၂၀၁၇ နှစ်အတွင်း အင်တာနက်အဖောက်ခံရမှုများ


၂၀၁၇ နှစ်အတွင်း အင်တာနက်အဖောက်ခံရမှုများ
(Source: CNET) မိုးမခ၊ ဒီဇင်ဘာ ၂၊ ၂၀၁၇

CNET ၀က်ဆိုက်အဆိုအရ ၂၀၁၇ နှစ်အတွင်း အမေရိကန်မှာ အထင်ရှားဆုံး Hack - အင်တာနက်ဖောက်ထွင်းခံရမှုတွေကတော့ လအလိုက် အောက်ပါအတိုင်း ဖြစ်ပါတယ်တဲ့။

ဇန်န၀ါရီ - မဟာဓာတ်အားလိုင်းများ
ဆိုင်ဘာတိုက်ခိုက်မှုနဲ့ အမေရိကန်ရဲ့ ဓာတ်အားလိုင်းကြီးတွေ ပြတ်တောက်သွားနိုင်တယ်လို့ ဆိုပါတယ်။ electrical grid တွေက computer network တွေနဲ့ ချိတ်ပြီး အလုပ်လုပ်နေတာမို့ အဲသည်နက်ဝပ်ဖောက်ထွင်းခံနိုင်ရဖို့ အလားအလာရှိတယ်လို့ ဆိုကြတာပါ။ သာဓကကတော့ ရုရှားဟက်ကာတွေက ယူကရိန်း ဓာတ်အားလိုင်းကို ဖောက်ထွင်းပြီး ပြတ်တောက်စေခဲ့ပါတယ်။

ဖေဖော်ဝါရီ -  မိုးပေါ်ကဖိုင်တွေ
Cloud ဆိုပြီးတော့ သင့်ရုံးနဲ့ အိမ်မှာ မထားရှိဘဲ အင်တာနက်ပေါ်က ဆာဗာတခုခုမှာ သင့်ဖိုင်တွေ ဆော့ဝဲတွေ သိမ်းထားကြပါတယ်။ ၀က်ဆိုက်တွေလည်း ပါတာပေါ့။ အဲသည် မိုးပေါ်က ဖိုင်တွေလည်း ယိုစိမ့်ကုန်ပါသတဲ့။ CloudBleed လို့ သုံးကြတယ်။ အဲသည် ၀န်ဆောင်မှုပေးတဲ့ ကုမ္မဏီတွေဖြစ်တဲ့ cloudlfare, Uber, Fitbit နဲ့ OKCupid က သူတို့စားသုံးသူတွေရဲ့ဖိုင်တွေ အဖောက်ခံခဲ့ရပါတယ်။

မတ် - ဗော့လ်တ် ဆဲဗင်း
Vault 7 ဆိုတာက အမေရိကန်ထောက်လှမ်းရေး CIA ရဲ့ အင်တာနက်ဆိုင်ရာ ဖော်ထွင်းရေး ပရိုဂရမ်တွေ စုစည်းထားတဲ့ ဖိုင်လို့ ဆိုကြပါစို့။ အဲဒါကို Wikileaks ဆိုတဲ့ အစိုးရဆန့်ကျင့်ရေး အုပ်စုက ပြည်သူတွေထံ ဖွင့်ချ ဖောက်ထုတ်လိုက်ပါတယ်။ လူတွေကို စီအိုင်အေကနေ အိမ်ရုံးကျောင်းသုံး စမတ်တီဗီတွေကနေ ချောင်းမြောင်း နားထောင် စောင့်ကြည့်နိုင်တဲ့ ပရိုဂရမ်တွေ ပါဝင်ပါသတဲ့။


 ဧပြီ - ပြင်သစ်ရွေးကောက်ပွဲ
ပြင်သစ်ရွေးကောက်ပွဲကာလမှာ ပြိုင်ပွဲဝင်သူ ပြင်သစ်ခေါင်းဆောင် မက်ခရုံးရဲ့ ကင်ပိန်းသုံး အီးမေးလိပ်စာကို ဖောက်ထွင်းဖို့ ကြိုးစားခဲ့ကြသတဲ့။ အမေရိကန်မှာတော့ ၂၁၀၆ တုန်းက ကလင်တန်တို့ ဒီမိုကရက်ပါတီ ကင်ပိန်းကို ဖောက်ထွင်းခဲ့ကြသလိုမျိုးပါပဲ။ အဲသည် ဆိုင်ဘာတိုက်ခိုက်မှုကြားကပဲ မက်ခရုံးတို့ ပါတီက ရွေးကောက်ပွဲ အနိုင်ရခဲ့ပါတယ်။


မေ - Wannacry
ငိုချင်ရက်လက်တို့လို့ ခေါ်တဲ့ ပြန်ပေးဆွဲပရိုဂရမ်က နိုင်ငံ ၁၀၀ ကျော်က ကွန်ပြူတာ ၂သိန်းထဲကို ထိုးဖောက်ဝင်ရောက်ပြီး ပိုင်ရှင်တွေရဲ့ ဖိုင်တွေကို အပိုင်စီးလိုက်ပါတယ်။ ဖွင့်လို့ မရတော့ဘူးပေါ့။ အဲသည် ပြန်ပေးပရိုဂရမ်က လေဆိပ်၊ ဆေးရုံနဲ့ တက္ကသိုလ်တွေက စက်တွေကို အွန်လိုင်းပြန်ပေးဆွဲထားလို့ လူတွေ သိန်းနဲ့ချီ အလုပ်တွေရပ်ကုန်ပါတယ်။

