![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOMtoqmajK68WfYA6m4ee4CtcooH4lVIlkNdho7F9dTcDNcyM6hwyJvBFAwV1CUAIxxPnNbRHbKVeS3bOXRMbdkVuhur8Aw741m_yFRTvTny4oEQxmQKhfpSa1h-7ONr0XpgDJz1mE1dgQ/s640/FreshPaint-667-2016.12.24-04.44.35.jpg)
ကျော်ကျော် (မြရည်စမ်း) ● မုန့်ဖိုနဲ့တူတဲ့ အစိုးရ
(မိုးမခ) အောက်တိုဘာ ၃၊ ၂၀၁၇
(မိုးမခ) အောက်တိုဘာ ၃၊ ၂၀၁၇
မီးပျက်သွားသည့်အချိန်လေးတွင် ကျနော့်အလုပ်များကို ရပ်နားထားပြီး မုန့်ဖုတ်စက်ကို ငေး ကြည့်နေမိပါသည်။ မုန့်ဖုတ်စက်က ဂက်စ်မီးတောက်ဖြင့် အပူပေးကာ အသုံးပြုရသော စက်ဖြစ် သဖြင့် မီးပျက်သောအခါ ဂက်စ်များ မထုတ်လွတ်နိုင်တော့ပါ။ လတ်တလော ထည့်သွင်းထား သော ကိတ်မုန့်အနှစ်ရည်များသည် အရည်အသွေးမီကိတ်မုန့်များအဖြစ်သို့ရောက်နိုင်တော့မည် မဟုတ်။
''နွားသိုးနဲ့မိုး အစိုးမရ'' ဟူသည့်စကားပုံလိုပင် ကျနော်တို့ဆီ၌ လျှပ်စစ်မီးသည်လည်း အစိုးမရခဲ့ တာကြာခဲ့ပါပြီ။ လျှပ်စစ်မီး အစိုးမရသည့်အကြောင်းကိုသိထား၍ တရုတ်ပြည်လုပ်မီးစက်နှင့် ဒိုင်နမိုကို အရံသင့်တပ်ဆင်ထားပါသော်လည်း မီးစက်အင်ဂျင်ထဲ ဆီထည့်ဖို့ကိုတော့ ကျနော် မေ့လျော့နေခဲ့သည်။
အင်ဂျင်လည်ပတ်ဖို့လောင်စာလိုအပ်မှန်းသိသော်လည်း ကျနော့်မှာ ပေါ့ဆမိခဲ့ပါ၏။ စီမံခန့်ခွဲမှု များ ညံ့ဖျင်းခဲ့ပါ၏။ အရာရာ၏အစိုးမရဖြစ်တတ်ခြင်းများကို သိပါသော်လည်း မြင်းခွာကို သံစုံ အောင်ရိုက်ဖို့မူ အပျင်းထူခဲ့မိပါသည်။
ကလေးတယောက်ကို ဒီဇယ်ဝယ်ဖို့ အမြန်လွှတ်လိုက်ရပါသည်။
အစိုးမရ ဖြစ်တတ်သောအရာများထဲတွင် အစိုးရပါသလား မပါသလားဟူ၍တော့ ကျနော် မမှန်းဆတတ်ပါ။ ထိုမျှအထိလည်း နက်ရှိုင်းစွာ ကျနော်မတွေးခေါ်တတ်ပါ။ ကျနော်ကျင်လည်ခဲ့ဖူး ဖြတ်သန်းခဲ့ဖူးရာမှ အမှတ်ရစရာကလေးများကိုသာ ခပ်ပေါ့ပေါ့တွေးခေါ် တတ်ပါသည်။
ကိတ်မုန့်၊ ပေါင်မုန့်ဖုတ်သည့်လုပ်ငန်းကိုလုပ်ကိုင်ခြင်းသည် ကျနော့်ဘဝအတွက် ဒုတိယ အကြိမ်ဖြစ်၏။ လွန်ခဲ့သောကာလများကလည်း လုပ်ကိုင်ခဲ့ဖူးသည်။ ယခုလို ဂက်စ်မီးဖိုနှင့်တော့ မဟုတ်။ အုတ်များဖြင့်တည်ဆောက်ထားပြီး ထင်းနှင့်မီးသွေးကို လောင်စာအဖြစ်အသုံးပြုရ သည့် ဂျပန်ရိုးရာမုန့်ဖုတ်ဖိုနှင့် လုပ်ကိုင်ခဲ့ခြင်းဖြစ်၏။
