ကိုအောင်မှိုင်း ● အတွေးအခေါ်ဟောင်းဖြင့် တိုင်းပြည်သစ်တည်ထောင်ခြင်း

ကိုအောင်မှိုင်း ● အတွေးအခေါ်ဟောင်းဖြင့် တိုင်းပြည်သစ်တည်ထောင်ခြင်း
(မိုးမခ) ဇန်နဝါရီ ၂၃၊ ၂ဝ၁၈

မည်သူသည် ကျနော်တို့၏ ရန်သူနည်း။ မည်သူသည် ကျနော်တို့၏ မိတ်ဆွေနည်း။ ဤပြဿနာသည် တော်လှန်ရေးအ တွက် အရေးအကြီးဆုံးပြဿနာဖြစ်သည်။ အတိတ်က တရုတ်ပြည်တွင်ဆင်နွဲခဲ့သော တော်လှန်ရေးတိုက်ပွဲများ အောင်မြင်မှု အလွန်နည်းပါးခဲ့ရသည့် အခြေခံအကြောင်းရင်းမှာ ရန်သူအစစ်ကို ထိုးနှက်တိုက်ခိုက်ရန်အတွက် မိတ်ဆွေစစ်များနှင့် စည်းလုံးအောင်မလုပ်ခဲ့သောကြောင့်ဖြစ်သည်။   

၁၉၂၆ ခုနှစ် မတ်လ၊ တရုတ်ပြည် လူ့အဖွဲ့အစည်းမှ လူတန်းစားများကို ခွဲခြမ်းစိတ်ဖြာချက်
(မော်စီတုန်း လက်ရွေးစဉ်ကျမ်း - အတွဲ ၁)
▪ ▪ ▪

ကျနော်တရုတ်ပြည်တော်လှန်ရေးတိုက်ပွဲများအတွင်း အောင်မြင်မှုနည်းပါးရခြင်းနဲ့ပတ်သက်ပြီး  တရုတ်ပြည်တော်လှန်ရေး ခေါင်းဆောင်မော်စီတုန်းရဲ့ နိဂုံးချုပ်ချက်ကို သဘောကျမိပါတယ်။ တကယ်တော့ ကျနော်တို့ကိုယ်တိုင်လည်း ဒီမိုကရေ စီ တော်လှန်ရေးဆင်နွဲနေစဉ်ကာလ အဝန်းအဝိုင်းအတွင်းမှာဘဲ ရှိနေဆဲလို့ သုံးသပ်မိပါတယ်။ ဒီပြဿနာဟာ အတော်ကို အရေးကြီးပြီးသတိထားရမဲ့ ပြဿနာဖြစ်တယ်လို့ ကြည့်မြင်ဘို့ လိုအပ်ပါတယ်။ ဒီမိုကရေစီခေတ်ကိုရောက်ဘို့ ရုန်းကန်ကြ ရဦးမှာဖြစ်တဲ့အတွက် ကျနော်တို့ခေတ်ရဲ့ အရေးအကြီးဆုံးပြဿနာဖြစ်တဲ့ ရန်သူနဲ့မိတ်ဆွေကို ခွဲခွဲခြားခြား ရှင်းရှင်းလင်း လင်း မှန်မှန်ကန်ကန် သိရှိထားဘို့ အလွန်အရေးကြီးတယ်လို့ ထင်ပါတယ်။

