လှကျော်ဇော ● တရုတ်ကွန်မြူနစ်ပါတီ (၁၉) ကြိမ်မြောက်ကွန်ဂရက် - အပိုင်း (၂)


လှကျော်ဇော ● တရုတ်ကွန်မြူနစ်ပါတီ (၁၉) ကြိမ်မြောက်ကွန်ဂရက် - အပိုင်း (၂)
(မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇

● တရုတ်ခြင်္သေ့ကြီးနိုးလာပြီလား
နပိုလီယံက တရုတ်ခြင်္သေ့ကြီးအိပ်ပျော်နေတာ၊ သူနိုးလာရင် ကမ္ဘာကြီးကိုကိုင်လှုပ်လိမ့်မယ်တဲ့ နိမိတ်ဖတ်ပြောခဲ့ဖူးတယ်။

လက်ရှိတရုတ်သမ္မတလည်းဖြစ်၊ တရုတ်ကွန်မြူနစ်ပါတီရဲ့အထွေထွေအတွင်းရေးမှူးလည်းဖြစ်၊ တရုတ်ဗဟိုစစ်ကော်မရှင်ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ရှီကျင့်ဖင်ကတော့ တရုတ်ခြင်္သေ့ကြီးနိုးလာပါပြီ။ ဒါပေမယ့် ဒီခြင်္သေ့ဟာ ကြောက်စရာမဟုတ်ပါဘူး။ ငြိမ်းချမ်းရေးကိုလိုလားတဲ့၊ အားလုံးနဲ့မိတ်ဆွေဖြစ်ချင်တဲ့ခြင်္သေ့ပါတဲ့။ ဒါကိုရည်ညွှန်းပြီး၊ သူပြောကြားခဲ့တဲ့ မိန့်ခွန်းများမှာ ကံတူအကျိုးပေး အဖွဲ့အစည်းတရပ်တည်ဆောက်ရေးတို့၊ အနာဂတ်ကို မျှဝေထားတဲ့ လူ့အဖွဲ့အစည်းတရပ်တည်ဆောက် ရေးဆိုတဲ့ ဝေါဟာရတွေကို အတော်များများသုံးလာပါတယ်။

လက်တွေ့ဖြစ်ရပ်တွေကို ကြည့်ရအောင်ပါ။

တရုတ်ရဲ့သမိုင်းကြောင်းဟာ အနှစ် ၅ဝဝဝ ရှိပါပြီ။ ပဒေသရာဇ်သမိုင်းကြောင်းတလျှောက် ရွှေထီးဆောင်းခဲ့တာပါ။ လွန်ခဲ့ တဲ့ အနှစ် ၂ဝဝဝ ကစလို့ ကမ္ဘာကြီးတရပ်လုံးနဲ့ ကူးလူးဆက်ဆံ ကုန်သွယ်ခဲ့ပါတယ်။ ဒီလိုနဲ့ ကုန်းတွင်းပိုင်းတလျှောက် ပိုးလမ်းမကြီးပေါ်ခဲ့ပြီး တရုတ်ပိုးထည်အဝတ်အစားတွေ၊ လဖက်ခြောက်တွေ၊ ကြွေထည်ပစ္စည်းတွေ စတာ စတာတွေနဲ့ ကုန် သွယ်ခဲ့ကြပါတယ်။ ရေလမ်းခရီးအနေနဲ့လည်း လွန်ခဲ့တဲ့နှစ်ပေါင်း ၆ဝဝ လောက်ကစပြီး ရွက်လွှင့်လှေအုပ်စုကြီးများနဲ့ ပင် လယ်ပြင်တလျှောက် လှည့်လည်သွားလာပြီး ကုန်သွယ်ရာမှာ ဖီလစ်ပိုင်ကျွန်းအုပ်စုများ၊ အင်ဒိုနီရှားကျွန်းများ၊ မလေးရှား (စင်ကာပူ) များအစ၊ သီဟိုကျွန်း (ယခု-သီရိလင်္ကာ) အလယ်၊ အာဖရိကတိုက်အရှေ့ဘက်ကမ်း (ဆိုမာလီယား) အဆုံး ရောက်ရှိခဲ့ကြပါတယ်။ ရှေးတရုတ်များအနေနဲ့ ဒီလိုလှည့်လည်သွားလာရာမှာ ဘယ်ဒေသကိုမှ အကြမ်းနည်းလမ်း (သို့မ ဟုတ်) လက်နက်သုံးခြင်းမျိုးမရှိခဲ့ဘဲ၊ ငြိမ်းချမ်းချစ်ကြည်စွာဆက်ဆံပြီး ကုန်စည်ဖလှယ်၊ အပြန်အလှန်လေ့လာသင်ယူပြီး၊ အပြန်အလှန်အကျိုးရှိရေးတွေကိုပဲ လုပ် ဆောင်ခဲ့ကြတာကို အခုခေတ်တရုတ်များက အလွန်ဂုဏ်ယူခဲ့ကြပါတယ်။ ဒါဟာ သူတို့ တရုတ်များရဲ့ အခြေခံမျိုးရိုးစိတ်ဓာတ် (Gene) လို့ ဆိုပါတယ်။ ဒါ့အပြင် လူသားတရပ်လုံးအတွက် အလွန်အသုံး ဝင်တဲ့ တီထွင်ဖန်တီးမှုများ (ဥပမာ-ယမ်းမှုန့်တွေ့ရှိမှု၊ စက္ကူတီထွင်မှု) ကိုလည်း တရုတ်တွေက ဖော်ဆောင်ခဲ့ကြပါတယ်။


