ထွန်းဝင်းငြိမ်း - သတင်းအမှောင်ခေတ်ကို အဆုံးသတ်ဖို့ လိုပါတယ်



ထွန်းဝင်းငြိမ်း - သတင်းအမှောင်ခေတ်ကို အဆုံးသတ်ဖို့ လိုပါတယ်

(မိုးမခ) ဒီဇင်ဘာ ၂၂၊ ၂၀၁၇
(သူ့ဖေ့စ်ဘွတ်က ယူပါတယ်)

စိုးရိမ်ဖွယ်ရာ
တိုက်ဆိုင်တယ်လို့ပဲ ပြောရမလား၊ ဒါမှမဟုတ် ဒါမျိုးတွေလုပ်ရင် ဒီလို ပညာပေးခံရမယ်လို့ ရည်ရွယ်ချက်ရှိရှိနဲ့ ခြိမ်းချောက်နေတာလား ဆိုတာ တွေးထင်စရာပါ။ ဒီနှစ်ဇွန်လ ၂၆ - ၂၇ ရက်နေ့က ပဉ္စမအကြိမ် တိုင်းရင်းမီဒီယာညီလာခံကို လွိုင်ကော်မြို့မှာကျင်းပခဲ့ပါတယ်။ တိုင်းရင်းမီဒီယာညီလာခံ စတဲ့နေ့မှာပဲ TNLA ထိန်းချုပ်နယ်မြေထဲကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ သတင်းသွားယူပြီး ပြန် လာတဲ့ DVB သတင်းထောက်နှစ်ဦးနဲ့ ဧရာဝတီသတင်းဌာနက သတင်းထောက်တစ်ဦးတို့ကို အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နဲ့ ဆက် သွယ်ဆောင်ရွက်တယ်ဆိုပြီး နမ့်ဆမ် သီပေါ ကားလမ်းပေါ်မှာ တပ်မတော်က ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးထားတဲ့ သတင်းသမားတွေကို ဘယ်နေရာမှာ ဘယ်လို ထိန်းသိမ်းထားတယ်ဆိုတာ အတိအကျမသိရဘဲ သူတို့ရဲ့ မိခင်သတင်းဌာနတွေနဲ့လည်း အဆက်အသွယ် မရရှိ တဲ့ အခြေအနေက စိုးရိမ်ဖွယ်ရာ ဖြစ်ခဲ့ပါတယ်။

လွတ်လပ်သော စာပေ၊ လွတ်လပ်သောအသံ

ဒီလ ဒီဇင်ဘာ ၁၂ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ၂၀၁၇ စာပေညီလာခံဖွင့်ပွဲအခမ်းအနားမှာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က "၁၉၆၂ ညီလာခံသည် တိုင်းပြည်ကို တစ်ပါတီစနစ်နဲ့ အုပ်ချုပ်ဖို့ ပြင် ဆင်နေတဲ့ အစိုးရ တစ်ရပ်အောက်မှာ စီစဉ်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်၊ - - - - - ဒီကနေ့ ၂၀၁၇ ညီလာခံကတော့ လွတ်လပ်သော စာပေ၊ လွတ်လပ်သောအသံ ဆိုတဲ့ဆောင်ပုဒ်နဲ့ အညီ လွတ်လပ်စွာ စာပေသမားများကိုယ်တိုင် ဦးစီးပြီး ကျင်းပတဲ့ ညီလာခံဖြစ်တယ် ဆိုတာကို အလေးအနက် ကျွန်တော်ပြောချင်ပါတယ်" လို့ ဆိုခဲ့ပါတယ်။ စာပေညီလာခံကို မြန်မာနိုင်ငံရှိ စာပေအဖွဲ့အစည်း ၁၁ ခု ပူးပေါင်းကျင်းပတာဖြစ်ပြီး၊ ရန်ကုန်မြို့ မင်းဓမ္မလမ်းက Myanmar Convention Center မှာ ဒီဇင်ဘာလ ၁၃ ရက်က ၁၅ ရက်နေ့ထိ ဆွေးနွေးပွဲတွေ ဆက်တိုက် ကျင်းပပြုလုပ်ခဲ့တာပါ။

