ဆောင်းဝေ (နတ်မောင်) ● ဆူးမှ အဝေးကနှင်းဆီသို့


ဆောင်းဝေ (နတ်မောင်) ● ဆူးမှ အဝေးကနှင်းဆီသို့
(မိုးမခ) နိုဝင်ဘာ ၂၇၊ ၂၀၁၇

မင်းဘက်မှာ ညဆို ငါက နေ့ပေါ့
မင်းက နှင်းဆီဆို ငါက ဆူးပေါ့
တရက်ထဲမှာ တဝက်စီခွဲနေရ
ကိုယ့်အကြောင်း မင်းအိပ်မက်မက်နေချိန်မှာ
ကိုယ်က မင်းအကြောင်းတွေးနေရမှာပေါ့
ဘာသာစကားရှိနေလို့သာ ဝေးကြရပြီလို့ပြောရတယ်
ကမ္ဘာကြီးရဲ့ဘယ်နေရာပစ်ချချ
ငါက မင်းအနားမှာကျပြီးသားပဲ
စကားလုံးတွေရှိနေလို့သာ ပြောဆိုနေကြရတယ်
မင်းမပြောလည်း ကိုယ်ကြားရပါတယ်။

မင်းဟာ ငါ့ရဲ့ဖွံ့ဖြိုးပြီးနိုင်ငံတော်ဖြစ်ပြီး
မင်းဟာ ငါ့သွေးကြောထဲက သန့်ရှင်းသောအလံတော်ပေါ့
ရွေ့နေတဲ့တိမ်တွေမြင်တော့
မင်းကိုတင်ယူလာသလားလို့ တွေးမိတယ်
ပျံနေတဲ့ငှက်တွေမြင်တော့
မင်းသတင်းကိုက်ချီလာသလားလို့ မေးမိတယ်
ငါလည်းဘယ်လောက်ပြေးပြေး
မင်းအကြောင်းမှာ နှေးကွေးရတာပဲ။

သစ်ပင်ကပေးနိုင်သလောက်ပဲ အရွက်ကဝေရမှာပေါ့
ခုတော့ သစ်ကိုင်းခြောက်လိုလေထဲတန့်နေပါတယ်
သတိရနေနော်ဆိုတော့ ငါ့မှာသတိရရတယ်
လွမ်းနေရမယ်နော်ဆိုတော့
သတိရစိတ်ကို နာရီစက္ကန့်တံလေးပေါ်တင်ထားရတယ်
မင်းချိုမြမှုမှာ ငါဟာသွားမရတော့တဲ့ခရီး
မင်းအကြောင်းမှာ ငါဟာရပ်နေတဲ့ရထား
လမ်းက ငါ့ကို မင်းဆီကွေ့ချနေပါပြီ။

ဈေးဆိုင်ထဲကို လူတယောက်ဝင်လာတယ်
နှစ်သစ်ကူးဖို့ဆိုပြီး ဖယောင်းတိုင်တွေဝယ်သွားတယ်
ငါကတော့ နံရံပိုစတာထဲက မီးတောက်ကလေးကို စိတ်ထဲယက်ထည့်လို့
အခြားအကူအညီမပါပဲ မင်းအကြောင်းနဲ့ လင်းပါတယ်
လရောင်ဆာသူ ဒီအရပ်မှာ
လေတွေအရမ်းတိုက်ပါတယ်
အပူအပင်မဲ့လေမှာ နှင်းငွေ့တွေ စိုစွတ်လာပါတယ်
ငါက မင်းအကြောင်းတွေးရင်း နွေးပါတယ်။

ကမ္ဘာကျဉ်းကျဉ်းလေးမို့ ငါ့ကိုအဝေးကြီးမှာ သွားမရှာပါနဲ့
ငါ့လိပ်စာဟာ မင်းဆီခေါ်နေတဲ့ ဖုန်းနံပါတ်ပါပဲ။ ။

ဆောင်းဝေ (နတ်မောက်)
နိုဝင်ဘာ ၂၅၊ ၂၀၁၇

Comments