ဗိုလ်သူရိန် ● အရိပ်မဲ့ အဏ္ဏဝါည

ဗိုလ်သူရိန် ● အရိပ်မဲ့ အဏ္ဏဝါည
(မိုးမခ) အောက်တိုဘာ ၁၉၊ ၂၀၁၇


၂၀၁၅ နိုဝင်ဘာ ၃၀ သောကြာနေ့၊ ည ၁၀နာရီ။

ကောင်းကင်ယံတခုလုံး တိမ်ဖြူတိမ်မဲများကြားမှာ လရောင်က ပေါ်လိုက်ပျောက်လိုက်။ပင်လယ်ပြင်ကြီးက လေတဖြူးဖြူးနဲ့ လှိုင်းခေါင်းဖြူလေးတွေ ဖွေးဖွေးလှုပ်လို့။

ကုန်တင်ပေါက် (Cargo hold) ကိုး ပေါက်ပါ တန်ချိန် ၉၀၀၀၀ ကျော် (Bulk carrier)သင်္ဘောကြီးတောင်ကိုရီးယားကနေ လက်တင်အမေရိကဘက်ကုန်သွားတင်ဖို့ ပစိဖိတ်သမုဒ္ဒရာဘက်ကို မောင်းနှင်နေပါသည်။ ယခုဆို ဂျပန် အောက်နားဖက်ကကျွန်းတွေအနားတောင်ကျော်နေပြီ။ သင်္ဘောရဲ့အပေါ်ဆုံးအထပ် ပဲ့ထိမ်းစင် (Bridge deck) ပေါ်မှာ တာဝန်ကျအရာရှိ ကုန်း ၃ (Third officer) နှင့် Duty A /B (Able seaman) တို့ Look out ကြည့်ရင်း မိသားစုအကြောင်းများကို အလွမ်းပြိုင်နေကြသည်။

ဒီအချိန် ရုတ်တရက်

''ဒုန်း ဒုန်း ..''

''အား ..''

''ဟေ့ကောင် ... မပြေးနဲ့ မပြေးနဲ့...''

စတဲ့ အော်ဟစ်ဆူညံအသံများ အောက်ထပ်လူ နေခန်းများမှ ကြားလိုက်ရချိန်မှာတော့ ....

''အကို A B အောက်ထပ်ဆင်းကြည့်ဦးဗျာ ဘာတွေဖြစ်ကုန်ကြပြီလည်း မသိဘူး ထူးရင်ပြန်လာပြောဦး ကျွန်တော်လည်း သူကြီးကို ဖုန်းဆက်သတင်းပို့ရအောင်လို့''

ကုန်း ၃ ရဲ့ တာဝန်ပေးချက်အရ Duty A B ပဲ့ထိမ်းစင် (Bridge deck) ကနေ ပြေးဆင်းသွားပါသည်။ ဒီသင်္ဘောပေါ်မှာက အင်္ဂျင်(Engin)စက်ခန်းအပေါ်မှစ၍ upper deck ,A,B,C,D,BRIDGE DECK ဆိုပြီး ခြောက်ထပ်ရှိရာ B Deck သို့ Duty A B အရောက်တွင် passageway မှာ သွေးအနည်းငယ်ပေနေတဲ့ ဓါးကိုင်ထားသာ ချွေးတချွချွဲနှင့် ထမင်းချက် သင်္ဘောသားများ အခေါ် ချက်ကြီး (Chief cook) ကို တွေ့လိုက်ရတော့ မှင်တက်သွား၏။

 ''A /B ငါ  စက် ၂ (Second engineer) ကို ဓါးနဲ့ ထိုးလိုက်တယ် နားနေခန်း (Recreation room) ထဲမှာ အခုလောက်ဆို သေနေလောက်ပြီ။ ရော့ ဓါးသိမ်းလိုက်တော့ ရေလည်းတိုက်ဦးကွာ''

ချက်ကြီးက မောဟိုက်စွာနှင့်ပြောပြောဆိုဆို ဓါး လှမ်းပေးတော့ ...

''နေဦးခဏ ကျွန်တော့် အခန်းက ရေဘူးနဲ့ ပလက်စတစ်အိပ် သွားယူလိုက်ဦးမယ်'' ပြောပြီး A B က သူ့အိပ်ခန်းထဲ သွားကာ ရေဘူးနဲ့ ပလပ်စတစ်အိတ်အမဲကြီး သွားယူလာပါသည်။ ကိုရီးယားသူကြီး (Captain) နဲ့ အခြား သင်္ဘောသားတွေလည်း ရောက်ရှိလာကြသည်။

ချက်ကြီး (Chief cook)ကို ရေတိုက် ဓါး ကို ပလက်စတစ်အိတ်ထဲထည့်သိမ်းပြီးသူ့ အိပ်ခန်းထဲကို ဝင်ခိုင်းလိုက်ပါသည်။ပြီးတော့ နားနေခန်း(Recreation room)  အခန်းပေါက်ဝမှာ လဲကျနေတဲ့  စက် ၂ ဆီ အပြေးသွားကြကာ အသက်ခပ်မှေးမှေး ရှူ နေသေးတာကြောင့် ရှေးဦးသူနာပြုစုခြင်း (First aid) ဝိုင်းလုပ်ကြပါသည်။ ဘယ်ဘက် ရင်ဘက်အောက်နားမှာ ဒဏ်ရာတွေ့ သော်လည်း သွေးယိုထွက်ခြင်း မရှိပါ။

သူကြီးက Duty A B ကို ခေါ်ပြီး ပဲ့ထိမ်းစဉ် (Bridge deck) ပေါ်ပြန်သွားကာ VHF စကားပြောစက်ဖြင့် အနီးစပ်ဆုံး ဂျပန် ဆိပ်ကမ်းတခုကို လှမ်းခေါ်ပါသည်။ ဂျပန်ဆိပ်ကမ်းဘက်မှလည်း ပြန်လည်ဖြေကြားသောအခါ သူကြီးက သင်္ဘောပေါ်က ဖြစ်ကြောင်းကုန်စင်ကို အတိုချုံးပြီးပြောပြလိုက်တော့ အရေးပေါ်လူနာပါလာ၍ ဆိပ်ကမ်းက သူတို့ဆီမောင်းလာခဲ့ဖို့ ပြန်ပြော ပါသည်။ MV သင်္ဘောကြီး ဂျပန်ဆိပ်ကမ်းဘက်သို့ ပြန်လည်ဦးတည်မောင်းနှင်နေချိန်မှာပဲ အောက်ထပ်မှသတင်းပို့ပါသည်။ စက် ၂ သေဆုံးသွားပါပြီ ဆိုတဲ့အကြောင်း။

ဒီအချိန်မှာပဲ ဂျပန်ဆိပ်ကမ်းဘက်မှ လူနာအခြေနေလှမ်းမေးတော့ သူကြီးက ဆုံးသွားပြီဖြစ်ကြောင်းပြန်ပြောပါသည်။ ဂျပန် ဆိပ်ကမ်းဘက်ကလည်း လူနာသေဆုံးသွားပြီဆို သူတို့ဆိပ်ကမ်းကိုမဝင်လာဖို့နဲ့ သက်ဆိုင်ရာကုမ္မဏီ Order အတိုင်းသာ ပြန်မောင်းသွားဖို့ ပြောလာပါသည်။

သူကြီးလည်း သင်္ဘောကို နောက်ကြောင်းပြန်မောင်းလာသည်။ တနာရီလောက် မောင်းလာအပြီးမှာတော့  အင်ဂျင် (Main egin) စက်ရပ်ထားကာ သင်္ဘောမျှောထား (Drifting) လိုက်ပြီး သင်္ဘောကုမ္မဏီကို စတယ်လိုက်ဖုန်းနဲ့ လှမ်းဆက်ပါသည်။ နောက်ဆုံး တိတိကျကျအဖြေမရသေး၍ သင်္ဘောကို ဒီအတိုင်းပဲ ဆက်မျှောထားပါသည်။