စာပေညီလာခံ ကျင်းပဖို့ တစ်ရက်အလို ဒီဇင်ဘာလ ၁၂ ရက်နေ့မှာပဲ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားတဲ့ သတင်းတွေရေးဖို့ ကြိုးစားတဲ့ ရိုက်တာ Reuters သတင်းဌာနက မြန်မာသတင်းသမား နှစ်ဦး ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်း အခြေအနေနဲ့ ပတ်သက်လို့ သတင်းအချက်အလက်တွေ၊ လုံခြုံရေးတပ်ဖွဲ့နဲ့ သက်ဆိုင်တဲ့ လျှို့ဝှက် စာရွက်စာတမ်း အထောက်အထားတွေကို ပြည်ပသတင်းဌာနတွေကို ပေးပို့ဖို့ ရည်ရွယ်ချက်နဲ့ တရားမ၀င် သတင်းရယူခဲ့တယ်လို့ဆိုပြီး သတင်းထောက် နှစ်ဦးကို အစိုးရလျှို့ဝှက် အက်ဥပဒေ ပုဒ်မနဲ့ ဖမ်းဆီးထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ အဲဒီလို အနေအထားတွေဟာ ဒီမိုကရေစီစနစ်ဆီသွားမယ်လို့ ကြွေးကြော် ထားတဲ့ အစိုးရတစ်ရပ်ရဲ့ သတင်းလွတ်လပ်ခွင့်ဆိုတာ ဘာလဲလို့ မေးခွန်းထုတ်ရမလို ဖြစ်နေပါတယ်။

ကိုလိုနီခေတ်က ဥပဒေ

အခုချိန်ထိ ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေနဲ့ အဆက်အသွယ်မရသေးပဲ အချက်အလက်တွေ အသေးစိတ်သိရဖို့ မြန်မာ အာဏာပိုင်တွေရဲ့ ပြန်ကြားချက်ကို မတွေ့ရသေးပါဘူး။ သူတို့နဲ့ အခုချိန်ထိ အဆက်အသွယ်မရသေးတဲ့အတွက် ဘယ်လိုပုံစံမျိုးနဲ့ ဖမ်းဆီးခံခဲ့ရသလဲဆိုတာ အတိအကျမသိရသေးကြောင်း ရိုက်တာသတင်းဌာနတာဝန်ရှိသူတွေကပြောကြားတာကိုတွေ့ရပါတယ်။ အထူးသဖြင့် သတင်းလွတ်လပ်ခွင့်ကို NLD အရပ်သားအစိုးရက အထင်အရှား ပိတ်ပင်လိုက်တာဖြစ်ကြောင်း၊ လက်ရှိ မြန်မာ အာဏာ ပိုင်တွေ စွဲချက်တင်ထားတဲ့ ၁၉၂၃ ခုနှစ် ဗြိတိသျှကိုလိုနီခေတ် ကတည်းက ပြဌာန်းခဲ့တဲ့ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေပုဒ်မအရ သူတို့နှစ်ဦးကိုထောင်ဒဏ် ၁၄ နှစ်ထိ ချမှတ်နိုင်ဖွယ်ရှိကြောင်း ရိုက်တာ ဗျူရိုအကြီးအကဲက ပြောတာကိုတွေ့ရပါတယ်။

ရိုက်တာသတင်းဌာနက မြန်မာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့် ကျဆင်း လာတဲ့အပေါ်မှာ စိုးရိမ်သလို၊ အခု သတင်းထောက်တွေဖမ်းဆီးမှုက ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုး ဖောက်မှု အခြေအနေတွေနဲ့လည်း ဆက်စပ်နေနိုင်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်ကလည်း ပြောဆိုပါတယ်။ အခုသတင်းသမားတွေ ဖမ်းဆီးခံရတာဟာ ရခိုင်ဒေသ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေနဲ့လည်း ဆက်စပ်နေနိုင်တာကြောင့်၊ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သူ့ရဲ့ အဓိက စိုးရိမ်ချက်ကတော့ ရခိုင်ပြည်နယ်တွင်း ဘင်္ဂါလီ(မူရင်းတွင် ရိုဟင်ဂျာ ဟု သုံးနှုံး) ဒုက္ခသည် သိန်းနဲ့ချီ ထွက်ပြေးခဲ့ရတဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေပဲ ဖြစ်တယ်လို့ မစ္စတာ ဂူးတား ရက်စ်က ပြောပါတယ်။

