ကျော်နိုင် - စည်ပင်ဥပဒေ - အကြံပြုချက် (၃)


ကျော်နိုင် - စည်ပင်ဥပဒေ - အကြံပြုချက် (၃)
(မိုးမခ) ဒီဇင်ဘာ ၁၂၊ ၂၀၁၇

စည်ပင်ဥပဒေမူကြမ်းမှာ စည်ပင်ကော်မတီဝင်၊ ဆပ်ကော်မတီဝင်၊ အာဏာပိုင်အဖွဲ့ဝင် နဲ့ ဝန်ထမ်း တွေအဖြစ် ရွေးကောက်ခံ၊ ခန့်အပ်ခံရပြီးတဲ့အခါမှာ COI ကင်းအောင် ပါသင့်ပါထိုက်တဲ့ ပုဒ်မတွေမပါတဲ့အတွက် ဖြည့်စွက်ရယ့် ပုဒ်မတွေနဲ့ အဲ့ဒီပုဒ်မတွေကို ကျူးလွန်ဖေါက်ဖျက်ခဲ့ရင် ကျခံသင့်တဲ့အပြစ်ဒါဏ်တွေအကြောင်း ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။

အခန်း (၃) “စည်ပင်သာယာရေးကော်မတီများ ရွေးချယ်တင်မြှောက်ခြင်း” အောက်က ပုဒ်မ (၂၀) ကို အောက်ပါအတိုင်း ပြောင်းလဲ၊ ဖြည့်စွက် ရမှာဖြစ်ပါတယ်။

၂၀။ ကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များ၊ အာဏာပိုင်အဖွဲ့ဝင်များ၊ ဝန်ထမ်းများ၏ အရည်အချင်း သတ်မှတ်ချက်နှင့် လိုက်နာရမည့် ကျင့်ဝတ်များသည် အောက်ဖေါ်ပြပါ ပုဒ်မခွဲများအတိုင်းဖြစ်သည်။

(က) ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိသော တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အချင်းသတ်မှတ်ချက် များနှင့် ကိုက်ညီသူဖြစ်ရမည်။

(ခ) မြန်မာနိုင်ငံ ဗိသုကာကောင်စီတွင် မှတ်ပုံတင်ထားသော မှတ်ပုံတင်ဗိသုကာများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီတွင် မှတ်ပုံတင်ထားသော မှတ်ပုံတင် အင်ဂျင်နီယာများ သည် ကော်မတီဝင်အဖြစ်လည်းကောင်း၊ ဆပ်ကော်မတီဝင်အဖြစ်လည်းကောင်း၊ အာဏာပိုင်အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်အဖြစ်လည်းကောင်း ဝင်ရောက်အရွေးချယ်ခံခြင်း၊ ခန့်အပ်ခံရခြင်း မရှိစေရ။

(ဂ) မြန်မာနိုင်ငံ ဗိသုကာကောင်စီတွင် မှတ်ပုံတင်ထားသော မှတ်ပုံတင်ဗိသုကာများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီတွင် မှတ်ပုံတင်ထားသော မှတ်ပုံတင် အင်ဂျင်နီယာများ သည် ကော်မတီဝင်အဖြစ်လည်းကောင်း၊ ဆပ်ကော်မတီဝင်အဖြစ်လည်းကောင်း၊ အာဏာပိုင်အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ အခြားဌာနများတွင်လည်းကောင်း ရွေးကောက်ခံရလျှင်လည်းကောင်း၊ ခန့်အပ်ခံရလျှင်လည်းကောင်း ထိုသို့ ရွေးကောက်၊ ခန့်အပ်ခံရသော သက်တမ်းအတွင်း မှတ်ပုံတင်ဗိသုကာအဖြစ်လည်းကောင်း၊ မှတ်ပုံတင် အင်ဂျင်နီယာအဖြစ်လည်းကောင်း အခကြေးငွေယူ၍ဖြစ်စေ၊ အခကြေးငွေမယူဘဲဖြစ်စေ ဆောင်ရွက်ခွင့် လုံးဝ မရှိစေရ။

(ဃ) မြန်မာနိုင်ငံ ဗိသုကာကောင်စီတွင် မှတ်ပုံတင်ထားသော မှတ်ပုံတင်ဗိသုကာများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီတွင် မှတ်ပုံတင်ထားသော မှတ်ပုံတင် အင်ဂျင်နီယာများ ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့၏ ဝန်ထမ်းများအဖြစ် ခန့်အပ်ခြင်း မပြုရ။