xxxx
လွန်ခဲ့သော နှစ်၂၀ နီးပါးက ရွှေဘိုမြို့ ၊ မြိုက်စုရပ်တွင်ရှိသော မုန့်ဖိုကြီးတခုတွင် မမျှော်လင့်ဘဲ ပညာသင်ခွင့်ရခဲ့ပါသည်။ ထိုအချိန်ကာလက မုန့်ဖုတ်ပညာသင်ကြားဖို့ဆိုသည်မှာ ယခုနေခါလို မလွယ်ကူလှ။ အရာရာသည် တံခါးပိတ်ဝါဒနှင့် မကွာရှင်းနိုင်ကြသေး။ မုန့်ဆရာများ မုန့်ဖုတ်ရန် ဆေးစပ်လျှင်ပင် အခန်းတံခါးပိတ် ဆေးစပ်ကြသည့်ကာလ။ ကျနော့်မှာသာ ကံကောင်းလှစွာ ထိုနေရာသို့ ဝင်ထွက်ခွင့်၊ စူးစမ်းခွင့်နှင့်အတူ မိသားစုရင်းချာပမာနေထိုင်ခွင့် ရခဲ့ပါ၏။
ကျနော့်အတွက် အရာရာသည် ထူးဆန်းနေသည်။ မီးနှင့်ဖုတ်သော မုန့်များတွင် နံပြားဖုတ်သည် ကိုသာအနီးကပ်မြင်ဖူးခဲ့သဖြင့် အုတ်ချပ်ရေတသောင်းနီးပါးဖြင့် တည်ဆောက်ထားသော ကိတ် မုန့်ဖိုကြီးမှာ ကျနော့်အတွက် လွန်စွာခမ်းနား နေပါသည်။
မနက်စောစောတွင် မီးသွေးအကြေများနှင့် ထင်းတုံးများကို စုပုံမီးရှို့ပြီး မုန့်ဖိုကြီးကို မီးမွှေးရ သည်။ ထင်းနှင့်မီးသွေးများ ရဲပဒေါင်းထအောင် လောင်ကျွမ်းသွားသောအခါတွင် အပေါ်ယံကို ပြာပါးပါးလေးဖုံးပြီး မုန့်ဖုတ်ရန်အတွက် ပြင်ဆင်ကြရသည်။ ထိုသို့ပြင်ဆင်ခြင်းကို မီးကိုင်သည် ဟု သုံးနှုန်းကြပြီး မီးကိုင်သူမှာ ခဏချင်းပင် နဖူးမှချွေးများ ခြေမတင်မက မြေကြီးပေါ်ထိ ပေါက် ပေါက်ကျအောင် ပင်ပန်းလှပါသည်။
xxxx
မုန့်ပညာသင်ဖို့ ပထမဆုံးသွားရသောနေ့က ပိုင်ရှင်လည်းဖြစ်ပြီး မုန့်ဆရာကြီးလည်းဖြစ်သည့် ဘဘဦးလှအောင်က မုန့်ပညာသင်ချင်တယ်ဆိုရင် ကြက်ဥကြော်တတ်သလား..၊ မြေပဲဆံကြော်တတ်သလားဟု မေးဖူးသည်။ ထိုမေးခွန်းများကို ပေါ့ပေါ့တန်တန်သဘောမထားရဲ။ သေသေ ချာချာ စဉ်းစားပြီးမှ အဖြေပေးခဲ့ဖူးပါသည်။ သာမန်အတွေးဖြင့်ဆိုလျှင်တော့ မုန့်ဖုတ်ခြင်း သည် မြေပဲဆံကြော်ခြင်း၊ ကြက်ဥကြော်ခြင်းနှင့် မဆက်စပ် မပတ်သက်သလို ထင်ရ၏။