အမေရိကန်သမ္မတ နစ်ဆင် တရုတ်ပြည်သို့ရောက်ရှိလာစဉ် (၁၉၇၂)

ဒါပေမဲ့ တရုတ်ဟာအနီးခေတ် (အနောက်နိုင်ငံများ၊ စက်မှုလက်မှုတော်လှန်ရေးများနှင့်) အရင်းရှင်စနစ်ကြီးဖွံ့ဖြိုးလာချိန်မှာ နောက်ကျကျန်ခဲ့ပါတယ်။ အနှစ် ၂ဝဝ နီးပါး ဂုဏ်သိက္ခာမဲ့စွာ နေခဲ့ရပါတယ်။ ဘိန်းစစ်ပွဲ ၁၈၄၂ ကစလို့ တရုတ်ပဒေသရာဇ် များရဲ့ ပျက်စီးယိုယွင်းမှုကြောင့်ရော၊ အနောက်နိုင်ငံများရဲ့ကိုလိုနီစနစ်ကြောင့်ရော တရုတ်အင်ပါယာ ပြိုပျက်ရပါတယ်။ တရုတ်ဖရဲသီးကြီးကို ခွဲဝေစားသောက်ခြင်း၊ တရုတ်နန်းတော်ကြီးကို ကိုလိုနီနယ်ချဲ့အင်အားကြီးနိုင်ငံ (၈) နိုင်ငံက ဝိုင်းဝန်း တိုက်ခိုက်လုယက်ဖျက်ဆီးမီးရှို့တာတို့ ဖြစ်ပေါ်လာခဲ့ပြီး၊ အာရှတိုက်ရဲ့လူမမာကြီးတို့၊ တရုတ်နဲ့ ခွေးမဝင်ရဆိုတဲ့ အလွန် နိမ့်ကျစွာ စော်ကားပြောဆိုမှုတွေကို ခံခဲ့ရပါတယ်။ ဒါတွေကို တရုတ်တွေက သိပ်နာကြည်းပါတယ်။

ဒါ့ကြောင့် တရုတ်အိမ်မက်ကို အကောင်အထည်ဖော်မယ်။ တရုတ်တွေရဲ့မျိုးရိုးဂုဏ်သိက္ခာကို ပြန်ထူထောင်မယ်။ (Rejuvenation) ဆိုတဲ့ အမျိုးသားရေးဆောင်ပုဒ်နဲ့ ကတိပြုပြီးတက်လာတဲ့ ရှီကျင့်ဖင်ကို ဝိုင်းထောက်ခံထားကြတာပါ။

