ဆောင်းယွန်းလ ● မနှစ်မြို့စရာနှစ်တွေ ကုန်ခမ်းသွားပုံ

 ဆောင်းယွန်းလ ● မနှစ်မြို့စရာနှစ်တွေ ကုန်ခမ်းသွားပုံ
(မိုးမခ) ဒီဇင်ဘာ ၁၇၊ ၂၀၁၇

မနှစ်ကနဲ့ အရင်နှစ်များတွေက
မနေ့ တနေ့ကတွေလို
ကိုယ်နဲ့ သက်တူရွယ်တူ တေးသီချင်းတွေက
ကမ္ဘာမြေကို အလှဆင်ဖို့
ကိုယ်က လက်တဆုပ်စာ မိတ်ဆွေတချို့
ဘေးရန်ကင်းစေကြောင်း ဆုမွန်ကောင်းတောင်းနေရဆဲ
တုန်မှုန်နေတဲ့ ရုပ်ရှင်ခေတ်ကို
ကြည်လင်တဲ့ အာရုံအသိနဲ့ ဖြတ်သန်းခဲ့ဖူးပါတယ်
ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတဲ့ ခေတ်တွေကိုလွန်ပြီးမှ
လွယ်လွယ်ကူကူ ကြေမွခဲ့ရတာ
ဝဋ်နာကံနာလို့ နာမည်ဆိုးတပ်ရမလား
သတင်းတွေမမှားပေမယ့် သတင်းတွေမမှန်ခဲ့ပြန်ဘူးတဲ့
ရန်ကိုရန်ချင်း မတုန့်နှင်းခြင်းလို့
မအားလပ်တဲ့ကြားက ဘဝအစစ်ကို ပြန်ရှာတော့
ငွေတမတ်နဲ့ ဗိုက်ဝတဲ့ ကျောင်းမုန့်ဈေးတန်းမှာ
ငယ်စဉ်တောင်ကျေး ကလေးဘဝကို ပြန်ကောက်ရတယ်
ဘဝအသစ်မှာတော့
အချစ်က တပွဲ စစ်ပွဲက တရာနှစ်ရာ
အသပြာမပါရင် ဘာကိုမှကြေညာလို့မရ
အပြစ်ကင်းစင်ကြောင်း ဘုရားတက်ခေါင်းလောင်းထိုးလည်း
တရားမျှတမှုက အိပ်ရာကမနိုးဘူး
ဒီလိုပဲ မရိုးတဲ့နှစ်တွေနဲ့ မနိုးတဲ့နှစ်တွေ ကုန်ခမ်းသွားပုံက
အိမ်ရှေ့လမ်းမပေါ်မှာ
နှင်းစက်တွေဟာ မိုးရေထဲမျောပါရင်း
နေရောင်ခြည်အောက်မှာ ခြောက်သွေ့သွားပုံမျိုး ....။

ဆောင်းယွန်းလ
(ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၁၇)

Comments