ကြံရွယ်ထားတာ သိသာနေ

နေပြည်တော် ၈ မြို့နယ်က NLD ပါတီဝင်တွေနဲ့ တွေ့ဆုံပွဲအပြီးမှာ ဦးဝင်းထိန်က သူ့အမြင်ကိုပြောရာမှာ အဲဒီသတင်းထောက် ၂ ဦးဟာ ထောင်ချောက်ဆင်ပြီး အဖမ်းခံရတာ ထင်ကြောင်း၊ စွဲဆိုထားတဲ့ပုဒ်မဟာ နဂိုကတည်းက ကြံရွယ်ထားတာ သိသာနေတယ်လို့ ဆိုပါ တယ်။ နေပြည်တော်မှာ ကျင်းပတဲ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကို တက်ရောက်လာတဲ့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာ ဖေမြင့် ကို သတင်းမီဒီယာသမားတွေက ဖမ်းခံထားရတဲ့ သတင်းထောက် ၂ ဦးနဲ့ပတ်သက်ပြီး မေးမြန်းတဲ့အခါ အဲဒီကိစ္စကို သေချာမသိရ သေးကြောင်းနဲ့ တိတိကျကျသိရတဲ့အခါ လိုအပ်သလို ဆောင်ရွက်ပေးမှာဖြစ်ကြောင်း ပြောပါတယ်။

သူတို့ဟာ အကြမ်းဖက် ပဋိပက္ခတွေရှိနေတဲ့ ရခိုင်ပြည်နယ်မှာ တာဝန် ထမ်းဆောင်ခဲ့ကြတဲ့ ရဲတပ်ဖွဲ့ဝင်တချို့ကို ချဉ်းကပ်စည်းရုံးပြီး သတင်းအချက်အလက်တွေ ရယူခဲ့ကြသလို အရေးကြီး လုံခြုံရေး စာရွက်စာတမ်း အထောက်အထားတွေကို ပြည်ပသတင်း ဌာနတွေ အတွက် စုဆောင်းခဲ့တာကြောင့်ဖြစ်တယ်လို့ မြန်မာပြန်ကြားရေး ၀န်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ သတင်းထုတ်ပြန်ထားတာကို လည်းတွေ့ရ ပါတယ်။ သေချာတာတစ်ခုကတော့ ဖမ်းဆီးခံခဲ့ရတဲ့ သတင်းထောက်ေ တွ ဟာ သတင်းရင်းမြစ်ရှိရာကို သတင်းသွားယူတာသာဖြစ်ပြီး နိုင်ငံတော်ကို ပုန်ကန်ဖို့ ဆောင်ရွက်တာ မဟုတ်တာတော့ သေချာပါတယ်။

သတင်းသမားနှစ်ဦး အဖမ်းဆီးခံရတဲ့အချိန်ကစလို့ မြန်မာသတင်းအဖွဲ့အစည်းတွေအသီးသီးက ဆန့်ကျင်ကန့်ကွက်ကြောင်း သတင်း ထုတ်ပြန်ချက် အသီးသီးထုတ်ပြန်သလို ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်မယ့် သတင်းမီဒီယာသင်တန်း အစီအစဉ် အချို့ ကိုလည်း ဒီလိုဖမ်းဆီးခံရတဲ့အပေါ် မကျေနပ်ကြောင်းပြသတဲ့အနေနဲ့ ဖျက်သိမ်းခဲ့ကြပါတယ်။ အခုလို သတင်းသမားတွေနဲ့ အရပ်သား အစိုးရကြား တင်းမာမှုတွေဖြစ်လာတဲ့အနေအထားအပေါ် သက်ဆိုင်ရာပြန်ကြားရေးဝန်ကြီးဌာနဘက်က ကျိုးကြောင်း ဆီလျော်တဲ့ ဖြေ ရှင်းမှုမျိုး ထုတ်ပြန်မှုမျိုးကို အလေးအနက်ထားဆောင်ရွက် သင့်တယ်လို့ သတင်းအဖွဲ့အစည်းတွေက ရှုမြင်ကြပါတယ်။