ဇွန် - NotPetya
နောက်ထပ် ပြန်ပေးဆွဲပရိုဂရမ်တခုက ဥရောပက ကွန်ပြူတာတွေကို ၀င်ရောက် ထိုးဖောက်ခဲ့တာပါ။ သူက မီလျံဒေါ်လာ စီးပွားရေးလုပ်ငန်းတွေသုံး ကွန်ပြူတာတွေကို စီးနင်းပြီး ပြန်ပေးဆွဲ ငွေတောင်းခဲ့ပါတယ်။ နာမည်ကြီးလုပ်ငန်းတွေဖြစ်တဲ့ Maersk, FedEx, Merck တို့ ခံလိုက်ရတယ်တဲ့။

ဇူလိုင် - မဲပေးတဲ့ စက်ခလုပ်ခုံများ
လပ်စ်ဗေးဂတ်စ်မှာ Hacking Conference ဆိုတဲ့ အင်တာနက်ဖောက်ထွင်းမှုဆိုင်ရာ ညီလာခံလုပ်ကြတယ်။ အဲသည်မှာ အမေရိကန်က မဲပေးစက်တွေကို အစမ်းသဘော ၀ိုင်း ဖောက်ထွင်းခိုင်းကြည့်ပါတယ်။ အဖွဲ့တဖွဲ့က တနာရီအတွင်း မဲပေးစက်ကို ဖောက်လိုက်နိုင်ပါတယ်။ သည်တော့ အမေရိကန်က မဲပေးတဲ့စက်ခလုပ်ခုံတွေက စနစ်အဟောင်းတွေ သုံးထားဆဲဖြစ်တာကြောင့် အမေရိကန်ရွေးကောက်ပွဲဆိုတာလည်း ဖောက်လို့ လွယ်နိုင်တယ်ဆိုတာ သိသာသွားတာပေါ့။

သြဂုတ် - HBO
အမေရိကန်ပြည်က အခပေးရုပ်သံလိုင်းဖြစ်တဲ့  HBO ရဲ့ နာမည်ကြီး ရုပ်သံစီးရီး ၂ ခုဖြစ်တဲ့ Game of Thrones နဲ့ Silicon Valley က နောက်ဆုံးရိုက်ထားတဲ့ စီးရီးတွဲတွေ အဖောက်ခံလိုက်ရပြီး သူခိုးတွေ လက်ထက် ရောက်သွားပါတယ်။ ဒါတွေကို အင်တာနက်မှာ အလကားတင်လိုက်ရမလားဆိုပြီး အင်တာနက်ပြန်ပေးဆွဲခြင်း ခံခဲ့ရပါတယ်။


စက်တင်ဘာ - EQUIFAX
အမေရိကန်က သူတို့ပြည်သူတွေရဲ့ ခရက်ဒစ်ဆိုတဲ့ အကြွေးယူနိုင်တဲ့ ရမှတ်စနစ် ၀န်ဆောင်ပေးတဲ့ EQUIFAX ကုမ္မဏီက စားသုံးသူတွေရဲ့ ကိုယ်ရေးမှတ်တမ်းတွေ အဖောက်ခံလိုက်ရပါတယ်။ အမေရိကန် ၁၄၅ သန်းရဲ့ အကြွေးစာရင်းတွေ ဟက်ကာတွေ လက်ထဲ ရောက်သွားတဲ့ သဘောပါပဲ။ အမေရိကန်လူဦးရေရဲ့ ထက်ဝက် ဖြစ်ပါတယ်။

အောက်တိုဘာ - YAHOO
အင်တာနက်သုံးစွဲသူတွေမှာ Yahoo အကောင့်တွေ ရှိကြတာချည်းပါပဲ။ အဲသည်အကောင့်တွေ အခိုးခံလိုက်ရပါတယ်။ အကောင့်ပေါင်း ၃ ဘီလျံ ပါသွားပါသတဲ့။ တကယ်က ၂၀၁၆ တုန်းက အခိုးခံခဲ့ရတာပါ။ သူတို့က ၁ ဘီလျံပဲ ပါသွားတယ်လို့ ပြောခဲ့ပါတယ်။ အခု တကယ်တန်း စစ်လိုက်တော့မှ သိရတာ ၃ ဆတောင် ပါသွားတာလို့ သိရပါတယ်။

နိုဝင်ဘာ - UBER
အူဘာဆိုတာက ride sharing company - ကိုယ်ပိုင်ကားနဲ့ တက်စီဆွဲတဲ့ ၀န်ဆောင်မှုကို စီမံပေးတဲ့ ကုမ္မဏီဖြစ်ပါတယ်။ သူ့ဆီက စားသုံးသူတွေ (ကားသမားနဲ့ ခရီးသည်) အကောင့် ၅၇ သန်း အခိုးခံလိုက်ရပါတယ်။ ကုမ္မဏီက ဒေါ်လာ ၁သိန်း ပြန်ပေးငွေခဲ့ရပါတယ်တဲ့။

ဒီဇင်ဘာ မှာ ထွက်တဲ့ ဆောင်းပါးဆိုတော့ ဒီဇင်ဘာမှာ ဘယ်ဟာ အဖောက်ခံလိုက်ရသလဲဆိုတာ မပါသေးပါဘူး။ တကယ်တန်းကတော့ ၂၀၁၇ မှာ အမေရိကန် အခံလိုက်ရဆုံး အကြီးဆုံး ဖောက်ထွင်းမှုကတော့ -
အမေရိကန်ရွေးကောက်ပွဲကို ရုရှားတွေ ဟက်သွားနိုင်ခဲ့တာပဲ ဖြစ်ပါလိမ့်မယ်။



Comments