ကိုဂျေ - ဒေါသနဲ့ မာနတွေကို ခဝါချခဲ့သူ ဆရာကြီးဦးတက်တိုး


Photo Credit - Myat Khine

ကိုဂျေ - ဒေါသနဲ့ မာနတွေကို ခဝါချခဲ့သူ ဆရာကြီးဦးတက်တိုး

(မိုးမခ) ဇန်န၀ါရီ ၁၀၊ ၂၀၁၈

၁၉၈ဝ ပြည့်နှစ်။ နဝဒေးလမ်း.. ယခင်အခေါ် လန်ကစ္စတာလမ်း ခြံအမှတ် ၁၁ ရဲ့ ခြံတံခါးမှာ တပ်ဆင်ထားတဲ့ ခေါင်းလောင်းကို လှုပ်သင့် မလှုပ်သင့် စဉ်းစားနေခဲ့တယ်။ စိတ်ထဲမှာ သိမ်ငယ်စိတ်၊ ကြောက်စိတ်ကလဲ ဝင်နေတယ်။ တွေ့ရမယ့်သူက ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနမှာ နည်းပြဆရာအဖြစ် တာဝန်ထမ်းခဲ့သူ၊ ပြန်ကြားရေး ဘာသာပြန်ဌာနခွဲစာတည်း၊ Time Magazine ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းထောက်၊ မြန်မာ့သတင်းစဉ် နိုင်ငံခြားသတင်းဌာနရဲ့ အယ်ဒီတာချုပ်၊ သတင်းနဲ့ စာနယ်ဇင်း ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် အမှုထမ်းခဲ့တဲ့ စာရေးဆရာကြီး ဦးတက်တိုးနဲ့ တွေ့ရမှာပါ။

ဆရာဦးတက်တိုး ဆိုတာ မာနကြီးတယ်၊ ဒေါသကြီးတယ်၊ အချိန် အတိအကျ အလုပ်လုပ်တဲ့သူ ဖြစ်တယ်။ အလုပ်မလုပ်တဲ့သူ မကြိုးစားတဲ့သူဆို ကြည့်မရဘူး။ ပြောစရာရှိရင် မညှာမတာ ပြောတတ်တယ်လို့ သတ်မှတ်ခံရသူ တဦးဖြစ်ပါတယ်။

တွေ့ရမယ့် ကိစ္စကလဲ ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး။ ကိုယ်က အင်္ဂလိပ်စာ ဝါသနာပါကြောင်း၊ ဆရာဦးတက်တိုးရဲ့ အင်္ဂလိပ်စာ စာစောင်တွေ၊ စာအုပ်တွေကို လေ့လာနေသူ ဖြစ်ကြောင်း၊ မိတ်ဆက်စာ ရေးခဲ့တဲ့အတွက် ဆရာဦးတက်တိုးက သူ့ကို လာတွေ့ဖို့ ဖိတ်ခေါ်တာကြောင့်….လန်ကစ္စတာလမ်းက ဆရာ့အိမ်ရှေ့ ရောက်ခဲ့တာ ဖြစ်ပါတယ်။ အိမ်ရှေ့ခြံတံခါးရှေ့မှာ မတ်တပ်ရပ်နေတာ နည်းနည်း ကြာသွားတာကို သတိထားမိသွားပုံရတယ်။ အိမ်ထဲကနေ ဆရာ့ရဲ့ သား ကိုဒွေးအောင် ထွက်လာတယ်။ “ကိုဂျေ မဟုတ်လား.. အဖေရှိတယ်”ဆိုပြီး ခြံတံခါးကို လာဖွင့်ပေးတယ်။ ဒီလိုနဲ့ ဆရာ့အိမ်ထဲကို ရောက်ခဲ့တယ်။ ဒါက ဆရာနဲ့ စတွေ့ခွင့်ရခဲ့တဲ့ နေ့တနေ့ ဖြစ်ပါတယ်။