လက်ဝါးကြီးအုပ် ချုပ်ကိုင်

ပြီးခဲ့တဲ့ စစ်တပိုင်းအစိုးရဟာ စာပေစိစစ်ရေးဖျက်သိမ်းပေးပြီး သတင်းလွတ်လပ်ခွင့်ရှိသယောင် နိုင်ငံတကာနဲ့ ပြည်တွင်းမှာ မျက်နှာပန်း လှအောင် လုပ်ခဲ့တယ်။ လွတ်လပ်စွာရေးသားခွင့်ဆိုတဲ့ လမ်းကို ခပ်ဟဟဖွင့်ပေးတယ်။ ဒါပေမဲ့ လွတ်လပ်စွာရေးသားခွင့်လို့ အမည် ပေထားတဲ့ လမ်းတစ်လျှောက်မှာတော့ ထောင်ချောက်တွေ ပြည့်နှက်လို့နေပါတယ်။ အခုလို မီဒီယာသမားတွေကို ထောင်ချတာ၊ တရားစွဲ တာတွေဟာ ဒီမိုကရေစီ အစိုးရတစ်ရပ်ရဲ့ လက္ခဏာရပ်တွေ မဟုတ်ပါဘူး။ အာဏာရှင် အငွေ့အသက် မကင်းသေးတဲ့ အပြုအမူ၊ ခြိမ်း ခြောက်မှု လုပ်ရပ်တွေသာ ဖြစ်ပါတယ်။ ကမ္ဘာအရပ်ရပ်က အာဏာရှင်နိုင်ငံ အစိုးရတွေဟာ နိုင်ငံတော်အာဏာနဲ့ သတင်းမီဒီယာကို အမြဲတမ်း လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားလေ့ရှိ ပါတယ်။ အဲဒါကြောင့် အာဏာရှင်အစိုးရတိုင်းဟာ “သတင်းမှန်” တစ်ခု လူထုကြားသွား မှာ၊ သိသွားမှာ စိုးရိမ်ပါတယ်။ သိသွားရင် “တရားမျှတမှု” အတွက် လူထုရဲ့ဝေဖန်သံတွေ၊ လူထုလှုပ်ရှားမှုတွေ၊ လူထုရဲ့ဆန့်ကျင်မှုတွေ ဖြစ်ပေါ်လာမှာကို အမြဲ ထိတ်လန့် တုန်လှုပ်တတ်ကြပါတယ်။

ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလဆိုတဲ့အချိန်မှာ နိုင်ငံတော်က သတင်းမီဒီယာနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့အခန်းကဏ္ဍကို မြှင့်တင်နိုင်ဖို့ အရေးကြီးပါတယ်။ သတင်းမီဒီယာနဲ့ အရပ်ဖက်အဖွဲ့ အစည်းတွေဟာ ဒီမိုကရေစီလူ့အဖွဲ့အစည်းအတွက် ကြီးမားတဲ့ အထောက်အကူတွေပေး နိုင်စွမ်းရှိတယ် ဆိုတာကို အလေးထား အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ သူတို့ကို ချုပ်ချယ် ကန့်သတ် ဟန့်တား ပိတ်ပင်နေတာတွေကို စီစစ်ဖယ်ရှားပေး သွားဖို့လိုအပ်ပါတယ်။ သတင်းမီဒီယာနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေမှာ လုပ်ကိုင်နေသူတွေ အပေါ် ဖိနှိပ်ဖမ်းဆီးနေမှုတွေကို ရပ်တန့်ဖို့ တချိန်ထဲမှာ ပြည်သူလူထုအတွင်း ဘာသာရေး၊ လူမျိုးရေးမုန်းတီးမှုတွေ Hate Speech တွေ ပြန့်ပွားအောင်လုပ်ဆောင်နေတဲ့သူတွေကိုလည်း လိုအပ်တဲ့ နည်းဥပဒေများနဲ့ ပြဌာန်းထိန်းချုပ်ဖို့လည်းလိုအပ်ပါတယ်။

အမှောင်ခေတ်ဆိုတာ

“သတင်းမှန်တစ်ခုကို သိခွင့်မပေးတာ” ဟာ လူသားရဲ့မွေးရာပါ အသိဉာဏ်ကို အမှောင်ချ လိုက်တာပါပဲ။ ဒါကြောင့် သတင်းလွတ်လပ် ခွင့် မရှိတဲ့ စစ်အာဏာရှင် အစိုးရရဲ့ ခေတ်ကို “အမှောင်ခေတ်” လို့ သတ်မှတ်ကြတာဖြစ်ပါတယ်။ “သတင်းလွတ်လပ်ခွင့်” ဆိုတဲ့အရာဟာ အခြေခံကျတဲ့ လူ့အခွင့်အရေးတရပ် ဖြစ်တယ်လို့ နိုင်ငံတကာက သဘောတူ ကြေညာခဲ့ပြီးတဲ့နောက် နှစ် ၃၀ လောက် ကြာမြင့်ခဲ့ပြီးတဲ့ နောက်မှာ သတင်းသမားတွေဟာ တရားဝင်ဆင်ဆာဖြတ်တောက် မှုတွေ၊ ဖိနှိပ်မှုနဲ့ ထောင်သွင်း အကျဉ်းချမှုတွေသာမက လုပ်ကြံ သတ်ဖြတ်ခံရမယ် ဆိုတဲ့ ခြိမ်းခြောက်မှုတွေနဲ့ တိုးမြှင့် ရင်ဆိုင်နေ ကြရပါတယ်။ သတင်းလွတ်လပ်ခွင့် ငြင်းပယ်တဲ့ နိုင်ငံတွေကို ကြည့်လိုက်မယ်ဆိုရင် အများစုဟာ စစ်မက်ပဋိပက္ခ ဖြစ်ပွားနေတဲ့ နိုင်ငံတွေ၊ အဂတိ လိုက်စားမှုတွေ ဖြစ်နေတဲ့ နိုင်ငံတွေ ၊ အုပ်ချုပ်ရေး ယိုယွင်းပျက်စီး နေတဲ့နိုင်ငံတွေ ဖြစ်နေတာများပါတယ်။

