လင်းသက်ငြိမ် ● အဝတ်လျှော်နေတဲ့အမေ
(မိုးမခ) ဒီဇင်ဘာ ၁၄၊ ၂၀၁၇
(မိုးမခ) ဒီဇင်ဘာ ၁၄၊ ၂၀၁၇
ငြီးငွေ့ဖွယ်နေ့လည်ခင်းများ၏ အလယ်တည့်တည့်တွင်ကျွန်တော် ရောက်ရှိနေခဲ့သည်မှာ ရက်ပေါင်းငါးဆယ်ကျော်ခန့်ရှိပေပြီ။မိုးတဖွဲဖွဲကျနေသော်လည်း အိုက်စပ်မှုကို မတွန်းလှန်နိုင်သည့် အချည်းအနှီး မိုးရေများသည် မြေသားပေါ် ဟိုဒီ ပြေးလွှား စီးဆင်းနေကြသည်။အိပ်ယာက နိုးနိုးခြင်း လက်ဖက်ရည် ဆိုင်တစ်ခုထဲ ကျွန်တော့်ကိုယ်ကျွန်တော် ထိုးထည့် လိုက်ပေမယ့် လက်ဖက်ရည်ခွက်ကိုဝိုင်းအုံနေသည့် ယင်ကောင်တွေလို လူတွေရဲ့ အကြည့်များ အုံခဲလာသည်ဟု ခံစားရ၍ စက်ဆုပ်စွာ ပြန်ထွက်လာခဲ့သည်။အလုပ်လက်မဲ့လူတစ်ယောက်သည်လင်မရှိတဲ့မိန်းမလို ဝေဖန်မှုဖြစ်ဖြစ် ဆုံးမသြဝါဒပဲဖြစ်ဖြစ်လွယ်လွယ်ကူကူ ပစ်တင်၍ရသည့် နေရာတစ်ခုလို့ လူတွေထင်မြင် နေကြပုံရသည်။ကိုယ့်အရောင် ကိုယ်တင်ပြီး ဆုံးမစကား ပြောရန် မရှက်ရွံ့ကြသူတို့၏ မျက်နှာများကို ကျွန်တော် မကြာခဏ အံ့သြဖွယ်ရာ မြင်တွေ့ခဲ့ရဖူးပါသည်။
စာအုပ်များနှင့်ပြန့်ကြဲနေသည့် ကုတင်ပေါ် ကိုယ့်ကိုယ်ကို ပစ်တင်လိုက်ပြီး ပြတင်းပေါက်မှ အောက်ကို ငုံ့ကြည့်လိုက်မိတော့။ရေကန်မှာ အဝတ်တွေ လျှော်နေသည့် အမေ့ကို မြင်ရသည်။ အဝတ်လျှော်သည့် အမေထိုင်နေရာ ကျောက်ပြားဘေးမှ မြောင်းကလေးထဲသို့ ဆပ်ပြာမြုပ်များ ဖွေးဖွေးလှုပ်လှုပ် စီးမျှော၍နေကြ၏။ ကျွန်တော့်အတွေးများသည် အမေအဝတ်လျှော်နေသည့် အကြောင်းဆီ ဝဲလွင့်၍ သွားတော့သည်။ အမေသည်လွန်ခဲ့သော နှစ်များကတည်းက အဝတ်များကို လျှော်ဖွပ် နေခဲ့သူ ဖြစ်ပြီး ယနေ့ထက်ထိလည်း အဝတ်များကို လျှော်ဖွပ်လျှက်ရှိနေပါသည်။ နှစ်ကာလများသည် အမေ့ရဲ့ အဝတ်လျှော်ခြင်းကိစ္စအပေါ် သက်ရောက်ခြင်း မရှိခဲ့ဘူးလားဟု တွေးမိသည်။
အမေ့ဘဝရဲ့ အခန်းဂဏ္ဍများထဲတွင် သူလျှော်ဖွပ်ခဲ့သည့် အဝတ်များလည်း တစ်ထောင့်တစ်နေရာမှ ပါဝင်လိမ့်မည်ဟုထင်ပါသည်။ ရှစ်တန်းအထိကျောင်းနေခဲ့ပြီး သူ့လောက်ပညာတတ်သည့် အဖေ့နောက်ကို လိုက်ခဲ့ပြီးသည်နှင့် သူ့အဝတ်လျှော်ရခြင်း၏ နယ်ပယ်သည် ပိုမိုကျယ်ဝန်း လာခဲ့ပေလိမ့်မည်။အိမ်ရဲ့စီးပွားရေးကောင်းကောင်း မကောင်းကောင်းအမေသည်အဝတ်များကို လျှော်ဖွပ်နေခဲ့သည်။ အိမ်ထောင်ရေးသာယာခြင်းမသာယာခြင်းကလည်း အမေ့ရဲ့ အဝတ်လျှော်ခြင်းအမှုကို အားကြီးစွာ သက်ရောက်မှုမပြု နိုင်ခဲ့ပါ။ အမေသည် အသန့်ရှင်းအသပ်ရပ်ကို ကြိုက်သူ ဖြစ်ပါသည်။ ခနော်ခနဲ့ အိမ်စုတ်ကလေးရဲ့ ကြမ်းပြင်များကို အမေသည် ရေစိုအဝတ်နဲ့အရင်တိုက်သည်။ ထို့နောက် အဝတ်ခြောက်ဖြင့် ထပ်တိုက်သည်။ ထို့နောက်ဖယောင်းခဲဖြင့် ထပ်မံပွတ်တိုက်သည်။ ဖယောင်းခဲနှင့်တိုက်ပြီးသည့် ကြမ်းပြင်ကို အဝတ်ခြောက် ထပ်မံပွတ်တိုက်ပြန်သည်။ နိစ္စဓူဝ ထိုလုပ်ငန်းများကို အမေသည် မပျင်းမရိလုပ်လေ့ရှိသည်။
ကျွန်တော်တို့ကျောင်းပိတ်ရက်များတွင် အမေ့ရဲ့ကြမ်းတိုက်ခြင်း အလုပ်ကို ဝင်၍လုပ်ကိုင်ရသည်။ ကျွန်တော်တို့လွန်စွာပျင်း ရိခဲ့ကြသည်။ ကြမ်းတိုက်ပြီး ဖယောင်းဖြင့် ပြောင်ချောနေသည့် ကြမ်းပြင်ကို လျှောတိုက်ရခြင်းကိုတော့ကျွန်တော်တို့ ပျော်ခဲ့ကြသည်ကို အခုထိ မှတ်မိပါသေးသည်။အိမ်ကို အလည်လာသည့် ဧည့်သည်များ အမှုမဲ့ အမှတ်မဲ့ဖြင့်အိမ်ပေါ်တက်လာလျှင် ချော်လှဲတတ်ကြ၏။ အိမ်သာအစုတ်ပေါ်ကိုလည်း ကျွန်တော်တို့ ဖိနပ်စီး၍ မတက်ရပါ။ အမေသည်အိမ်သာကြမ်းပြင်ကအစ ဝင်းလက်နေအောင်ထားတတ်သူဖြစ်သည်။ အမေသည် ထမင်းဟင်းချက်သည်။ အဝတ်လျှော်သည်။ အိမ်သန့် ရှင်းရေးလုပ်သည်။ ခြံသန့်ရှင်းရေးလုပ်သည်။ သစ်ပင်များ အုပ်ဆိုင်းနေသည့် ခြံထဲတွင် သစ်ရွက်ကြွေများကိုပြောင်ရှင်း၍နေသည်။အမေ့ရဲ့တစ်နေ့တာ အလုပ်များသည်ဆက်တိုက်မရပ်မနားဖြစ်သည်။ ပြတင်းပေါက်မှ အဝတ်လျှော်နေသည့် အမေ့ကိုကြည့်ရင်း ကျွန်တော်တွေးနေမိသည့်အမေ့အလုပ်များအကြောင်းဖြစ်ပါသည်။
အိမ်နဲ့အဝေးမှာ အလုပ်သွားလုပ်စဉ် ကိုယ့်အဝတ်ကိုယ် လျှော်ရတော့ အမေ့ကိုသတိရမိသည်။ ဂျင်းဘောင်းဘီများသည် လျှော်ရတာ ပျင်းစရာအကောင်းဆုံးဖြစ်တော့ အိမ်မှာဂျင်းဘောင်းဘီဝတ်တိုင်း သိပ်မပေစေနဲ့လို့ ပြောလေ့ရှိသည့်အမေ့စကားကို ကြားယောင်မိပါသည်။ ကျွန်တော်အဝတ်လျှော်လျှင်ဆပ်ပြာမှုန့်သိပ်ကုန်သည်။ အမေလျှော်သလိုလည်း မပြောင်သွား၊ မဖြူ သွားပါ။ ဒါကြောင့်မို့ အင်္ကျီအဖြူ ၊ဘောင်းဘီအဖြူ ဆိုအလျှော်အိမ်ကိုအပ်ရပါသည်။ အမေသည် ရွှေဝါဆပ်ပြာခဲနှင့်ဆပ်ပြာမုန့်အနည်းငယ်ကို အသုံးပြု၍ ကျွန်တော်တို့အဝတ်အစားများကို ပြောင်စင်သန့်ရှင်းအောင် လျှော်ဖွပ်နိုင်သူဖြစ်ပါသည်။ အမျိုးသမီး အခွင့်အရေးများကို အမေကောင်းမွန်စွာမသိသော်လည်း အမေသည် အဝတ်များကို လျှော်ဖွပ်ခဲ့သည်။