သေဆုံးသူ စက် ၂ ရဲ့အလောင်းကို ဓါတ်ပုံရိုက်ပြီး အားလုံးစုရုံးနေချိန်မှာ  ဆီလောင်း (Oiler) တဦးလည်း ဒဏ်ရာရရှိထား ကြောင်း စက်ခန်း အရာရှိတစ်ဦးက ထပ်သတင်းပို့ပါတယ်။ စက်ချုပ် (Chief enginer)  နဲ့ သင်္ဘောသားတချို့ဒဏ်ရာရထားသူ ဆီလောင်းအခန်းထဲကို သွားကြည့်ကြပါတယ်။ အခန်းတွင်း ဆိုဖာခုံပေါ်မှာ ဝမ်းဗိုက်နဲ့လက်မှာ ဓါး ရှထားသော သွေးသံတရဲရဲ ဖြစ်နေသော ဆီလောင်းတွေ့ရပါတယ်။ ဆေးထည့်ပတ်တီး ဝိုင်းစည်းပေးကြကာ ဖြစ်ကြောင်းအစုံအလင်ကို သူကြီး ရောက် လာပြီး မေးပါတယ်။

ည ၁၂ နာရီနီးပါးရှိလာပြီဖြစ်တဲ့အတွက် Duty ကျ အရာရှိနဲ့ သင်္ဘောသားများမှလွဲ၍ ကျန်သူများကို သူကြီးက  အိပ်ခိုင်းသည်။ ချက်ကြီးကိုလည်း အခန်းအတွင်းမှာသာနေရန်နှင့် ဒဏ်ရရထားသော ဆီလောင်း (Oiler) ကို အခြားဆီလောင်း အဖေါ်တဦး နှင့် အတူအိပ်စေပါသည်။
* * * * *

အခင်းဖြစ်ပြီး နောက်တစ်နေ့ မနက် အရုဏ် တက်ချိန် ၄ နာရီလောက်မှာ သက်ဆိုင်ရာ ကုမ္မဏီက တောင်ကိုရီးယားနှင့်အနီးဆုံး ဂျီဂျုး (jeju) ကျွန်းကိုပြန်မောင်းခဲ့ဖို့ ဖုန်းဆက်လာပါသည်။ (နောက်မှသိရတာက ဂျပန်ဆိပ်ကမ်းကမှ သင်္ဘောကို စောင့် ကြည့်နေပြီး ယခုထိ သူတို့ပိုင်နက်မှာ မျှောထားတုန်းဆိုတာကို သင်္ဘောမှတ်ပုံတင်ထားရာ ပနားမား Panama နိုင်ငံက ကုမ္မဏီကို ဖုန်းဆက် email ပို့ သတင်းကြားခဲ့တယ်လို့ သိရပါသည်။) သင်္ဘောစက် ပြန်နှိုးကာ ဂျီဂျူး (jeju) ကျွန်းသို့ မောင်း နှင်လာခဲ့ပါသည်။

နေ့လည်ဘက်ရောက်တဲ့အခါမှာတော့ Duty တာဝန်ကျ သင်္ဘောသားများမှလွဲ၍ ကျန်သူအားလုံး ကိုယ့်အခန်းတွင်သာ ကိုယ်နေကြပါသည်။

ချက်ကြီးနှင့် ဒဏ်ရာရ ဆီလောင်းအခန်းများကို ထမင်းပို့စေပြီး ကျန်သူများက ရုတ်တရက်ကြီးပြဿနာကို ရင်ဆိုင်လိုက်ရ တော့ အားလုံးစိတ်မကောင်းကြီးစွာ မစားနိုင် မသောက်နိုင်ဖြစ်နေကြသည်။ ထမင်းဟင်းများကိုတော့ ချက်လေး (Second cook) နှင့် o/s  (Ordinary seaman)တယောက်က ဝိုင်းကူ ချက်ပြုတ်ကြသည်။

ညနေဘက်အရောက် ချက်ကြီးကသူ့အိမ်ဖုန်းဆက်ချင်တယ်ဆို၍ အခြားအဆင့် သင်္ဘောသားနှစ်ဦးနှင့်အတူ Bridge မှာ ဖုန်းတက်ဆက်စေပါသည်။
* * * *