မြေပဲဆံကို မီးပြင်းပြင်းကြီးဖြင့် ကြော်လျှင် အတွင်းမှာ မကျက်ပဲတူးသွားမည်။မီးအေးအေးဖြင့် ကြော်သော ကြက်ဥဆိုလျှင်တော့ အကြွအရွနည်းပြီး ရှုံတွတွဖြစ်ကာ စား မကောင်းဖြစ်မည်။ မီးအေးအေးဖြင့်ကြော်သော ဟတ်ဖ်ဖရိုက်နှင့် မီးပြင်းပြင်းဖြင့်ကြော်ပြီး မြန်မြန်ဆယ်လိုက်သော ဟတ်ဖ်ဖရိုက်ခြင်းပင် စားရသည့် အရသာမတူ။
ထိုအကြောင်းအရာများကို ပြောပြပြီး ကျနော့်ကိုသင်တန်းစပေးပါသည်။ ငါးရက်၊ ခြောက်ရက်ကြာသည်အထိ မည်သည့်နေရာကိုမှ ဝင်ကူမခိုင်းဘဲ မတ်တပ်ရပ်လျှက် ကြည့်နေစေပါသည်။ ကျနော့်မှာ မုန့်လုပ်သည့် အလျှားဆယ့်နှစ်ပေ၊ အနံ ငါးပေကျော်ခန့်ရှိသည့် စားပွဲကြီးဘေးမှာ ရပ် သည့်အခါရပ်၊ မုန့်ဖုတ်သည့် မီးဖိုနှစ်ဖိုတွဲကြီးနားသွားလိုသွား၊ ကိတ်မုန့်မွှေသည့်စက်နားကပ်လိုကပ်၊ လူးလားနေမိသည်။
ညောင်းလျှင်ထိုင်ဖို့ပြောသော်လည်း ကျနော်မှာ မထိုင်ဖြစ်ပါ။ လုပ်သားများနှင့်တကွ သူ၏သား နှင့်သမီးပါမတ်တပ်ရပ်ပြီး လုပ်ငန်းလုပ်နေကြခြင်းဖြစ်ရာ သနားသဖြင့်ပညာသင်ခွင့်ရသူ နော်ကျနော်က ထိုင်နေပါမူ လူပါးဝရာရောက်မည့်အကြောင်း ထိုစဉ်က ဘာသာတွေးမိ၍ ဖြစ်၏။
တပတ်ခန့်ကြာသောအခါမှ မုန့်လုပ်ငန်းကို ဝင်ရောက်ကူညီခွင့်ပေးပါသည်။ မျက်စိယဉ်ပါး၊ နား ရည်ဝနေပြီ ဖြစ်သဖြင့် အမှားအယွင်း သိပ်မများလှပါ။ မည်သည့်လုပ်ငန်းမျိုးမဆို မျက်စိရည်၊ နားရည် ယဉ်ပါးပြည့်ဝနေလျှင် သင်ကြားတတ်မြောက်ဖို့ လွယ်ကူမည်ဟု ကျနော်ထင်ပါသည်။
သာမန်မုန့်လုပ်ငန်းခွင်တခုကို အပေါ်ယံခြုံငုံမိစေရန်ပင် ခုနှစ်ရက်တပတ်ခန့် မတ်တပ်ရပ်ကြည့် ခဲ့ရသေးလျှင် နိုင်ငံတော်အစိုးရတရပ်အနေဖြင့် ဆောင်ရွက်သောလုပ်ငန်းဆောင်တာကြီးများ ဆိုပါလျှင် ရက်တိုသင်ကြားမှုများဖြင့် မည်သို့မျှ မပြည့်စုံနိုင်ဟုလည်းထိုစဉ်ကတည်းက တွေး တောမိခဲ့သေးသည်။ ယခုတော့ သားကျွေးမှု၊မယားကျွေးမှုများကြောင့် နိုင်ငံတော်စီမံကိန်းများ၊အကြောင်းကိုအလှမ်းဝေးနေခဲ့ပြီဖြစ်သည်။ ဂျာနယ်စာစောင်ပင် ဝယ်မဖတ်နိုင်။ ယခုတော့ မသိ၊ ထိုစဉ်အခါက သတင်းစာများတွင်တော့ တည်ဆောက်ပြုပြင်၊ မြန်ပြည်တခွင် ကင်ပွန်းတပ်လှလှ ဖြင့် ကြက်ဆူပင်များဖြင့်အပြိုင် တနိုင်ငံလုံးစီမံကိန်းများ ဗွက်ထနေခဲ့ဖူးသည်။ သို့သော် နိုင်ငံ သားများအပေါ် တိတိပပအကျိုးပြုသည်ဟူ၍တော့ ယနေ့တိုင်မကြားဖူးခဲ့။ မျက်စိရည်၊ နားရည် မပြည့်ဝမလုံလောက်ခြင်းများလား။ အဘယ်သို့သော အကြောင်းများလည်း ကျနော်မဝေခွဲတတ်ပါ။ တည်ဆောက်ထားခဲ့သော တံတားကြီးတချို့ ပြိုကျခဲ့သည်ကိုတော့ မျက်ဝါးထင်ထင်မြင်ဖူးခဲ့ရသည်မှာ မကြာခဏ။
ကျနော်တို့မုန်ဖုတ်လုပ်ငန်းတွင် မုန့်အမယ်တော်တော်များများ၌ ကြက်ဥ အသုံးပြုသည်။ သတ်မှတ်ထားသော ကြက်ဥအလေးချိန်စံနှုန်းလည်း ရှိပါသည်။ တခါတရံတော့ စေတနာပါရင် ပို ထည့်ပေးလိုက်ပေါ့ ဟူ၍လည်း ပြောကြသည်။ လိုအပ်သည်ထက်ပိုထည့်လျှင် စားလို့ကောင်းပါ သည်။ လျှော့ထည့်ပါက ညံ့၏။ စေတနာနည်းခဲ့ကြ၍ တံတားကျိုး၊အဆောက်အဦပြို ဖြစ်ခဲ့ခြင်း များလား ဟု တွေးမိပါသည်။
မုန့်ဖိုအကြောင်းနှင့် ဆက်စပ်၍ ငယ်ဘဝအမှတ်ရစရာများကိုလည်း ပြန်တွေးမိသည်။ ကျနော်ငယ်ဘဝနေထိုင်ခဲ့ရသော နေရာသည် ဈေးလမ်းမအတိုလေးဘေးမှာ။ ဈေးလမ်းမဖြစ်သည့် အားလျှော်စွာ လူစုံ၊ မြင်ကွင်းစုံ၊ စကားစုံသည့်အပြင် ဆိုင်ကန္နားများလည်း စုံလင်သည်။
ကျနော်နှစ်သက်သည့် ဆိုင်များပါသလို၊ မနှစ်သက်သည့် ဆိုင်များလည်းပါလေသည်။ အတော်ကြီးမုန်းသော်လည်း တလတခါဆိုသလို မဖြစ်မနေသွားရသည့် ဆိုင်လည်းပါသည်။ ထိုဆိုင်က ဦးတင်မောင်ဆံသဆိုင် ဖြစ်သည်။ တလတခါ၊ မပျက်မကွက် အဘွားဖြစ်သူ၏ စောင့်ကြပ်မှုဖြင့် ကျနော်ဆံပင်အညှပ်ခံရသည်။ ဆံသဆရာဖြစ်သူမှာလည်း ကျနော်လာလျှင် အတော်ပင်စိတ်ဆင်းရဲရရှာပေမည်။ သူ့ကို ကျနော်မကြောက်ပါ ။ သို့သော် ဗြုတ်ခနဲ၊ ဗြုတ်ခနဲ ဆံပင်များကို ဆွဲနှုတ်သလိုကြီး ဖြစ်သော သူ့စက်ကတ်ကြေးအဟောင်းကြီးကိုတော့ ကြောက်သည်။ အော်ငိုရင်းဖြင့် သူ့ကို ကျနော်ဆဲသည်။ ပီပီသသတော့ မဟုတ်။ ကလေးပီပီ ဗလုံးဗထွေးအာလုတ်သံဖြင့် ငါကိုင်ခဲ့ခြင်းသာ။ ကျနော့်ကိုသူစိတ်မဆိုး။ သူ့ စက်ကတ်ကြေးအကြောင်းပဲ သူသိ၍ လား၊ ကျနော်လို ကလေးများစွာကြောင့် အရေထူသွားခြင်းလား မပြောတတ်။ ပြုံး၍သာနေ သည်။ လက်ထဲမှ စက်ကတ်ကြေးသံသည် ထိုအခါမျိုး၌ ပို၍ ဆူညံလာသလို၊ နားသယ်တဝိုက် နာကျင်မှုသည်လည်း ပိုစိပ်လာသည်။ ထိုအချိန်အခါမျိုးနှင့် တခါမဟုတ် နှစ်ခါမဟုတ်။