တရုတ်အိမ်မက်ဆိုတာ ဘာလဲ။

တရုတ်လူမျိုးများ မိမိတို့ရဲ့ ဂုဏ်ရောင်ပြောင်တဲ့သမိုင်းကို ပြန်လည်ထူထောင်ဖို့ လူတိုင်းကလိုလားနေကြပြီး ဒီအတွက် တနိုင်ငံလုံးကဝိုင်းဝန်းပြီး အားသွန်ခွန်စိုက်ကြိုးစားရမယ်။ ပိုမိုကောင်းမွန်တဲ့ သာယာတဲ့ပြည့်စုံချမ်းသာတဲ့ဘဝ ရကြဖို့ ဘက် စုံ ကြိုးစားရမယ်။ မိမိတို့တနိုင်ငံတည်းချမ်းသာရုံမက တမ္ဘာလုံးချမ်းသာလာအောင်လည်း ကြိုးစားကြရမယ်လို့ ဆိုလိုပါ တယ်။

လူတဦးချင်းစီရဲ့ကြီးပွားတိုးတက်ချင်တဲ့စိတ် (သို့မဟုတ်-အိမ်မက်) ကို လူမျိုးရေး (အမျိုးသားတရပ်လုံးအရေး)အဖြစ်ဆွဲ တင်ပြီး၊ အဲဒီကမှတဆင့် တကမ္ဘာလုံးအထိဖြန့်ဝေနိုင်ရေးအတွက်ပါ စဉ်းစားလာတာဖြစ်ပါတယ်။ တရုတ်အိမ်မက်ကို-ကမ္ဘာ့အိမ်မက်ဖြစ်လာအောင်လုပ်မယ့်သဘောပါ။

“တရုတ်အိမ်မက်” ဆိုတဲ့စကားကို၂ဝ၁၂ နိုဝင်ဘာ (၁၈) ကြိမ်မြောက်ကွန်ဂရက်က ရွေးကောက်တင်မြှောက်ခြင်းခံလိုက်ရတဲ့ ပါတီအထွေထွေအတွင်းရေးမှူး ရှီကျင့်ဖင်ကစ သုံးခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ ရှီကျင့်ဖင်ဟာ ပြည်တွင်းမှာဖြစ်ဖြစ်၊ ပြည်ပမှာဖြစ်ဖြစ်ပေးတဲ့မိန့်ခွန်းများမှာ ဒီတရုတ်အိမ်မက်ကို မူဝါဒတရပ်အဖြစ်ပုံပေါ်လာအောင် တဖြည်းဖြည်းတဆင့်ပြီး တ ဆင့် ပြောဆိုရှင်းပြလာရာမှာ အခု ၂ဝ၁၇ မှာကျင်းပတဲ့ (၁၉) ကြိမ်မြောက်ကွန်ဂရက်မှာ တင်တဲ့အစီရင်ခံစာမှာ အတော် ရုပ်လုံးပေါ် ပြည့်စုံလာပါတယ်။ ဒီမှာတင် တရုတ်ထူးခြားချက်များနဲ့ကိုက်ညီတဲ့ ဆိုရှယ်လစ်စနစ်တည်ဆောက်ရေး၊ ခေတ် သစ်ကာလပိုင်းဆိုင်ရာ၊ ရှီကျင့်ဖင်အတွေးအခေါ်ဆိုတာ ပေါ်ထွက်လာပါတော့တယ်။