စွန့်ဦးတီထွင်အမျိုးသမီး လုပ်ငန်းရှင်တစ်ယောက် မဟုတ်သော်လည်း အမေသည်အဝတ်များကို လျှော်ဖွပ်ခဲ့သည်။ ထိပ်တန်းအမျိုးသမီးစာရင်းတွင် နံပါတ်စဉ် မချိတ်နိုင်သော်လည်း အမေသည် အဝတ်များကိုလျှော်ဖွပ်နေခဲ့ပါသည်။
ကျွန်တော်သည် ဘွဲ့ရပညာတတ်တစ်ယောက် မဖြစ်ခဲ့ပါ။ အောင်မြင်သော စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်လည်းမဖြစ်ခဲ့ပါ။အမေသည် ကျွန်တော့်အဝတ်များကို လျှော်ဖွပ်ပေးခဲ့ပါသည်။ တနယ်တကျေး အလုပ်ခွင်မှ ကျွန်တော် ပြန်လာလျှင်ငွေကြေးများ ပါသည်ဖြစ်စေ တစ်ပြားတစ်ချပ်မှ ပါမလာသည်ဖြစ်စေ အမေသည် ကျွန်တော့် အဝတ်များကို လျှော်ဖွပ်ပေးခဲ့ပါသည်။ ကျွန်တော့်မျက်နှာလို တွန့်ကြေညစ်ထေးစွာနှင့် အိမ်ပြန်ရောက်လာသည့် ကျွန်တော့်အဝတ်အစားများသည် အမေ့လက်တွင် ဖြူ စင်သပ်ရပ်ခွင့် ရခဲ့ကြသည်။ အကျအရှုံးများဖြင့် ဒဏ်ရာအနာတရ ရလာသော ကျွန်တော့်စိတ်နှလုံးသည်လည်း အမေ့အရိပ်တွင် ပြန်လည် စိမ်းစိုခွင့်ရသည်။ အမေသည် ထိုသို့တဖန်ပြန်လည် ရှင်သန်ရန်အတွက် အလုပ်တစ်ခုလို စီရင်လုပ်ကိုင်ခြင်းမဟုတ်ပဲ သူလုပ်စရာရှိသည်များကို ပုံမှန်အတိုင်းပဲ လုပ်နေခြင်းသာဖြစ်ပါလိမ့်မည်။ ထိုအရာများသည် ကျွန်တော့်အတွက်ဖြစ်တည်သက်ရောက် လာခဲ့ကြခြင်းသည် မေတ္တာတရားရဲ့စိမ့်သက်မှုများသာ ဖြစ်မည်ဟု ထင်ပါသည်။
သူ့လက်တွေရဲ့စွမ်းပကားကို သူမသိတဲ့မှော်ဆရာလိုအမေသည် နေ့များကို အလုပ်များဖြင့် ဖြတ်သန်း၍နေခဲ့သည်။ကြိုးတန်းပေါ်မှ နိစ္စဓူဝ လေနှင့်တဖျပ်ဖျပ်လွင့်နေသော အဝတ်များသည် အမေ့အလံတွေများ ဖြစ်နေမည်လားဟု ကျွန်တော်တွေးနေမိပါသည်။ကျွန်တော်တို့ ငယ်ငယ်က ကျွန်တော်တို့မောင်နှမများနှင့်အဖေ့အဝတ်အစားတွေကို လျှော်ဖွပ်ပေးခဲ့သည့် အမေသည် ယခုအခါ သူ့သားသမီးများမှ ပွားစီးလာသည့်မြေးများ၏ အဝတ်အစားများကိုပါ ဆက်လက်လျှော်ဖွပ်၍နေသည်။မျိုးဆက်နှစ်ဆက်နှစ်ခု သူ့လက်ထဲမှ ထွက်ပေါ်လာခဲ့ခြင်းအကြောင်းကို အမေတွေးနေမည် မဟုတ်မှန်း ကျွန်တော်သိပါသည်။သူ့အဝတ်လျှော်ခြင်းရဲ့ ခရီးစဉ်အကွာအဝေးကို လေးနက်စွာ မတွေးခေါ်ပဲ နှစ်များကို လျှော်ဖွပ်ရင်း ဖြတ်သန်းလာသည့် အမေ့အကြောင်းကို တွေးရင်း မေတ္တာတရားရဲ့စွမ်းအားကို ကျွန်တော် အံ့သြချီးမွမ်းမိသည်။ စင်ကြယ်သောအဝတ် အစားများ၌ သင်းပျံ့သောအနံ့အသက်များသည်မေတ္တာတရား၏ အနံ့အသက်များသာ ဖြစ်မည်ဟု ကျွန်တော်ထင်ပါသည်။ အမေအဝတ်များကို လျှော်ဖွပ်နေသည့် နှစ်များသည် အပြောင်းအလဲများ၊ အရွေ့များဖြင့်လှုပ်ခါ၍နေခဲ့သည်။
