အိချယ်ရီအောင်/Myanmar Now - ၆၆ (ဃ) ဖြင့် တရားစွဲရာတွင် NLD ပါတီဝင်များ ဗိုလ်စွဲ




အိချယ်ရီအောင်/Myanmar Now - ၆၆ (ဃ) ဖြင့် တရားစွဲရာတွင် NLD ပါတီဝင်များ ဗိုလ်စွဲ 
(Myanmar NOW) မိုးမခ၊ ဒီဇင်ဘာ ၁၂၊ ၂၀၁၇

စက်တင်ဘာ ၂၇ ရက်နေ့က ရန်ကုန်တွင် ပြုလုပ်သော NLD ပါတီ ၂၉ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနား မြင်ကွင်းတစ်ခု။ နိုင်ငံအနှံ့အပြား ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲမှု တစ်ရာကျော်ရှိရာ NLD ပါတီဝင်များက စွဲဆိုထားမှုပေါင်း ၁၇ မှု ရှိခဲ့ကြောင်း သိရသည် (ဓာတ်ပုံ - ပြည့်ပြည့်/Myanmar Now)

ရန်ကုန် (Myanmar Now) — ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် စွဲဆိုသည့် အမှုပေါင်း တစ်ရာကျော်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်မှ ပါတီဝင်များ တိုင်ကြားသည့် အမှု ၁၇ ခု၊ တပ်မတော်က တိုင်ကြားသည့် အမှု ၉ ခု ရှိခဲ့ကြောင်း လွတ်လပ်သော ထုတ်ဖော်ပြဆိုခြင်းမြန်မာအဖွဲ့မှ မောင်ဆောင်းခက ဒီဇင်ဘာ ၁၁ တွင် ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီတို့မှ ပါတီဝင်တို့က ၂ မှုစီ စွဲဆိုခဲ့သည်ဟု ဆိုသည်။

ဆက်သွယ်ရေးဥပဒေပါ ပုဒ်မ အများအပြားသည် ထုတ်ဖော်ပြောဆိုခွင့်ကို အနှောင့်အယှက် ပေးနေပြီး ၎င်းတို့အထဲတွင် ၆၆ (ဃ) မှာ အဆိုးရွားဆုံးဖြစ်ကြောင်း မောင်ဆောင်းခက ပြောသည်။

"လူတစ်ယောက်ကို အချိန်မရွေး လုပ်ကြံဖန်တီးပြီးတော့ တရားစွဲလို့ရတာ ရှိတယ်။ အသရေဖျက်မှု မြောက်မမြောက် ဆိုတဲ့ အဓိပ္ပာယ်သတ်မှတ်ချက်တွေက ဝေဝါးတယ်လေ။ လူတစ်ယောက်က ဝေဖန်တယ်၊ ဒါကို တစ်ဖက်သက် ‘ငါ့ကို အသေရေဖျက်ပါတယ်’ ဆိုပြီး တရားစွဲရင်လည်း ဒီဥပဒေအရ ခွင့်ပြုနေရပြန်ရော။ အဲ့ဒီလို အခြေအနေမျိုးမှာ အာဏာရှိတဲ့သူတွေ၊ သြဇာရှိတဲ့သူတွေက ဒီဥပဒေကို အသုံးချလာတဲ့အခါ စွပ်စွဲခံရတဲ့သူက ပိုပြီးတော့ လွတ်မြောက်နိုင်ခြေနည်းသွားတာပေါ့" ဟု သူက ဆိုသည်။



ဥပဒေပြင်ဆင်ခြင်း

ဆက်သွယ်ရေး ကွန်ယက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့် တောင်းယူခြင်း ၊ အနိုင်အထက်ပြုခြင်း ၊ မတရားတားဆီး ကန့် ကွက်ခြင်း ၊ အသရေဖျက်ခြင်း ၊ နှောက်ယှက်ခြင်း ၊ မလျော် သြဇာသုံးခြင်း (သို့ မဟုတ်) ခြိမ်းခြောက်ခြင်း မည်သူမဆို ဖော်ပြပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါလျှင် ထိုသူအား သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်ဟု ပုဒ်မ ၆၆ ဃ တွင် ဖော်ပြထားသည်။

၂၀၁၇ ဇူလိုင်လ ဥပဒေပြင်ဆင်ချက်တွင် ဖယ်ရှားလိုက်သည့် အချက်သုံးခုဖြစ်သည့် အနိုင်အထက်ပြုခြင်း ၊ မတရား တားဆီးကန့် ကွက်ခြင်း၊ မလျော်သြဇာသုံးခြင်းတို့နှင့် ပတ်သက်ပြီး တိုင်ကြားသော အမှု မရှိခဲ့ကြောင်း သူက ထောက်ပြသည်။

တရားရုံးသို့ ရောက်ရှိလာသည့် အမှုတိုင်းသည် ပြစ်မှုထင်ရှားသည်ဟု အမိန့် ချခံရလျှင် ထောင်ဒဏ် ၆ လ ချမှတ်ခံရလေ့ရှိကြောင်း သူကရှင်းပြသည်။


အသရေဖျက်မှု
မောင်ဆောင်းခတို့၏အဖွဲ့မှ မန်နေဂျာတစ်ဦးဖြစ်သူ ဒေါ်ယဉ်ရတနာသိန်းက တိုင်ကြားချက် ၉၃ ရာခိုင်နှုန်းသည် အသရေဖျက်မှုအကြောင်းပြချက်ဖြင့် အမှုတည်ဆောက်ထားခြင်းဖြစ်ကြောင်း ပြောသည်။

ပုဒ်မ ၆၆ (ဃ) တွင် အဓိပ္ပာယ်ဖွင့်ဆိုချက် မပါရှိသဖြင့် အချက်အလက်အခိုင်အမာထည့်သွင်းပြောဆို ထားခြင်း ရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ မည်သည့်ထုတ်ဖော်ပြောဆိုချက်ကိုမဆို “အသရေဖျက်ခြင်း” ဟု ခေါ်ဆိုနိုင်သည့်အတွက် စိုးရိမ်ပူပန်မိကြောင်း သူက ရှင်းပြသည်။

“တိုင်ကြားချက် ၆၆ ရာခိုင်နှုန်းက အချက်အလက်အခိုင်အမာ ထည့်သွင်း ပြောဆိုထားခြင်း မရှိတဲ့အပေါ် အခြေခံပြီး အမှုတည်ဆောက်ထားတဲ့အတွက် အသရေဖျက်မှု မမြောက်ပါဘူး” ဟု ဒေါ်ယဉ်ရတနာသိန်းက ဆိုသည်။

Comments