ကျော်နိုင် - ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ နှင့် "ပြည်သူနှင့်အတူ"


ကျော်နိုင် ● ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေနှင့် "ပြည်သူနှင့်အတူ"
(မိုးမခ) နိုဝင်ဘာ ၉၊ ၂၀၁၇

လူထုခေါင်းဆောင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ "ပြည်သူနှင့်အတူ" ဆိုသော အသုံးအနှုန်း၊ စကားစုသည် ပြည်သူလူထုအတွင်း တော်တော်ကြီး ထိရောက်မှုရှိသည်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် အကျပ်အတည်းတွေ့နေချိန်တွင် ပြည်သူကိုအားထားသည်။ အကြပ်အတည်းမှရုန်းထွက်ဘို့အတွက် ပြည်သူ့အားကို လိုသည်၊ ပြည်သူ့အားကိုယူမည်။ ထို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် ပြည်သူ့အကျိုးကို အမြဲရှေ့ရှုမည်။ ပြည်သူနှင့်တသားတည်းဖြစ်အောင်နေမည်။ ပြည်သူ့အသံကိုစဉ်ဆက်မပြတ်နားထောင်နေမည်။ စသည် စသည်ဖြင့်။

"ပြည်သူနှင့်အတူ" ဆိုသောစကားစုတွင် စကားလုံး ငါးခုသာ ပါသော်လည်း အထက်စာပိုဒ်တွင်ဖေါ်ပြခဲ့သော ဝါကျရှည်ကြီးများစွာကို အဓိပ္ပါယ်ဖြန့်ကျက်သည်။ ပြည်သူများကလည်း ထိုအဓိပ္ပါယ်များကို ခံစားရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရနှင့် ပြည်သူလူထုအကြား နွေးထွေးသောပေါင်းစည်းမှုကို ဖြစ်ပေါ်စေသည်။ အပြန်အလှန် ယုံကြည်စိတ်ချရမှုကို ဖေါ်ဆောင်ပေးသည်။ ပြည်သူတို့၏ နှုတ်ဖျားတွင် တဖွဖွဆွဲနေသလို ရင်ထဲတွင်လည်း တသသစွဲကျန်နေခဲ့သည့် "ပြည်သူနှင့်အတူ"။

သို့သော် ထို "ပြည်သူနှင့်အတူ" ဆိုသောဆောင်ပုဒ်သည် နေပြည်တော်ရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရုံးခန်းအတွင်းမှာတင် ရှိနေရန်မဟုတ်ဟု ကျွန်တော် ယုံကြည်သည်။ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရုံးခန်းနံရံ လေးဘက်ကို ဖေါက်ထွက်၍ ပြည်ထောင်စုမြန်မာနိုင်ငံတဝှမ်း ပြန့်ပွားဘို့လိုသောဆောင်ပုဒ်ဖြစ်သည်။ ထိုသို့ ပြန့်ပွားအောင် ဖြန့်ပေးရမည့်တာဝန်သည် ပြည်နယ်၊ တိုင်းဒေသကြီး အသီးသီး၏ အစိုးရမျာတွင်ရှိသည်ဟု ကျွန်တော်ယူဆသည်။ အဆိုပါအစိုးရအသီးသီးသည် မိမိတို့ ပြည်နယ်၊ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအားလုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် အမှန်တကယ် "ပြည်သူနှင့်အတူ" ရှိနေသည်ဟု ယုံကြည်လက်ခံအောင် ဆောင်ရွက်ပြရမည် ဖြစ်သည်။ ထိုသို့ မစွမ်းဆောင်နိုင်ပါက "ပြည်သူနှင့်အတူ" ဆိုသောဆောင်ပုဒ်သည် နေပြည်တော်ရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးခန်း၏ နံရံလေးဘက်အတွင်းတွင်သာ ပဲ့တင်ထပ်နေပေလိမ့်မည်။

ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် "ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ" အသစ်ကို ပြဌာန်းရန်ကြိုးစားဆောင်ရွက်နေသည်ဟု ကြားသိရသည်။ ၁၉၉၀ ခုနှစ် "နဝတ အစိုးရ" လက်ထက်ကပြဌာန်းခဲ့သော ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကိုဖျက်သိမ်းပြီး ဥပဒေအသစ် ပြဌာန်းနိုင်ရန် ကြိုးစားဆောင်ရွက်နေခြင်းဖြစ်ရာ ယေဘူယျအားဖြင့် ကြိုဆိုရမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းနေထိုင်ကြသော ပြည်သူများနှင့် တိုက်ရိုက်သက်ဆိုင်သော၊ ပြည်သူများ၏ အကျိုးစီးပွားနှင့် တိုက်ရိုက်ပါတ်သက်သော ဥပဒေဖြစ်သည်ကို သတိပြုမိမည်ထင်ပါသည်။ ထို့အတွက် ဥပဒေအသစ်ပြဌာန်းရေးတွင် ပြည်သူများကိုပါဝင်ပါတ်သက်စေပြီး ပြည်သူများထံမှ အကြံဉာဏ်များ ရယူရန် ပြင်ဆင်ထားပြီုးဖြစ်လိမ့်မည်ဟုလည်း ယုံကြည်ပါသည်။

ဤသို့မဟုတ်မူဘဲ ပြည်သူ့ဆန္ဒကိုမျက်ကွယ်ပြုကာ ဥပဒေအသစ်ကို ပြဌာန်းလိုက်မည်ဆိုပါက ထိုဥပဒေသည် နဝတအစိုးရ၏ ၁၉၉၀ စည်ပင်ဥပဒေနှင့် အနှစ်သာရအားဖြင့် ကွဲပြားမှု ရှိတော့မည်မဟုတ်ပေ။

၂၀၀၈ ခုနှစ် နာဂစ် ခြေ/ဥ မည်သို့ဖြစ်ပေါ်လာသည်။ ထိုဥပဒေကို မည်သို့ပြဌာန်းလိုက်သည်။ ထိုဥပဒေအပေါ် ပြည်သူတို့၏သဘောထား မည်သို့ရှိသည်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ ကောင်းစွာသိရှိမည်ဟု ယုံကြည်ပါသည်။ သို့ဆိုလျှင် ပြည်သူများ၏ အကျိုးစီးပွားနှင့် တိုက်ရိုက်သက်ဆိုင်သော ဥပဒေတစ်ရပ်ပြဌာန်းရာတွင် ပြည်သူများ၏အသံကို နားထောင်ရန်၊ ပြည်သူတို့၏ဆန္ဒကိုရယူရန် မည်မျှအရေးကြီးကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ နားလည်ပြီးဖြစ်ပါလိမ့်မည်။ ထိုသို့နားလည်သည့်အလျှောက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ အသစ်ပြဌာန်းရာတွင် ပြည်သူများနှင့် အပြန်အလှန်ဆွေးနွေး၍ ပြည်သူ့ဆန္ဒများကို ရယူလိမ့်မည်ဟု ယုံကြည်မျှော်လင့်နေပါသည်။

"ပြည်သူနှင့်အတူ" ဆိုသောဆောင်ပုဒ်သည် နေပြည်တော်ရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရုံးခန်းနံရံများကိုဖေါက်ထွင်း၍ ရန်ကုန်တိုင်းဒေသကြီးသို့ရောက်ရှိအောင် တိုင်းဒေသကြီးအစိုးရမှ စွမ်းဆောင်ပေးနိုင်လိမ့်မည်ဟု ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများကယုံကြည်နေပါသည်။

photo - DVB

Comments