နှစ်ရက်မြောက်နေ့ နေ့လည်မှာတော့ ဂျီဂျူးကျွန်းကို ရောက်ပါသည်။ ကျောက်ချ ပြီးခဏအတွင်းမှာပဲ Boat တဆင်းရောက် လာကာဒဏ်ရာရ ဆီလောင်း (Oiler) ကို ဆေးခန်းပြဖို့ ခေါ်သွားပါသည်။ စက် ၂ ရဲ့ အလောင်းကိုလည်း နားနေခန်း (Recreation room) မှာ ခြေရာလက်ယာမပျက် ဒီအတိုင်းပဲ ထားစေပါသည်။ ထမင်းစားခန်း Messroom နှင့် မျက်နှာချင်းဆိုင် ဖြစ်နေ၍ နားနေခန်း (Recreation room) တံခါးမကြီးကိုတော့ ပိတ်ထားပါသည်။ မြန်မာသင်္ဘောသားအားလုံးက ရဲတွေ အလောင်းသယ်မယ့်သူတွေ လာမယ်ထင်ပေမယ့် အရိပ်အယောင်တောင် မတွေ့ရသေးပါ။ 

ညနေဘက်ရောက်တော့ ဆီလောင်းကို ပြန်လာပို့သည်။ မနက်ဖြန် စစ်ဆေးရေးများလာမည်လို့လည်း ပြောသွားပါသည်။
* * * * *

သုံးရက်မြောက်နေ့ မနက်မှာတော့ တောင်ကိုရီးယားရှေ့နေ (မြန်မာပြည်မှာဆို ဥပဒေအကြံပေးရုံးက အစိုးရရှေ့နေ) နှင့် အတူ စကားပြန်လုပ်ဖို့ ကိုရီးယားမှာ ကျောင်းလာတက်တဲ့ မြန်မာကျောင်းသူလေးနှစ်ယောက်ပါ ပါလာသည်။ သူမ တို့နှစ် ယောက်က သာမန်ပြဿနာပဲအောက်မေ့လို့လိုက်လာရာမှ လူသေမှု့နဲ့တိုးတော့ အနည်းငယ်စိုးရွံ့လျှက်ရှိနေပါသည်။ လူ သေ အလောင်းကိုဓါတ်ပုံရိုက်ပြီး သင်္ဘောသားတဦးခြင်းကို စတင်စစ်ဆေးပါသည်။

ကုန်း ၃ နှင့်  Duty A B က သူတို့ ပဲ့ထိမ်းစင် (Bridge deck) မှာ တာဝန်ယူနေတုန်း အသံများကြား၍ အောက်ဆင်းလာတော့ ချက်ကြီးကို ဓါးကိုင်ထားတာ တွေ့ကြောင်း စက် ၂ ကို အသက်ထွက်တာ မှီရုံလေးဖြစ်ကြောင်းပြောပြသည်။ ကျန်သင်္ဘော သားများကို စစ်ဆေးရာမှာလည်း အခင်းဖြစ်ပြီးမှ တွေ့မြင်သိရှိရကြောင်း ပြောပါသည်။

ဒဏ်ရာရ ဆီလောင်း အလှည့်ရောက်တဲ့အခါမှာတော့ သူနှင့်အတူ စက် ၂ တို့ နားနေခန်း (Recreation room) မှာ မြန်မာ ဇာတ်ကားများနှင့် သီချင်းခွေများTV စင်အောက်မှာ ထိုင်ရွေးနေတုန်း ချက်ကြီးရောက်ရှိလာပြီး စက် ၂ လှည့်အကြည့်မှာတော့ အရိုး လေးလက်မ အသွား ကိုးလက်မရှိသာ ငါးလှီးသောဓါးဖြင့်ထိုးလိုက်တော့ ကိုချက်ြကီးခင်ဗျား ဘာလုပ်တာလည်း ပြော အပြီး ချက်ကြီး ဓါးဆွဲ အနုတ်မှာ တခါတည်းလဲသွားကြောင်း မိမိကိုလည်း ဆက်ပြီးတော့ ဓါးနှင့် ဆက်ထိုးတော့လက်နဲ့ ကာ လိုက်၍ ဝမ်းဗိုက်နှင့် လက်ဖဝါး ပျက်ရှဒဏ်ရာရပြီး အခန်းထဲမှ ထွက်ပြေးသည်။ ချက်ကြီးက ထပ်ချပ်မကွာ နောက်မှ ဓါးနှင့် လိုက်ထိုးကြောင်း အပေါ်ထပ် မိမိအခန်းထဲကိုအပြေး လှေကားထစ်မှာ ချက်ကြီး ချော်လဲကာ ကျန်နေခဲ့ကြောင်း အခန်းတံခါး ရုတ်တရက်ဖွင့်မရ၍ မျက်နှင်ခြင်းဆိုင်က အဝတ်လျှော် (Laundry) အခန်းထဲဝင်ပြေးကာ တံခါး Lock ချ ပုန်းနေရကြောင်း ခဏနေတော့ ချက်ကြီး မိမိအိပ်ခန်းတံခါးကိုထုဖွင့်ကာ မတွေ့တော့ ကျန်တဲ့သင်္ဘောသားတွေရောက်လာပြီး ချက်ကြီး ဓါး အပ်ကာ သူ့အခန်းပြန်သွားမှ မိမိလည်း အိပ်ခန်းထဲကို ပြန်ဝင်ခဲ့ကြောင်း ဖြောင့်ချက်ပေး ထွက်ဆိုပါသည်။

