မောင်ရစ် - ဖေ့စ်ဘွတ်ကို အလွဲသုးံပြီး တန်ပြန်ဖိနှိပ်ခြင်း



မောင်ရစ် - ဖေ့စ်ဘွတ်ကို အလွဲသုးံပြီး တန်ပြန်ဖိနှိပ်ခြင်း
(အတွေးအမြင်၊ နိုဝင်ဘာ ၂၀၁၇) မိုးမခ၊ နိုဝင်ဘာ ၃၊ ၂၀၁၇

ဖေ့စ်ဘွတ်မှာ ကိုယ့်မကြိုက်တဲ့ မသင့်တော်ဘူးထင်တဲ့ စာတွေကို ကန့်ကွက်ပြီးတော့ ဖေ့စ်ဘွတ်ကနေ ဖြုတ်ချခိုင်းလို့ရပါတယ်။ Post ရဲ့ Pulldown ကနေ Report this post ဆိုပြီး ဒီပို့စ်ကို မမြင်ချင်ဘူး၊ သို့မဟုတ် မတင်သင့်ဘူးဆိုပြီး ကန့်ကွက်လို့ရပါတယ်။ ဒါကတော့ ဖေ့စ်ဘွတ်မှာ တာဝန်မဲ့ သူတပါးကို စော်ကားသူတွေ၊ အမုန်းတရားပွားသူတွေ၊ အကြမ်းဖက်မှု စေ့ဆော်သူတွေကို တားဆီးဖို့ ဖေ့စ်ဘွတ်က တပ်ဆင်ထားတဲ့ ကိရိယာပါ။ အခုတော့ ဒါကို အာဏာရှင်တွေက ကောင်းကောင်းကြီးအသုံးချပြီးတော့ သတင်းလွတ်လပ်ခွင့်အရေး၊ လူ့အခွင့်အရေး လှုံဆော်သူတွေ တင်ဆက်သူတွေကို တန်ပြန်ဖိနှိပ် တိုက်ခိုက်နေပြီလို့ သတင်းများက ဆိုပါတယ်။

တပါတီ အာဏာရှင် ဗီယက်နမ်အစိုးရရဲ့ ပြန်ကြားရေးလက်ပါးစေ၀န်ထမ်း ၁ထောင်ကျော်က ဗီယက်နမ်သတင်းသမားတွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေတင်ဆက်နေတဲ့ ဖေ့စ်ဘွတ်ပို့စ်တွေကို အမြဲမပြတ် ကန့်ကွက် ရှုပ်ချတဲ့အကြောင်း ဖေ့စ်ဘွတ်ကို သတင်းပို့ခဲ့ကြလို့ သတင်းသမားတွေ၊ လူ့အခွင့်အရေးသမားတွေရဲ့ အကောင့်တွေ၊ စာမျက်နှာတွေ ဖြုတ်ချခံလိုက်ရပါတယ်။ အဖြုတ်ခံလိုက်ရသူ ၄၄ ဦးလောက်ရှိတယ်လို့ ဆိုပါတယ်။

အရင်တုန်းကတော့ အာရပ်နွေဦးလှုပ်ရှားမှုမှာ တော်လှန်ရေးသမားတွေက ဖေ့စ်ဘွတ်နဲ့ အာဏာရှင်တွေကို တော်လှန်တယ်၊ ဖြုတ်ချတယ်၊ ကန့်ကွက်တယ်၊ ဒါကြောင့် အာဏာရှင်တွေက သူတို့နိုင်ငံတွေမှာ ဖေ့စ်ဘွတ်ကို ပိတ်ဆို့ တားဆီးခဲ့ကြတယ်။ အခုတော့ အာဏာရှင်တွေက နည်းဗျူဟာ ပြောင်းသွားပါပြီ။ ဖေ့စ်ဘွတ်ကို သူတို့ပြည်တွင်းမှာ ခွင့်ပြုထားပြီးတော့ ဖေ့စ်ဘွတ်ကို တန်ပြန်တော်လှန်ရေးကိရိယာအဖြစ် အသုံးချနေကြပြီ ဖြစ်တယ်လို့ မီဒီယာသမားတွေ လူ့အခွင့်အရေးသမားတွေက သံချောင်းပြန်ခေါက်နေပါတော့တယ်။ Report Abuse Button ကနေ အာဏာရှင်ရဲ့ ပြန်ကြားရေး တန်ပြန်သမားတွေကနေ တော်လှန်သူတွေကို ‘သူခိုးလူဟစ်’ လုပ်နေကြတာမို့ လွတ်လပ်စွာ ရေးသားထုတ်ဖော်သူတွေဟာ အွန်လိုင်းပေါ်မှာ အဖိနှိပ်ခံသားကောင်တွေ ဖြစ်ကုန်ကြပြီလို့ ဗီယက်နမ်အဖြစ်က သက်သေပြနေတယ်လို့ ဆိုပါတယ်။

