့ လိမ်မာပါးနပ်တဲ့ အဖြေ ကြောင့် အင်အားကြီးတဲ့ ခြေင်္သေ့ကြီးရန်က လွတ်မြောက်ခဲ့ပါတယ်။
အဲဒါကြောင့် အင်အားနည်းတဲ့သူတွေဟာ လိမ်မာပါးနပ်မှုဆိုတဲ့ ပညာဉာဏ်ကိုအသုံးချပြီး အင်အားကြီးသူတွေရဲ့ အနိုင်ကျင့် မှုက လွတ်မြောက် နိုင်မယ့်နည်းလမ်းတွေကို ကြံဆနေဖို့လိုပါတယ်။
ဣေႁႏၵေဇယ်
အောက်တိုဘာ ၂၀၊ ၂၀၁၇
Comments