xxxxx

စာပေလောကထဲ ရောက်ခဲ့ပြီးနောက်မှာတော့ ဆရာ့ဆီကို တလ တကြိမ် ပုံမှန်ရောက်ပါတယ်။ နောက်ပိုင်းတော့ စာမူကိစ္စတွေနဲ့ ရောက်တာ များခဲ့တယ်။ ရောက်တဲ့ အချိန်တိုင်းလိုလိုမှာ ဆရာဟာ စာရေး စာဖတ် လုပ်နေတာပဲ တွေ့ရတယ်။ ဆရာ့ဆီ ရောက်တိုင်း ဆရာမကြီး ဒေါ်နုယဉ်နဲ့ပါ စကားတွေ ပြောဖြစ်ခဲ့တယ်။ အထူးသဖြင့်တော့ စာပေလောကရဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ များပါတယ်။ ဒါ့ကြောင့်လဲ ဆရာတို့ တမိသားစုလုံးနဲ့ ရင်းနှီးခွင့် ရခဲ့တယ်။
ဆရာနဲ့ စကားပြောတဲ့ အချိန်တိုင်း ဆရာဟာ မာနကြီးတယ်၊ ဒေါသကြီးတယ်၊ မကြိုက်ရင် ဘယ်သူ့ မျက်နှာမှ မထောက်ဘဲ ပြောတတ်တယ်ဆိုတဲ့ အချက်တွေကို ရှာဖွေ့ကြည့်မိပါတယ်။ ဒီအထဲမှာ တွေ့မိတာ ကတော့ အချိန်တိကျတာနဲ့ အလုပ်မကြိုးစားရင် မကြိုက်တာပါဘဲ။ ဒါ့ကြောင့်လဲ ဆရာနဲ့ ချိန်းဆိုတဲ့ အခါတိုင်း မပျက်မကွက် သွားခဲ့ပါတယ်။

xxxx

တရက်မှာတော့… "ငယ်တဲ့ အခါ ပညာဂုဏ် မောက်တတ်တာ သဘာဝဘဲ။ ဒါ့ကြောင့် ငယ်ဘဝမှာ ကြိုးစားတဲ့သူတိုင်း သတိထားရမှာက ပညာမာနတက်တာ မကောင်းဘူး၊ ပြီးတော့ မလိုလားအပ်တဲ့ မာန၊ ဒေါသနဲ့ အာဃာတတွေကို ဖယ်ရှားဖို့လိုတယ်။ ဒါတွေ ကင်းလေ စိတ်ချမ်းသာလေပဲ" ကိုဂျေရဲ့လို့ ဆရာက ပြောလာတယ်။ အဲဒီစကားပြောတဲ့ အချိန်မှာ ဆရာမကြီးကလဲ ဆရာ့နားမှာ ရှိနေပါတယ်။ စကားဝိုင်းမှာ ဆရာ့ မိသားစုဝင်တချို့လဲ ရှိပါတယ်။ ဒီစကားကို ပြောတဲ့နေ့ကတော့ မှော်ဘီမှာ ကျင်းပခဲ့တဲ့ ဆရာဒဂုန်တာရာရဲ့ မွေးနေ့ပွဲက ပြန်လာပြီး နောက်ရက်မှာ ဖြစ်ပါတယ်။ ဆရာမကြီးက ကလေးတွေ သင်ခန်းစာယူလို့ရမယ့် ကိစ္စပဲ ပြောစရာရှိတာ ပြောပြပါလို့ ပြောခဲ့တယ်။ အဲဒီမှာပဲ ဆရာကြီး ဦးတက်တိုးက သူနဲ့ ဆရာကြီး ဒဂုန်တာရာတို့ ကြားမှာ မခေါ်မပြောနေခဲ့တာ နှစ်သုံးဆယ်ကျော် ကြာသွားခဲ့တဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။

xxxx

ကိုဌေးမြိုင်(ဆရာကြီးဒဂုန်တာရာ)ကို တွေ့လိုက်ရတော့၊ အရင်က ထားခဲ့တဲ့ မာနတွေ၊ ဒေါသတွေဟာ မကောင်းတဲ့ ကိစ္စတွေဆိုတာ ပိုသိလာတယ်။ အသက်တွေကြီးကုန်ကြပြီ။ ကိုဌေးမြိုင်ကလဲ ကိုအုန်းဖေ (ဆရာကြီးဦးတက်တိုး) ကျနော့် မွေးနေ့လာတာ ဝမ်းသာတယ်ဗျာလို့လဲ ပြောရော ရင်ထဲမှာ အေးချမ်း သွားတာပဲ။ အရင်တုန်းက ဆရာတို့တွေက ငယ်ကြတယ်၊ မာနတွေ ရှိကြတယ်၊ သူကလဲ မှန်တယ်ထင်၊ ကိုယ်ကလဲ မှန်တယ်ထင်ပြီး မခေါ်မပြော နေခဲ့ကြတာလို့ ဆရာဦးတက်တိုးက ပြောခဲ့တယ်။