ဖေ့စ်ဘွတ်ကနေ အခုတလောကတင် ISIS ဘာသာရေးအစွန်းရောက် အကြမ်းဖက်တွေကလည်း သူတို့အကြမ်းဖက်ဝါဒတွေ အကြောင်းအရာတွေ သတင်းတွေ ဓာတ်ပုံတွေ တင်ဆက်ပြီးတော့ ဆိုရှယ်မီဒီယာကို ထိုးဖောက် ၀ါဒဖြန့်နိုင်ခဲ့ကြပါတယ်။ မင်းမဲ့ဝါဒီအုပ်စုတွေက ဆိုရှယ်မီဒီယာကို အဓမ္မကျင့်နေယုံတင်သာမက အာဏာရှင်တွေကပါ ဆိုရှယ်မီဒီယာကို အသုံးချပြီးတော့ တော်လှန်သူတွေ၊ မီဒီယာသမားတွေကိုပါ မတရားလုပ်ခွင့် ရနေကြတာကို အများပြည်သူက စဉ်းစားဆင်ခြင်ဖို့ လိုပြီလို့ သတင်းသမား၊ လူ့အခွင့်အရေးသမားတွေက ဝေဖန်ထောက်ပြနေရပြီ ဖြစ်ပါတယ်။

လူထုဖက်က စည်းကမ်းတကျ တုန့်ပြန်ကန့်ကွက်ကြလို့ ဗီယက်နမ်က အဖြုတ်ခံလိုက်ရတဲ့ စာမျက်နှာတွေ အကောင့်တွေ ပြန်ပြီးတော့ တင်ဆက်ခွင့်ရကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် အရင်းအနှီးနဲ့ အင်အားတောင့်တဲ့ အာဏာရှင်တွေ မင်းမဲ့ဝါဒီတွေက ဆိုရှယ်မီဒီယာကို မတရားလုပ် အသုံးချခြင်းကိုတော့ စာဖတ်သူလူထုပရိသတ်က ပညာသတိ ရှိရှိနဲ့ တုန့်ပြန်ကြဖို့ လိုတယ်လို့ ဆိုနေကြပါတယ်။

လတ်တလောမှာပဲ ISIS အကြမ်းဖက်သမားတွေက အမေရိကန်သတင်းသမားနောက်တဦးကို ခေါင်းဖြတ်သတ်လိုက်တဲ့သတင်း ဆိုရှယ်မီဒီယာတွေကနေ တင်ဆက်လိုက်ပြန်ပါပြီ။ သတင်းမီဒီယာကြီးတွေက အဲသည်ပုံတွေ မသုံးဘဲ သတင်းသမားရဲ့ အတိတ်ကဓာတ်ပုံတခုသာ သုံးပြီး သတင်းလုပ်လိုက်ကြပါတယ်။

ဗီယက်နမ်က သတင်းသမား Pham Doan Trang က ပြောတာကတော့ သတင်းသမားတွေဟာ ဗီယက်နမ်မှာ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီကို အလွဲသုံးစားပြုလို့ ဆိုတဲ့ ပုဒ်မနဲ့ ဖမ်းဆီးနှိပ်ကွပ် ခံနေရပါပြီတဲ့။ အရင်ကတော့ ဒီမိုကရေစီအရေး တောင်းဆိုလို့ နှိပ်ကွပ်ခံခဲ့ရတာကနေ အခုအခါမှာ ဒီမိုကရေစီကို အလွဲသုံးလို့ဆိုပြီး ခံကြရတဲ့အဖြစ်ပါ။ သူပြောတာကို ဘိုလိုပဲ ရေးရရင် freedom of expression မရှိတာမဟုတ်ဘူး၊ freedom after expression မရှိတော့တာပါတဲ့။

သတင်းကိုးကား – http://www.theverge.com/2014/9/2/6083647/facebook-s-report-abuse-button-has-become-a-tool-of-global-oppression

Comments