တိုက်ဆိုင်လွန်းစွာ အလွန်မွှေးကြိုင်သော မုန့်အနံ့ကို ကျနော်ရတတ်သည်။ ထိုအနံ့သည် ဆံပင်ညှပ်ဆိုင်ဘေး မုန့်ဖိုတခုမှ လာခဲ့ခြင်းဖြစ်သည်။ အဘွားဖြစ်သူ ထသွားပြီး ပြန်အလာတွင် အညိုရောင်အနည်းငယ်သန်းသော ဘန်းမုန့်တလုံးပါလာသည်။ အပေါ်တွင် ဆေးနီရောင် အမှတ်အသားလေး ပါသေးသည်။ ထိုမုန့်ကို မြင်မိလျှင် ကျနော် အငိုရပ်သည်။ ဆံပင်ညှပ်ခြင်းကိစ္စ မြန်မြန်ပြီးစီးစေရန် ကျနော်ငြိမ်ခံမိသည်။ ဆံပင်ညှပ်ပြီးမှ ကျနော်မုန့်စားရမည်ဖြစ်ကြောင်း သိ၍ဖြစ်၏။ ထို ပေါင်မုန့်ပူပူလေးမှ ရသောရနံ့သည် ကိတ်မုန့်မှရသောရနံ့နှင့် မတူကြောင်းကို ထိုစဉ်ကတည်းက သတိထားမိသည်။ ကိတ်မုန့်မှရသောရနံ့သည် သွားရည်ကျလောက်အောင် မဖြစ်။ ပေါင်မုန့်မှ ရသောရနံ့သည်ကား ခံတွင်း၌ တံထွေးများပင်စို့လာအောင် ဆွဲဆောင်မှု ရှိပါ သည်။
ကိတ်မုန့်သည် မွှေးစေသည့် ရနံ့ 'flavour' ထည့်ထား၍သာ မွှေးရခြင်းဖြစ်သည်။ ပေါင်မုန့်သည်ကား ထိုသို့မဟုတ်။ ဂျုံထဲ၌ပါဝင်သော သကြားဓာတ်နှင့် မုန့်ပြုလုပ်စဉ် ပါဝင်သောသကြားကို တဆေးဟု ခေါ်ကြသော ဂျုံအလျင် 'yeast'က ရေနွေးငွေ့ဖြင့် အပူပေးနေစဉ်မှာပင် စားသုံး နေလေပြီး မီးဖိုထဲထည့်ကာ ဖုတ်ချိန်၌ သင်းပျံ့သောရနံ့ကို ထုတ်လွှတ်ခြင်းပင်ဖြစ်သည်။
ထိုရနံ့သည် လျှာ၌ရှိသော အာရုံခံဆဲလ်များကို လှုပ်နိုးလိုက်ခြင်းပင်ဖြစ်၏။ ငယ်စဉ်က ဖြစ်စဉ်ကို သေချာမသိပဲ သွားရည်ကျမိသော ကိစ္စရပ်များကို စာတွေ့ လက်တွေ့ဘဝဖြင့် သိရချိန်တွင် ကျနော်အရွယ်ပင်လွန်နေခဲ့လေပြီ။
လွန်ခဲ့သောဆယ်စုနှစ်များက ဆားမန်ကျည်းစေ့သာသာလောက်၊ ရေတဖလားခွဲ၊ ဂျုံမုန့်ပုံးတပုံးခွဲ စသဖြင့်..စသဖြင့်သော ရေရာတိကျမှုမရှိသည့် အချိန်အတွယ်များနေရာတွင် တစ်ဂရမ်မျှပင် အလွဲမခံသည့် ဂရမ်စံနစ်အသုံးပြုသော ဒစ်ဂျစ်တယ်ကတ္တား အစားထိုး အသုံးပြုလာကြပြီ...။