အမေ အဝတ်များကိုလျှော်ဖွပ်နေချိန်တွင် ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြသည်။ အမေအဝတ်များကို လျှော်ဖွပ်နေချိန်တွင် သမ္မတများ အပြောင်းအလဲဖြစ်သွားသည်။ အမေအဝတ်များကို လျှော်ဖွပ်နေချိန်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပခဲ့ကြသည်။ အမေ အဝတ်များကို လျှော်ဖွပ်နေချိန်တွင် လက်နက်ကိုင်တပ်ဖွဲ့များရဲ့တိုက်ပွဲသတင်းများ အဆက်မပြတ်ထွက်ပေါ်လာခဲ့သည်။ လက်ပံတောင်း အကြမ်းဖက်မှု၊ကျောင်းသားသပိတ်ဖြိုခွင်းမှု စသည့် ကြီးကျယ်သည့် လှုပ်ရှားမှုများဖြစ်နေပေါ်ချိန်တွင်လည်း အမေသည် အဝတ်များကို လျှော်ဖွပ်၍နေခဲ့ပါသည်။ ဒံပေါက်စားပြီး နေ့စားဆန္ဒပြသည့်ပွဲတော်များနှင့် စစ်တပ်လော်ဘီများရဲ့ ဆေးရောင်ခြယ် ပွဲတော်များဖြစ်ပွား နေချိန်တွင်လည်း အမေသည် အဝတ်များကိုလျှော်ဖွပ်၍နေခဲ့သည်။ သမိုင်းသည် ရေမြောင်းကလေးထဲ ဆပ်ပြာမြုပ်များလို အမေ့ဘေးမှစီးဆင်းသွားကြသည်။
နယ်လှည့်ပါးရိုက် ဟောင်သံသည် အမေ့ရဲ့အဝတ်လျှော်ခြင်းကို ရပ်တံ့မပစ်နိုင်ခဲ့ပါ။ ထမင်းတစ်နပ်လျှော့စားအဆိုအမိန့်သည်လည်း အမေ့ရဲ့အဝတ်လျှော်ခြင်းကိုအနှောက်အယှက် မပြုနိုင်ခဲ့ပါ။ ကျွန်တော့် စာအုပ်စင်ပေါ်မှစာအုပ်များကို အမေစိတ်မဝင်စားပါ။ ကျွန်တော့်ကဗျာများကိုလည်း အမေမဖတ်တတ်ပါ။ အမေသည် ကျွန်တော့် အဝတ်များကို လျှော်ဖွပ်ပေးခဲ့ပါသည်။ လွှတ်တော်ထဲမှထွက်ကျလာသည့်ရယ်မောဖွယ်ကိစ္စရပ်များသည်လည်း အမေ့ရဲ့ အဝတ်လျှော်ခြင်းကို မတားဆီးနိုင်ခဲ့ကြ သည်မှာ သိပ်ကိုသေချာပါသည်။ နိုင်ငံရေးကုန်သည်များ၏ ခုန်လွှားခြင်းများနှင့် အာဏာ၏ယစ်မူးခြင်းစွမ်းရည်နှင့် မာယာများအကြောင်းကို အမေမသိပေမဲ့အမေသည် အဝတ်များကို လျှော်ဖွပ်၍ နေဆဲဖြစ်ပါသည်။ ငွေကြေး အဆင်ပြေသည့် အချိန်ကာလတစ်ခုတွင် အမေ့အတွက် အဝတ်လျှော်စက်တစ်လုံးဝယ်ပေးရန် စိတ်ကူးရှိနေခဲ့သည်မှာ ကြာမြင့်ခဲ့ပါပြီ။ အခုချိန်ထိတော့အမေ့အတွက်အဝတ်လျှော်စက်ကို ကျွန်တော် ဝယ်မပေးနိုင်သေးပါ။ အကယ်၍ အမေ့အတွက် အဝတ်လျှော်စက်ကို ဝယ်ပေးဖြစ်သည့်အခါ အဝတ်လျှော်စက်မှ ထွက်လာမည့် အဝတ်အစားများတွင် အရင်လို မေတ္တာတရား၏အနံ့အသက်များ ပါဝင်နိုင်ပါဦးမည်လားဟု မကြာခဏ ကျွန်တော်တွေးတောနေမိပါသည်။
လင်းသက်ငြိမ်
Comments