ဒီကွန်ဂရက်ကာလအတွင်း တရုတ်ပြည်မှာပျံ့နှံ့နေတဲ့ ဆိုစကားတရပ်ရှိပါတယ်။ မော် (စီတုန်း) က မော်အတွေးအခေါ်နဲ့ တရုတ်ပြည်သူတွေကို မတ်တပ်ရပ်စေခဲ့တယ်။ တိန်(ရှောင်ဖျင်) က တိန်သဘောတရားနဲ့ တရုတ်ပြည်သူတွေကိုချမ်းသာ စေခဲ့တယ်။ ရှီ (ကျင့်ဖင်) က ရှီအတွေးအခေါ်နဲ့ တရုတ်ပြည်သူတွေကို အင်အားတောင့်တင်းစေတယ်တဲ့။

တရုတ်ကွန်မြူနစ်များဟာ ပြည်သူ့အကျိုးကိုဗဟိုပြုပြီး ခေတ်စနစ်နဲ့အညီပြုပြင်ပြောင်းလဲမှုများ၊ နည်းနာသစ်များ၊ တီထွင် ဖန်တီးမှုများကို အချိန်မီပြုလုပ်နိုင်သူများပါ။ မာ့က်စ်ဝါဒ (ကွန်မြူနစ်ဝါဒ) ကို အခြေခံတယ်ဆိုပေမယ့် တရားသေကိုင်စွဲခြင်း တော့မပြုပါဘူး။ မာ့က်စ်ကိုယ်တိုင်က “မာ့က်စ်ဝါဒကို အလုပ်လမ်းညွှန်အဖြစ် ကိုင်စွဲရေး” ကိုပဲ ပြောကြားခဲ့တာပါ။

မော်ရဲ့အတွေးအခေါ်ဆိုတာဟာလည်း ပါတီတွင်းအတွေးအခေါ်တိုက်ပွဲအမျိုးမျိုးကြားက ပေါ်ထွက်လာတာဖြစ်ပါတယ်။ ဥပမာ-ကျေးလက်မှာအခြေခံ၊ မြို့ကိုဝိုင်းဆိုတာတို့၊ ပြောက်ကျားစစ်ခြေခံတဲ့ စစ်ရေးအမြင်များဆိုတဲ့ မာ့က်စ်ဝါဒကို တီထွင် ဖန်တီးမှုရှိစွာ မိမိတိုင်းပြည် အခိုင်အမာအခြေအနေများနဲ့ ပေါင်းစပ်ရင်းပေါ်ထွက်လာတဲ့ မော်ရဲ့မူတွေ ပါတီတွင်းမှာ ကျလာဖို့ အလွန် ကိုကြိုးစားခဲ့ရတာပါ။ ရဲဘော်တွေရဲ့ အသက်ပေါင်းများစွာလည်း ပေးခဲ့ရပါတယ်။ လက်တွေ့လုပ်ငန်းတွေ စမ်းသပ် လုပ်ကိုင်ကြည့်ပြီး အမှားတွေ တဖြည်းဖြည်းပြင်ပြီးမှပြည့်စုံလာတာပါ။ ဒီလိုနဲ့ “လက်တွေ့ကျမ်း၊ ပဋိပက္ခကျမ်း” စတဲ့ အလွန် ပြောင်မြောက်လှတဲ့ မော်ရဲ့လက်ရာတွေ ပေါ်လာတာပါ။ ဒါတွေကိုအခြေခံပြီး၊ ၁၉၄၉ မှာ တရုတ်တပြည်လုံး လွတ် မြောက် လာခဲ့ပါတယ်။ တရုတ်အမျိုးသားတွေ လုံးဝလွတ်လပ်ရေးကို ရရှိစေလိုက်ပါတယ်။ မော်အတွေးအခေါ် လမ်းညွှန်မှုကို တ ရုတ်ပြည်သစ်တည်ဆောက်ရေးမှာ ဆက်လက်ကိုင်စွဲပြီး တရုတ်ပြည်သူတွေကို (စီးပွားရေးအရသိပ်မသိသာလှသော်လည်း)  ပညာရေးကျန်းမာရေးစတဲ့ တခြားနယ်ပယ်တွေမှာ အောင်မြင်မှုတွေရရှိစေနိုင်ခဲ့ပါတယ်။ နိုင်ငံတကာစင်မြင့်မှာလည်းအနောက်တိုင်း နိုင်ငံကြီးများရဲ့ဝိုင်းဝန်းပိတ်ဆို့မှုများကြားကပဲ ကုလသမဂ္ဂအဖွဲ့ဝင်အဖြစ်ရော၊ လုံခြုံရေးကောင်စီဝင် (ကြီးတကြီး) အဖြစ်ရော ဖြစ်လာပါတယ်။ ဒါ့အပြင် မော်နဲ့ချောင်အင်လေးတို့ဟာ အမေရိကန်သမ္မတ နစ်ဆင်နဲ့ တွေ့ဆုံ လိုက်ပြီး ကမ္ဘာကို ကိုင်လှုပ်လိုက်ပါတယ်။ ၁၉၇၂ စစ်အေးခေတ်ကြီး အဆုံးသတ်တော့မယ်ဆိုတဲ့ နိမိတ်ပါ။