နောက်ဆုံး တရားခံချက်ကြီးကိုမေးရာမှာတော့ မိမိ အရက်မူးနေ၍ ဓါးနှင့်ထိုးလိုက်ကြောင်းသာ ထွက်ဆိုပါသည်။

အားလုံး စစ်ဆေးအပြီးမှာတော့ အလောင်းကို ထုပ်ပိုးပြင်စင်ခိုင်းပါသည်။ နောက် စက် ၂ အိပ်ခန်းအတွင်းမှ သူ့အသုံးအဆောင် ပစ္စည်းများကိုသူကြီးနှင့်အတူ မြန်မာအရာရှိများက မှတ်တမ်းရေးသိမ်းဆည်းထားလိုက်ပါသည်။ ရှေ့နေများ ပြန်သွားအပြီးမှာ တော့ တရက် ကုန်ဆုံးသွားပြန်ပါသည်။
* * * * *

လေးရက်မြောက်နေ့မှာ သက်ဆိုင်ရာ သင်္ဘောရုံးမှ တာဝန်ရှိသူများရောက်ရှိလာပြီး ထပ်မံမေးမြန်းကာတဦးစီ Statement ရေးခိုင်းပါသည်။ မြန်မာသင်္ဘောသားများက ဘာသာရေးအရဖြစ်နိုင်ရင် သင်္ဘောမှာ ရွတ်ဖတ်သရဇ္ဇယ်ပေးဖို့ တောင်း ဆို တော့ လုပ်ပေးပါမည်လို့ ကတိပေးပါသည်။ ညနေဘက်မှာ ခေါင်းအလွတ်တစ်ခုရောက်လာပြီး အလောင်းကိုထည့်ကာ အဲဒိအခန်းထဲမှာပဲ ဆက်ထားလိုက်ပါသည်။  ယခုအထိ သယ်ယူသွားခြင်း မရှိသေးပါဘူး။
* * * * *

ငါးရက်မြောက်နေ့မတော့ ကိုရီးယားဘုန်းကြီးများရောက်ရှိလာပြီး စတင်ရွတ်ဖတ်သရဇ္ဇယ်ပါတော့သည်။ ဒဏ်ရာရ ဆီ လောင်းနှင့် မိသားစုပြဿနာရှိလို့ဟုဆိုလာသော ကုန်း ၃ တို့ကို မြန်မာပြည်ပြန်ဖို့အတွက် အထုပ်အပိုးများ ပြင်ဆင်ခိုင်းပါ သည်။

ဘုန်းကြီးများ ရွတ်ဖက်အပြီး ခေါင်းကို သင်္ဘောကရိန်းဖြင့် အောက်က Boat ပေါ် ချပေးလိုက်ပါသည်။ ဘုန်းတော်ကြီးများနှင့် ပြန်မည့်သင်္ဘောသားနှစ်ဦးကို Boat လာခေါ်သွားပြီး ကိုရီးယားရဲနှစ်ဦးကို သင်္ဘောပေါ်မှ အစောင့်အဖြစ်ရောက်လာကြပါ သည်။ အစောင့်က အခုမှ လာရလားလို့ သင်္ဘောသားတွေက ဝိုင်းအပြစ်တင်ကြသည်။
* * * * *