အပြည့်အဝ မရသေးတာ

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် စစ်အုပ်ချုပ်မှုလက်အောက်ကနေ အရပ်သားအစိုးရ တရပ်အဖြစ် အသွင်ကူး ပြောင်းလာခဲ့တဲ့အချိန် မှာ အစိုးရကနေ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာတွေ၊ စာပေစီစစ်ရေးဖျက်သိမ်းခဲ့တာတွေကြောင့် မြန်မာနိုင်ငံရဲ့ အရပ်သား အစိုးရလက်ထက် ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတဲ့ မြန်မာ့စာနယ်ဇင်း အခြေအနေကတော့ တိုးတက်မှု အနေအထားတချို့ကို တွေ့မြင်နေရပြီး ဖိနှိပ်မှုတွေ လျော့ပါး လာနေတယ်လို့ နိုင်ငံတကာ စာနယ်ဇင်းသမား ကာကွယ်စောင့်ရှောက်ရေးအဖွဲ့တွေရဲ့ အစီရင်ခံ စာတွေမှာ ဖော်ပြနေကြပါတယ်။ အရပ်သားအစိုးရ လက်ထက်မှာ ပြည်တွင်း စာနယ်ဇင်းသမားတွေနဲ့ ဝန်ကြီးဌာနတချို့အကြား သတင်း ဖော်ပြမှုနဲ့ ပတ်သက်ပြီး တရားစွဲဆိုမှုတွေ အရင်ကထက်ပိုမိုများပြားလာတာ တွေ့လာရသလို သတင်းအချက်အလက် ရယူမှုတွေနဲ့ သတင်းအချက် အလက်ဆိုင်ရာ ဖော်ပြခွင့်တွေမှာတော့ သတင်းလွတ်လပ်ခွင့်ကို အပြည့်အဝ မရသေးတာကိုလည်း တွေ့ရပါတယ်။

မြန်မာ့သတင်းမီဒီယာ လောကမှာတော့ စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ သတင်းသမားတွေအပေါ် ဖိနှိပ်ကန့်သတ်မှုတွေ ရှိနေဆဲဖြစ်ကြောင်း၊ အရင်ကထက် ပိုမိုချုပ်ကိုင်ခံထားရတဲ့အခြေအနေနဲ့ ကြုံတွေ့နေ ရကြောင်း၊ အချို့ဒေသတွေမှာ ထောင်နှုတ်ခမ်းလမ်းလျှောက်ပြီး အသက် နဲ့ရင်းကာ သတင်းလောကကို ဖြတ်သန်းနေရကြောင်း သတင်းသမားတွေက သုံးသပ်နေကြဆဲဖြစ်ပါတယ်။ သတင်းမီဒီယာ သမားတွေ အနေနဲ့ ပဋိပက္ခဖြစ်ရာ ဘက်အသီးသီးမှာ ပါဝင်ပတ်သက်နေတဲ့သူတွေနဲ့ ဆက်သွယ်ပြီး သတင်းရေးသားဖော်ပြခြင်း မပြုနိုင်ရင် နိုင်ငံသား အားလုံးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက်ပါ အကျိုးဆုတ်ယုတ်စေမှာဖြစ်ပါတယ်။ ဒါကြောင့် ဖမ်းဆီးထားတဲ့သတင်းမီဒီယာသမားတွေကို အမြန်ဆုံး လွှတ်ပေးဖို့နဲ့ သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်နေမှုများကို ရပ်တန့်ပေးဖို့ လိုအပ်ပါကြောင်းတင်ပြလိုက်ရပါတယ်။

ထွန်းဝင်းငြိမ်း ၁၉၊ ၁၂၊ ၂၀၁၇

Comments