တိန့်ရှောင်ဖျင် ၁၉၇၈ မှာ တာဝန်ယူလာတော့ တရုတ်ရဲ့စီးပွားရေးဟာ အတော်ပျက်ယွင်းနေပါပြီ။

အရင်းရှင်နိုင်ငံများဟာ စီးပွားရေးက ပန်းပန်ထားဆဲပါ။ ဒီတော့တိန်က အဲဒီနိုင်ငံများက အရင်းအနှီးများဝင်ရောက်လာနိုင် ရေးအတွက် တံခါးဖွင့်ပေါ်လစီနဲ့ပြုပြင်ပြောင်းလဲရေးလမ်းစဉ်ကို (ဥက္ကဋ္ဌမော်ရဲ့ ဆက်စပ်မှုကြီး ၁ဝ ရပ်နဲ့ ပြည်သူတွင်း ပဋိ ပက္ခကို မှန်ကန်စွာဖြေရှင်းရေးကျမ်းတို့ရဲ့အခြေခံပေါ်မှာ) ဖော်ဆောင်ခဲ့ပါတယ်။ အလွယ်တကူတော့ မဟုတ်ပါဘူး၊ ပါတီ တွင်း   ၄ ယောက်ဂိုဏ်းကို အပြတ်နှိမ်ပြီးမှ လုပ်နိုင်ခဲ့တာပါ။ ဒီမှာတင် တိန့်သဘောတရားတွေဖြစ်တဲ့ အခြေခံမူ (၄) ရပ် ၁ တို့၊ လယ်ယာလုပ်ငန်းများမှာ ကန်ထရိုက်စနစ်ကျင့်သုံးရေးတို့၊ ဆိုရှယ်လစ်စနစ်ရဲ့တာဝန်ဟာ ကုန်ထုတ်စွမ်းအားစု ဖွံ့ဖြိုးတိုး တက်ရေးဖြစ်တယ်တို့၊ သိပ္ပံနဲ့နည်းပညာဆိုတာ နံပါတ်တစ် ကုန်ထုတ်စွမ်းအားစုဖြစ်တယ်တို့၊ ကြောင်ဖြူကြောင်မည်း သီအို ရီတို့၊ ဈေးကွက်သဘောတရားတို့၊ တရုတ်ထူးခြားချက်နဲ့ ကိုက်ညီတဲ့ဆိုရှယ်လစ်စနစ် စတာတွေပေါ် ထွက်လာခဲ့ပါတယ်။ (အရေးကြီးဆုံးကတော့ အခြေခံ မူ ၄ ရပ်ပါပဲ) 


တရုတ်ပြည်က ဟောင်ကောင်ကိုပြန်လည်ရယူသည့် အခန်းအနား (၁၉၉၇)