(င) ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီအသီးသီးတို့မှ ဆောင်ရွက်မည့် လုပ်ငန်းများ၊ စီမံကိန်းများတွင် အကျိုးစီးပွား ပါဝင်ပါတ်သက်၊ ဆက်နွယ်ရန်ရှိသော စီးပွားရေးအဖွဲ့အစည်းများ၏ ပိုင်ရှင်များ၊ ဥက္ကဌများ၊ အစုရှယ်ယာဝင်များ၊ ဒါရိုက်တာ အဖွဲ့ဝင်များ၊ အမှုဆောင်ဒါရိုက်တာများ၊ ဝန်ထမ်းများသည် ကော်မတီဝင်အဖြစ်လည်းကောင်း၊ ဆပ်ကော်မတီဝင်အဖြစ်လည်းကောင်း၊ အာဏာပိုင်အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်အဖြစ်လည်းကောင်း ဝင်ရောက်အရွေးချယ်ခံခြင်း၊ ခန့်အပ်ခံရခြင်း မရှိစေရ။

(စ) ကော်မတီဝင်အဖြစ်လည်းကောင်း၊ ဆပ်ကော်မတီဝင်အဖြစ်လည်းကောင်း၊ အာဏာပိုင်အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်အဖြစ်လည်းကောင်း ရွေးချယ်ခံရသူ၊ ခန့်အပ်ခံရသူများသည် မိမိတို့၏ ပိုင်ဆိုင်မှုကို စတင်တာဝန်ထမ်းဆောင်သည့်အချိန်တွင် တိုင်းဒေသကြီးလွှတ်တော်သို့ ကြေငြာရမည်။ မိမိတာဝန်ထမ်းဆောင်သည့်သက်တမ်း ကုန်ဆုံး၊ ပြီးဆုံးသည့်အချိန်တွင်လည်း မိမိတို့၏ ပိုင်ဆိုင်မှုကို တိုင်းဒေသကြီးလွှတ်တော်သို့ ကြေငြာရမည်။

ပုဒ်မ (၂၀) ပုဒ်မခွဲ (ဂ) နဲ့ ပုဒ်မခွဲ (စ) လုံးတို့ကို ကျူးလွန် ဖေါက်ဖျက်ရင် အောက်ပါအတိုင်း ပြစ်မှုပြစ်ဒါဏ်များ တပါတည်းသတ်မှတ်ဖေါ်ပြသင့်ပါတယ်။

ပုဒ်မ (၂၀) ပုဒ်မခွဲ (ဂ)
ပြစ်မှု
မြန်မာနိုင်ငံ ဗိသုကာကောင်စီတွင် မှတ်ပုံတင်ထားသော မှတ်ပုံတင်ဗိသုကာများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီတွင် မှတ်ပုံတင်ထားသော မှတ်ပုံတင် အင်ဂျင်နီယာများ သည် ကော်မတီဝင်အဖြစ်လည်းကောင်း၊ ဆပ်ကော်မတီဝင်အဖြစ်လည်းကောင်း၊ အာဏာပိုင်အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ အခြားဌာနများတွင်လည်းကောင်း ရွေးကောက်၊ ခန့်အပ်ခံရသော သက်တမ်းအတွင်း မှတ်ပုံတင်ဗိသုကာအဖြစ်လည်းကောင်း၊ မှတ်ပုံတင် အင်ဂျင်နီယာအဖြစ်လည်းကောင်း အခကြေးငွေယူ၍ဖြစ်စေ၊ အခကြေးငွေမယူဘဲဖြစ်စေ ဆောင်ရွကခြင်း။
ပြစ်ဒါဏ်
ထောင်ဒါဏ် (၁) နှစ်မှ (၃) နှစ်အထိ

ပုဒ်မ (၂၀) ပုဒ်မခွဲ (စ)
ပြစ်မှု
ကော်မတီဝင်အဖြစ်လည်းကောင်း၊ ဆပ်ကော်မတီဝင်အဖြစ်လည်းကောင်း၊ အာဏာပိုင်အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်အဖြစ်လည်းကောင်း ရွေးချယ်ခံရသူ၊ ခန့်အပ်ခံရသူများသည် မိမိတို့၏ ပိုင်ဆိုင်မှုကို စတင်တာဝန်ထမ်းဆောင်သည့်အချိန်တွင် လည်းကောင်း၊ မိမိတာဝန်ထမ်းဆောင်သည့်သက်တမ်း ကုန်ဆုံး၊ ပြီးဆုံးသည့်အချိန်တွင်လည်း မိမိတို့၏ ပိုင်ဆိုင်မှုကို တိုင်းဒေသကြီးလွှတ်တော်သို့ ကြေငြာရန် ပျက်ကွက်ခြင်း၊ မမှန်မကန် ကြေငြာခြင်း။
ပြစ်ဒါဏ်
ထောင်ဒါဏ် (၁) နှစ်မှ (၅) နှစ်အထိ

Comments