ဆရာဦးတက်တိုးရေးသားခဲ့တဲ့ “မင်းမှုထမ်း” လုံးချင်းဝတ္ထု ပထမအကြိမ် ထွက်ခဲ့တုန်းက ဆရာဒဂုန်တာရာက အမှာစာရေးပေးခဲ့တယ်လို့ ပြောပါတယ်။ ဆရာဒဂုန်တာရာရဲ့ အမှာစာမှာ သူ့ဝတ္ထုကို ဝေဖန်တာတွေ၊ ချီးမွမ်းတာတွေပါတယ်။ ဒီဝတ္ထုကို ဆရာဦးတက်တိုးအနေနဲ့ ကြိုးစားအားထုတ်ခဲ့ကြောင်း၊ ဘယ်လောက်ကြိုးစားထားတယ်ဆိုတာကိုလဲ ဆရာဒဂုန်တာရာသိကြောင်း၊ ဒါ့ကြောင့် ဝေဖန်တာကို သူမခံချင်ခဲ့ကြောင်း ဆရာတက်တိုးက ပြောပါတယ်။ “မင်းမှုထမ်း” လုံးချင်းဝတ္ထု စာပေဗိမာန်ဆု ရခဲ့ပြီးနောက်…ဒုတိယအကြိမ် ပြန်ထုတ်တဲ့အခါမှာ ဆရာဒဂုန်တာရာရဲ့ အမှာစာကို သူ့အနေနဲ့ ဖြုတ်ခဲ့ကြောင်း၊ အဲသလို ဖြုတ်ခဲ့တာကို ဆရာဒဂုန်တာရာက စိတ်ထိခိုက်ခဲ့ကြောင်း၊ ဒါ့ကြောင့်လဲ “မင်းမှုထမ်း” လုံးချင်းဝတ္ထု အပေါ် ဝေဖန်စာ တစောင်ကို ဆရာကြီးဦးသာဓု ထုတ်ဝေသူ အယ်ဒီတာ လုပ်ခဲ့တဲ့ ဒေသာမဂ္ဂဇင်းမှာ ဆရာဒဂုန်တာရာက ရေးသားခဲ့ကြောင်း၊ ဒီမဂ္ဂဇင်းမှာပဲ ဆရာကြီးဦးတက်တိုးကလည်း ဆရာကြီးဒဂုန်တာရာကို ချေပတဲ့ တုံ့ပြန်စာရေးခဲ့ကြောင်း၊ အဲဒီအချိန်ကစပြီး ဆရာကြီး နှစ်ဦးအကြားမှာ မခေါ်မပြောဖြစ်ခဲ့ကြတာလို့ ဆရာကြီးဦးတက်တိုးက ပြောခဲ့တယ်။

ဆရာဒဂုန်တာရာရဲ့ မွေးနေ့ပွဲကျင်းပမယ့်အကြောင်း ကြားကတည်းက ဒီနှစ်တော့ဖြင့် သူဖိတ်ဖိတ် မဖိတ်ဖိတ် သွားမယ်လို့ စိတ်ကူးခဲ့သလို၊ ဒီအကြောင်းကို ဆရာမောင်စွမ်းရည်တို့ကို ပြောပြခဲ့ကြောင်း ဆရာဦးတက်တိုးက ပြောပါတယ်။ ဆရာဒဂုန်တာရာကလည်း ဖိတ်ခဲ့ကြောင်း၊ ဒါကြောင့် ဆရာဒဂုန်တာရာရဲ့ မွေးနေ့ကို သွားခဲ့ကြောင်း ပြောခဲ့တယ်။ နောက်ဆုံးမှာတော့ မာနတို့ ဒေါသတို့ အာဃာတတို့ဆိုတာတွေဟာ မထားအပ်တဲ့၊ မရှိအပ်တဲ့ အရာတွေ ဖြစ်တယ်ဆိုတာကို မင်းတို့ကို ဆရာ ပြောပြချင်တာပါလို့ ဆရာကြီး ဦးတက်တိုးက ပြောခဲ့ပါတယ်။