တိန့်ရဲ့သဘောတရား လမ်းညွှန်မှုအောက်မှာ တရုတ်နိုင်ငံဟာ ကမ္ဘာ့ဒုတိယအင်အားအကြီးဆုံးနိုင်ငံဖြစ်လာပါတယ်။ တ ရုတ် ထူးခြားချက်နဲ့ကိုက်ညီတဲ့ တရုတ်ဆိုရှယ်လစ်စနစ် တည်ဆောက်ရေးဆိုတဲ့ ကြွေးကြော်သံအောက်မှာ တိန့်သဘော တရားကို ပိုမိုဘက်စုံလာအောင် တိန့်နောက်တက်လာတဲ့ပါတီခေါင်းဆောင်များ (ကျန်းစစ်မင်၊ ဟူကျင်ထောင်) က ထပ်မံ ဖြည့်စွက်ခဲ့ကြပါတယ်။

ဒီ တိန့်ရဲ့သဘောတရားတရပ်ဖြစ်တဲ့ တိုင်းပြည်တပြည် စနစ်(၂) ခု ဆိုတဲ့မူနဲ့ ဟောင်ကောင် ၁၉၉၇၊ မကာအို ၁၉၉၉ စတဲ့ကိုလိုနီနယ်လေးတွေကိုလည်း တရုတ်ပြည်ကြီးနဲ့ ပြန်လည်ပေါင်းစည်းလိုက်နိုင်လိုက်ပါတယ်။ ဒါဟာ ကိုလိုနီပြဿနာတရပ်ကိုငြိမ်းချမ်းစွာဖြေရှင်းနိုင်တယ်ဆိုတဲ့ သဘောတရားတရပ်ကို ကမ္ဘာကိုပြသလိုက်နိုင်တာပါ။

ဒီဖြစ်စဉ်တွေဟာ တရုတ်ခြင်္သေ့ကြီးနိုးလာတဲ့ဖြစ်စဉ်ပါပဲ။

တရုတ်တွေဟာတဖက်ကလည်း မိမိတိုင်းပြည်အင်အားတောင့်တင်းခိုင်မာလာအောင် အင်တိုက်အားတိုက်တည်ဆောက် ပြီး တဖက်ကလည်း (မိမိတို့နဲ့ဘဝတူတဲ့) ကျန်ဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျဆဲနိုင်ငံများကို စည်းရုံးဆွဲဆောင်သိမ်းသွင်းပြီး ဒုတိယ ကမ္ဘာစစ်အပြီးရေးဆွဲခဲ့တဲ့ (သိပ်တရားမျှတမှုမရှိတဲ့) နိုင်ငံတကာနိုင်ငံရေးစနစ်များ၊ ဘဏ္ဍာရေးစနစ်များကို ပြင်ဆင်ဖို့ကြိုးစား လာတာတွေ့ရပါတယ်။

ဒီလိုနဲ့ ၂၁ ရာစုနဲ့ကိုက်ညီတဲ့ ပေါ်လစီများကိုချမှတ်လုပ်ဆောင်ကြရင်းက အခုနောက်ဆုံးနိဂုံးချုပ်ချက်အဖြစ် တရုတ်ထူးခြားချက်များနဲ့ကိုက်ညီတဲ့ ဆိုရှယ်လစ်စနစ်ရဲ့ခေတ်သစ်ကာလအတွက် ရှီကျင့်ဖင်အတွေးအခေါ်ဆိုတာ ပေါ်လာပါတယ်။

ဒါဖြင့် အခုနောက်ဆုံးပေါ် ရှီအတွေးအခေါ်ဆိုတာကရော ဘာတွေလဲ။

အပိုင်း (၃) မှာ ဆက်လက်တင်ပြပါ့မယ်။

လှကျော်ဇော
၁၃-၁၁-၂ဝ၁၇။

ရှင်းချက် ။ ။ အခြေခံမူလေးချက်၊ ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်မှု၊ မာက်စ်လီနင်ဝါဒ မော်စီတုန်းအတွေးအခေါ်၊ ဆိုရှယ်လစ် လမ်းကြောင်း၊ ပြည်သူ့ဒီမိုကရေစီ အာဏာရှင်စနစ်။

အပိုင်း (၁)

Comments