ခြောက်ရက်မြောက်နေ့လည်မှာတော့ သင်္ဘောသားအသစ် ဆီလောင်း ကုန်း ၃ နှင့် စားပွဲထိုး Messman စုစုပေါင်း ၃ ဦး ရောက်ရှိလာပြီး အဲဒီ Boat ဖြင့် ရဲနှစ်ဦးက တရားခံချက်ကြီး (Chief cook) ကို ခေါ်ဆောင်သွားပြီး သေဆုံးသူ စက် ၂ ရဲ့  အသုံးအဆောင်များကိုပါ ထည့်ပေးလိုက်ပါသည်။

နေ့လည် ၃ နာရီမှာတော့ MV သင်္ဘောကြီးက မူလသက်မှတ်ထားသော လက်တင်အမေရိကဘက်သို့ ဆက်လက်ထွက်ခွာ သွားပါတော့သည်။ သင်္ဘောတစ်စီးလုံးကလည်း အဖြစ်အပျက်က မနေ့ကလိုလို စိတ်ဒဏ်ရာ အနာတရများနှင့် မိမိတို့ရဲ့ အိမ် အပြန် မျှော်လင့်ချက်များကလည်း သေဆုံးသွားသူနှင့် ဓါးနှင့်ထိုးလိုက်သူများကဲ့သို့ အရိပ်မဲ့ဖြစ်နေသလား စိုးရိမ်ပူပန်မှု တွေကတော့ ...။

ဗိုလ်သူရိန်
၀၈ ၁၀ ၂၀၁၇
တောင်ပစိဖိတ်


(မှတ်ချက်။ ယခု ဖြစ်စဉ်က သင်္ဘောနှင့်သင်္ဘောသားအမည်များ ကုမ္မဏီအမည်များ မထည့်ထားခြင်းများမှလွဲ၍ ဖြစ်ရပ်မှန် တခုဖြစ်ပါသည်။ ကုန်းမြေပေါ်မှာနှင့် ရေပြင်ပေါ်မှာက အတော်လေးကွာခြားပါသည်။ အချိန်မီပို့မည့် လူနာတင်ယာဉ် ဆေးရုံ ဆေးခန်းနှင့် ကျွမ်းကျင်တက်မြောက်သော ဆေးကုသသူ မရှိပါ။ နောက်ပြီး တဦးနဲ့တဦး ပြဿနာ မကျေမလည်ဖြစ်ပါက ကုန်းမြေပေါ်မှာက ရှောင်လွှဲသွားလို့ရပေမယ့် ရေပြင်သင်္ဘောပေါ်မှာက မတွေ့ချင်လည်း တဦးနဲ့တဦး တွေ့နေကြရသည်။ ဒီလိုအချိန်တွေမှာ စိတ်ညစ်စရာများစွာ ကြုံတွေ့နိုင်ပြီး ကြားဝင်ဖြန်ဖြေပေးမယ့်သူလိုသလို မီးလောင်ရာ လေပင့်ရာသူနဲ့ တွေ့လို့ကတော့ ပြဿနာက ပိုကြီးသွားနိုင်ပါသည်။ ဒီလိုဆိုရင်ဖြင့် ရေထဲမှာ လူ့အခွင့်အရေးများစွာ ဆုံးရှုံးခံပြီး လုပ်လာခဲ့တဲ့ ငွေကြေးအကျိုးအမြတ်တွေက အိမ်အပြန် မိသားစု ဇနီးသားသမီးဆိုတဲ့ မျှော်လင့်ချက်တွေ လူမမယ်ကလေးနှင့် ဇနီးဖြစ် သူတို့က လေဆိပ်မှာ လာကြိုရမှာလား ထောင်ဝင်စာပဲ လာတွေ့ရမလားဆိုတဲ့ စိုးရိမ်ပူပန်သောက ဗျာပါဒများက မိမိတို့ရဲ့ မျက်စိတမှိတ် လျှပ်တပြတ်ဆုံးဖြတ်ချက်က များစွာကွဲလွဲသွားစေပါသည်။ မည်သူတဦးတယောက်ကိုမှ နစ်နာစေမှု့ဖြင့် ရည် ရွယ်ရေးသားခြင်းမဟုတ်ပါ။ သင်္ဘောသားဘဝဆိုတာကို စာရှု့သူ စာဖတ်သူများရဲ့ ရင်ထဲမှာတခုခု ကျန်နေခဲ့ရင် ကျေ နပ်မိပါသည်။)

Painted by K stone.

Comments