ကျော်နိုင် - YBS ထက် အဆများစွာ အရေးကြီးသော စည်ပင်ဥပဒေ

Photo - Irrawaddy


ကျော်နိုင် - YBS ထက် အဆများစွာ အရေးကြီးသော စည်ပင်ဥပဒေ
(မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၁၇

YBS သည် ဥပဒေတစ်ရပ် မဟုတ်ပါ။

YBS သည် မူဝါဒ (ပေါ်လစီ) မဟုတ်ပါ။

YBS သည် ကုမ္ပဏီတစ်ခု၏ အများပြည်သူ သယ်ယူပို့ဆောင်ရေး စံနစ် (system) တစ်ခုသာဖြစ်သည်။

ကုမ္ပဏီတစ်ခု၏ လုပ်ငန်းဆောင်ရွက်ပုံစံနစ် (system) တစ်ခုကို ပြောင်းရန်ဆိုသည်မှာ မလွယ်သော်လည်း ပြောင်း၍ရသေးသည်။ မထသ ကိုဖျက်သိမ်း၍ YBS ဖြင့် အစားထိုးလိုက်ခြင်းကို ဥပမာအနေဖြင့် ကြည့်နိုင်သည်။ မထသ မှ YBS အကူးအပြောင်းသည် လွယ်ကူချောမွေ့ခြင်းမရှိခဲ့။ ဘတ်စ်ကားစီး ပြည်သူများကို ရိုက်ခတ်မှု များစွာရှိခဲ့သည်။ ဘတ်စ်ကားစီး ပြည်သူတို့ဒုက္ခရောက်ခဲ့ကြသည်။ အခက်အခဲတွေ့ခဲ့ကြသည်။ သို့သော် ပြောင်းလို့ရခဲ့သည်။ ယခုအခါ YBS ကိုဖျက်၍ အခြားစံနစ်တစ်ခုဖြင့် အစားထိုးပြောင်းလဲမည်ဆိုပါကလည်း ပြောင်း၍ ရဦးမည်သာဖြစ်သည်။ အများပြည်သူတို့အနေဖြင့် အခက်အခဲတော့ ရှိမည်ပေါ့။

ပေါ်လစီတစ်ခုကို ပြောင်းမည်ဆိုလျှင်မူ ထို့ထက်ပို၍ ခက်ခဲပေလိမ့်မည်။ ထို့ထက်ပို၍ ရိုက်ခတ်မှုပြင်းထန်ပေလိမ့်မည်။ သို့သော် မဖြစ်မနေ ပြောင်းဘို့လိုသည်ဆိုလျှင် ပြောင်းလို့ရနေသေးသည်။

ဥပဒေတစ်ရပ်သည်ကား ထိုသို့မဟုတ်။ အတည်ပြုပြဌာန်းပြီးလျှင် ပြောင်းရန် အလွန်ခက်ခဲသည်။ ၂၀၀၈ ခြေ/ဥ ကိုဘဲ နမူနာကြည့်ရပေမည်။ ပြည်သူအားလုံးလိုလိုက မကြိုက်သဖြင့် ပြောင်းချင်နေကြသည်။ ပြောင်းလိုကြသည်။ သို့သော် ပြောင်းဘို့ တော်တော်ခက်ခဲကြောင်း အားလုံးသိကြပြီးဖြစ်သည်။ ပြဌာန်းပြီးလျှင် ပြောင်းရခက်သည်ဆိုသည်ကိုက ဥပဒေ၏ သဘောသဘာဝဖြစ်သည်။

ထို့အတွက် ဥပဒေတစ်ရပ်ကို အတည်ပြုမပြဌာန်းမီ ထိုဥပဒေသည် သက်ဆိုင်သူအားလုံးအတွက် (အများစုအတွက်) အကျိုးရှိကြောင်း သေချာအောင် လုပ်ရန်လိုအပ်သည်။

ယခုအခါ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ အသစ်ကို ပြဌာန်းတော့မည်ဖြစ်ရာ ထိုဥပဒေအသစ်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူအားလုံး (အများစု) အတွက် အကျိုးရှိသောဥပဒေဖြစ်ရန်လိုအပ်သည်။ သို့မဟုတ်မူဘဲ အများပြည်သူအတွက် အကျိုးယုတ်သော ဥပဒေဆိုလျှင် ပြည်သူအများ ဒုက္ခရောက်မည်ဖြစ်သည်။

YBS သည် မှားယွင်းသောစံနစ်တစ်ခုမဟုတ်ခဲ့။ အဆင်သင့်မဖြစ်သေးခင်မှာ လုပ်လိုက်သဖြင့် အဆင်မပြေမှုများ ဖြစ်ခဲ့ရခြင်းဖြစ်သည်။ YBS စသည့်အချိန်တွင် ဘတ်စ်ကားစီးသူများ မည်သို့အခက်အခဲတွေ့ခဲ့ကြရကြောင်း၊ မည်မျှဒုက္ခရောက်ခဲ့ကြရကြောင်း အားလုံးအသိပင်ဖြစ်သည်။

အသစ်ထွက်မည့် ရန်ကုန်မြို့တော်သည်ပင်သာယာရေးဥပဒေကို အဆင်သင့်မဖြစ်သေးခင်၊ အများပြည်သူအတွက် သင့်တော်ကောင်းမွန်သော ဥပဒေတစ်ရပ်ဖြစ်သည်ဟု မသေချာသေးခင် အစောတလျှင် အတည်ပြုပြဌာန်းလိုက်လျှင် ဖြစ်ပေါ်လာမည့် ဆိုးကျိုးသက်ရောက်မှုသည် YBS စံနစ်စကာစကထက် အဆများစွာ ဆိုးဝါးမည်ဖြစ်သည်။ အဆများစွာ ပြင်းထန်မည်ဖြစ်သည်။ အဆိုပါဥပဒေကို ပြန်မပြင်နိုင်မချင်း နှစ်နှင့်ချီ၍ ဒုက္ခတွေ့ကြမည်ဖြစ်သည်။

ထို့ကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေအသစ်ကို မပြဌာန်းမီ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိုပြည်သူများအားလုံးက ထိုဥပဒေပါအကြောင်းအရာများကို သိရှိခွင့်ရပြီး လိုအပ်သည်များကို ဝေဖန် အကြံပြုခွင့် ရရမည်ဖြစ်သည်။ ဤသို့ဝေဖန်အကြံပြုခွင့်ရရှိရန်လည်း ပြည်သူအများက တောင်းဆိုသင့်သည်။

ဤသို့ ပြည်သူများ၏ ဝေဖန်အကြံပေးချက်များကို မရယူဘဲ ဥပဒေကို အတည်ပြုပြဌာန်းလိုက်ပါလျှင်မူ ထိုဥပဒေကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက တာဝန်ခံရမည်ဖြစ်ပြီး ထိုအမှားအတွက် ပေးဆပ်ရမည့် တန်ဘိုးမှာ အလွန်တရာ ကြီးမားပေလိမ့်မည်။

Comments