အရာရာသည် အတိမ်းအစောင်းမခံတော့။ စားသုံးသူများကလည်း ပါးနပ်လာကြပြီဖြစ်သည်။ သို့သော် ပြင်ဆင်ထုတ်ပိုးမှု ဖြင့်တော့ စားသုံးသူ၏ တဏှာလောဘအပေါ် အသုံးချ၍ ရနေသေး သည်ဟု ဆိုရမည်လားမပြောတတ်။ ဟိုး..တုန်းက ဘန်းမုန့်ဆိုလျှင် ရိုးရှင်းလှသည်။ ပဲ ဘန်းမုန့် ဆိုလျှင် အနီစက်ကလေးတို့ထားသည်။ အုန်းသကြားဘန်းမုန့်ဆိုလျှင် မည်သည့်အမှတ်အသား မျှမပါ။ ယခုတော့ အုန်းသီးစစ်စစ်နှင့်ဘန်းမုန့်ကို စားရဖို့ပင် ခက်ခဲနေပြီ ဖြစ်သည်။ ရယ်ဒီမိတ်အုန်းဆံမှုန့်များ အသုံးပြု၍ အပေါ်ယံမျက်နှာပြင် အလှဆင်ထားသော'pastry' ဘန်းမုန့်များကို စားသုံးသူတို့ မျက်စိတွေ့ကြသည်။ မှန်ရာဆိုရလျှင် ကျနော့်အတွက်မူ ငယ်စဉ်တောင်ကျေး ကလေးဘဝက ဆံပင်ညှပ်အပြီး စားခဲ့ဖူးသည့် ပဲဘန်းမုန့်လေးလောက် ခံတွင်းမတွေ့လှ...။
သို့သော် ကျနော်ကြိုက်ခြင်း၊ မကြိုက်ခြင်းသည် အဓိကမဟုတ် လူအများအကြိုက်ကိုသာ ကျနော် ပြုလုပ်ပေးရမည်ဖြစ်သည်။ အာဟာရပါဝင်မှုတန်ဖိုးကို ကျနော်ရှင်းပြနေလျှင်လည်းခေတ်နောက်ပြန်သွား လူသားတဦးအဖြစ်သာ အလှောင်ခံရဖွယ်ရှိပါသည်။
xxxx
ပေါင်မုန့်၏ မွှေးပျံသောရနံ့သည် တရှိုက်မက်မက်ဖြစ်စေရုံမျှမကသေး၊ တမ်းတသလို မရခဲ့ပါမူ မွတ်သိပ်သူလူအများကို တော်လှန်သူများအဖြစ်သို့ ပြောင်းလဲသွားစေနိုင်သေးကြောင်းကို လည်း သမိုင်းစာမျက်နှာစစ်စစ်များပေါ်တွင် ဖတ်ခဲ့ရဖူးသေးသည်။ ထိုစဉ်က ယခုခေတ်အခါ လို အလွယ်တကူရသော ရယ်ဒီမိတ်တဆေးကို အသုံးမပြုနိုင်သေး၍ ဂျုံချဉ်တဆေးကိုသာ အသုံး ပြုကြရပေမည်။ ထိုမှသော ရနံ့သည် ဆာလောင်သူများကို တော်လှန်သူများအဖြစ် ရဲရင့်စေခဲ့ ခြင်းလည်း ဖြစ်ကောင်းဖြစ်နေနိုင်သေးသည်။
xxxx
အတိတ်ကအကြောင်းများကို တွေးနေရင်းနှင့် ပေါင်မုန့်များအပွခံထားရာ စင်ကြီးဆီသို့ ကျနော်ကြည့်မိလေသည်။ ထို့နောက်နာရီကို ကြည့်မိသည်။ အစီအစဉ်အရ ကိတ်မုန့်များ ကျက်သည်နှင့် ပေါင်မုန့်များကို ဖုတ်ရပေမည်။ လည်းကောင်းတို့အပွလွန်သွားလျှင် စားသုံး၍ မကောင်း။ ညနေစောင်းချိန်၌ စားသုံးသူဖောက်သည်များထံသို့လည်း မပျက်မကွက်ရောင်းချပေးရမည့်
ဝတ္တရား ရှိနေသည်။ ဒီဇယ်သွားဝယ်သည့် ကလေးကိုသာ မျှော်နေမိသည်။