xxxxxx

ဒီအကြောင်းကို ဆရာဦးတင်မိုးကို ပြောပြတော့…ဆရာဦးတင်မိုးကလဲ… ဆရာဦးတက်တိုး လက်အောက်မှာ အလုပ်လုပ်ခဲ့ဖူးတယ်။ ဆရာဦးတက်တိုးက သိပ်စည်းကမ်းကြီးတယ်။ ကျနော်က နေချင်သလို နေတာ။ အလုပ်စားပွဲမှာလဲ ထိုင်ချင်မှထိုင်တာ၊ ဒါကို ဆရာဦးတက်တိုးက ကြည့်မရဘူး။ တရက်မှာ သူ့အခန်း ထဲကနေ ဒေါသနဲ့ ထွက်လာပြီး၊ ကျနော့် အလုပ်စားပွဲမှာ လာမတ်တတ်ရပ်တယ်။ ပြီးတော့ ကျနော့်ကို အလုပ်ကြိုးစားဖို့၊ အချိန်ပြည့် လက်ဖက်ရည်ဆိုင် ထွက်တာ မလုပ်ဖို့ ဒေါသသံနဲ့ ပြောခဲ့တယ်။ ကျနော်ကတော့ ထုံးစံအတိုင်း သူဘာလို့ ဒီလောက် ဒေါသထွက်နေသလဲဆိုတာကို ကြည့်ပြီး ပြုံးနေတာ…။ ကျနော်က ပြုံးလေ၊ သူက ဒေါသထွက်လေ ဖြစ်ခဲ့တာ။ ဒီလိုနဲ့ ကျနော်နဲ့ သူ့အကြားမှာ အခေါ်အပြောတန့်သွားခဲ့တယ်။ နောက်ပိုင်း သူအလုပ်က ထွက်သွားပြီး အပြင်မှာ ပြန်တွေ့တဲ့အခါ၊ ဆရာဦးတက်တိုးဆီမှာ အရင်က ဒေါသတွေ၊ မာနတွေ မတွေ့ရတော့ဘူး။ ကျနော့်အပေါ်မှာလဲ သူနားလည်သွားပုံရတယ်လို့ ဆရာဦးတင်မိုးက ပြောပြခဲ့ဖူးတယ်။

xxxxx

ဆရာကြီးဦးတက်တိုးဟာ မြန်မာ့ယဉ်ကျေးမှုကို ထုံးတမ်းစဉ်လာကို ချစ်တဲ့သူတဦးဖြစ်ပေမယ့်၊ ရှေးရိုးစွဲ အမြင်ရှိတဲ့သူ မဟုတ်ပါဘူး။ ပြင်စရာရှိတာကို ပြင်ခဲ့သူဖြစ်တယ်။ လူတိုင်း လူတိုင်းကို အလုပ်လုပ်စေ ချင်တယ်။ ကြိုးစားစေချင်တဲ့သူ တဦးဖြစ်ပါတယ်။ ပြီးတော့ အမြင်ကျယ်သူ တဦးလည်း ဖြစ်ပါတယ်။
ကိုဂျေ မင်းမဂ္ဂဇင်းမှာ ကိုဌေးမြိုင်နဲ့ ဒေါက်တာသန်းထွန်း စာမူတွေထဲ့ဖြစ်အောင်ထဲ့ကွယ်။ သူတို့ ဘာရေးရေး သုံးစမ်းပါ။ သူတို့ရဲ့ တန်ဖိုးက သိပ်ကြီးတယ်။ အစားထိုးလို့ မရဘူးလို့လဲ ပြောခဲ့ဖူးပါတယ်။
“ယောက်ျားနဲ့ မိန်းမ အိမ်ထောင်ပြုကြတယ်ဆိုရင် ယောက်ျားကို သခင်လို သဘောထားရမယ်ဆိုတာ ငါမကြိုက်ဘူး။ ဒါဟာ ရှေးခေတ်က မယားကို ကျွန်လို သဘောထားတဲ့ ပဒေသရာဇ် အယူအဆပဲ”လို့ ရှုမဝခေတ် ဝတ္ထုတိုများ စာအုပ်မှာ ဆရာဦးတက်တိုးက သူ့အမြင်ကို ရေးခဲ့ဖူးပါတယ်။

ကိုဂျေ
ဇန်၊ ၉၊ ၂ဝ၁၇

Comments