ဟိုးအရင် လုပ်ကိုင်ခဲ့သည့် အုတ်မီးဖိုကြီးနှင့်ဆိုလျှင် ထင်းနှင့်မီးသွေး အသုံးပြုရသဖြင့် မီးပျက်လျှင်လည်း ကိစ္စမရှိ။ မုန့်သားလှတာမလှတာ အပထား၊ စားလို့တော့ ဖြစ်သေးသည်။ ခေတ်မီမီ ကမ္ဘာသုံးဂက်စ်ဖိုကတော့ လုံးဝပြည့်စုံနေဖို့လိုအပ်သည်။ တခုခုချွတ်ချော်ခဲ့လျှင် လွှင့်ပစ်လိုက်ရုံသာရှိ၏။ မြေပဲဆံကြော်ခြင်းနှင့်ကြက်ဥကြော်ခြင်းကို ပုံပမာပြပြီး ကံ့ကူလက်လှည့် ပညာသင် ပေးခဲ့သော ဘဘဦးလှအောင် ကို သတိရလိုက်မိသည်။ မြေပဲဆံက အစိုအခြောက်ရောနှော နေပြီး စံချိန်မမီခြင်းများ၊ ကြက်ဥက အကာပြဲ့ပြဲ့ အနှစ်မဲ့မဲ့ အနေအထားများဖြစ်နေလျှင်မည်သို့ပြုလုပ်ရမည်နည်းဟု မေးလိုက်ချင်ပါသည်။ ဘဘက ကွယ်လွန်ခဲ့ပြီးဖြစ်ပါသည်။
xxxx
ဒီဇယ်များကို အင်ဂျင်တိုင်ကီထဲ အလျင်အမြန်ထည့်လိုက်သည်။ ဂွရှင်လေးဖြင့် ဆီပို့ပိုက်မူလီ များကို လျှော့ချကာ ဆီပြတ်စဉ်က ခိုနေသောလေများကို ထုတ်ပစ်လိုက်သည်။ သေချာပြီိဆို ကာမှ ခြေကိုမြဲမြဲရပ်ကာ စက်နိုးသည့်လက်ကိုင်ကို သေချာစွာတပ်၍ အားစိုက်လှည့်သည်။ ဘယ်ဘက်လက်ညှိုး၊ လက်မဖြင့်ဖိထားသော လေဗားလေးကို လွတ်ချပြီးချိန်အထိ ဆက်တိုက်
လှည့်ပါသော်လည်း နော်ဇယ်သံပင် ထွက်မလာတော့။ အချိန်သည်တရွေ့ရွေ့ကုန်လွန်နေ ပေပြီ...။
ဆိုင်ကယ်ဆီတိုင်ကီထဲမှ ဓာတ်ဆီအနည်းငယ်ဆိုရုံလေးကို ထုတ်ယူလိုက်ပြီး ဒီဇယ်အင်ဂျင်ကြီး၏ နှာပေါက်ဝထဲသို့ ပက်ဖြန်းလိုက်ရသည်။ ပေါ့ပေါ့ပါးပါးပင် အင်ဂျင်က နိုးထလာသည်။ တကယ်တော့ မလုပ်သင့်သောအရာမှန်းသိပါ၏။ ကျနော့်တွင် အချိန်မရှိတော့ပါ။ ပစ်စတင်များ၊ နော်ဇယ်ပလန်ချာများ သည် ပြင်းထန်သော ပေါက်ကွဲမှုကြောင့် အထိနာကြမည်မှန်း ကျနော်သိ ပါ၏။ ရွေးချယ်စရာလမ်းက မရှိတော့ပါ။ ညနေစောင်းတွင် ဆာလောင်နေကြမည့် ပေါင်မုန့် စား သူ ဖောက်သည်များကို ဦးစားပေးစဉ်းစားလိုက်ရပါတော့သည်။ ကိတ်မုန့်များ အရည်အသွေး မမီသော်လည်း ပေါင်မုန့်များကို စံချိန်မီဖုတ်နိုင်ခဲ့ပါသည်။
ထိုအဖြစ်အပျက်များပြီးစီးသည့် နောက်ပိုင်းတွင် လုပ်ငန်းဆောင်ရွက်ရာ၌ တတ်နိုင်သမျှ ထောင့် စေ့နိုင်အောင် ကြိုးစားခဲ့ပါသည်။ ခဏခဏမှားယွင်းပါက စားသုံးသူများဖက်မှ သည်းခံနိုင်ဖို့ မလွယ်ကူမှန်း ကျနော် ဆင်ခြင်မိပါသည်။
ကျော်ကျော် (မြရည်စမ်း)
Comments