ကျနော်တို့ရဲ့ အဓိကရန်သူဟာ စစ်အာဏာရှင်စနစ်ဖြစ်ပြီး စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ဘို့ ထောက်ပံ့ကူညီနေကြတဲ့ ပါတီ လူပုဂ္ဂိုလ် အဖွဲ့ အစည်းများဟာလည်း လူမှုလူ့အဖွဲ့အစည်းရဲ့  ရန်သူများဘဲဖြစ်ပါတယ်။ အဓိကမိတ်ဆွေမှာ စစ်အာဏာ ရှင်စနစ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်နေကြတဲ့ ပါတီ အဖွဲ့အစည်း လူပုဂ္ဂိုလ်များဖြစ်ကြပါတယ်။ ဆိုလိုတာက အဖိနှိပ်ခံ ပြည်သူများဘဲဖြစ်ပါတယ်။ ဒီနေရာမှာ ဒီမိုကရေစီအယောင်ဆောင် ပါတီ အဖွဲ့အစည်း လူပုဂ္ဂိုလ်အချို့တွေကိုလည်း အတု အယောင် ဒလျှိုဒလံတွေအဖြစ် တွေ့နိုင်မှာဖြစ်ပါတယ်။ မွေးရာပါ စစ်အာဏာရှင်ဗီဇကို ဖုန်းကွယ်ထားပြီး ဒီမိုကရေစီ ယောင်ဆောင်ဘို့အတွက် ဒီမိုကရေစီစာလုံးတွေကို ကြက်တူရွေးနုတ်တိုက်ပြောကြားလေ့ရှိတတ်ကြပါတယ်။ လူထုကို အမှန်တကယ် ကာကွယ်ဘို့လိုအပ်လာပြီဆိုတဲ့အချိန်မှာတော့ စာလုံးတွေလဲပျောက် လူလည်းပျောက် ဖြစ်လေ့ရှိပါတယ်။ အဓိကခွဲခြားနိုင်တာကတော့ သမိုင်းဆိုင်ရာဖြတ်သန်းမှုဟာ အကောင်းဆုံးမှတ်ကျောက်ဘဲ ဖြစ်မယ်ထင်ပါတယ်။ ဒီမှတ် ကျောက်ကိုတော့ အဖိနှိပ်ခံပြည်သူလူထုကြီးက အခိုင်အမာပိုင်ဆိုင်ထားတယ်ဆိုတာပါဘဲ။

ဒီနေရာမှာ အတွေးအခေါ်ပြဿနာက အဓိကအကျဆုံးဖြစ်မှာပါ။ ဒီမိုကရေစီအရေခြုံထားပြီး စစ်အာဏာရှင်စနစ်သက်ဆိုး ရှည်ရေးလုံးပမ်းမှုတွေကို ကနေ့ ကျနော်တို့ လက်တွေ့မြင်တွေ့နေကြရဆဲဖြစ်ပါတယ်။ ပြန်ချုပ်ကြည့်မယ်ဆိုရင် ဒီမိုကရေစီ တော်လှန်ရေးမှာ ရန်သူမိတ်ဆွေခွဲခြားနိုင်ဘို့ဟာ အလွန်အရေးကြီးတဲ့ကိစ္စကြီးဖြစ်နေတာကိုလည်း သတိထားမိကြမှာဖြစ်ပါ တယ်။ တွေ့နေကြရမှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီစနစ်အတွက် သစ္စာအရှိဆုံး အရေးကြီးဆုံး မဟာမိတ်ကတော့ အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုကြီးလို့ သတ်မှတ်ရမှာဖြစ်ပါတယ်။ ရုန်းကန်လှုပ်ရှားမှုတိုင်းမှာ ကိုယ်နဲ့အတူပါမဲ့ ဘဝ အရ ပူးပေါင်းဆောင်ရွက်နိုင်မဲ့ လူမျိုးပေါင်းစုံ အခြေခံလူတန်းစားတွေဘဲဖြစ်ပါတယ်။

ဗမာပြည်မှာ စစ်အာဏာရှင်စနစ်က ဘာကြောင့် ရာစုနှစ်ဝက်ကျော်ကြာ ခိုင်မြဲခဲ့တာလဲဆိုတာ မှန်မှန်ကန်ကန် ဘက်လိုက် မှုကင်းကင်း ကျနော်တို့ နိဂုံးချူပ်ကြဘို့လိုပါတယ်။ ရှုပ်ရှုပ်ထွေးထွေး တွေဝေစဉ်းစားမနေဘဲ ရှင်းရှင်းလင်းလင်းကြည့်ကြရ အောင်ပါဗျာ။

၁။ စစ်အာဏာရှင်စနစ်ဖြစ်လို့ စစ်တပ်ကို အခြေပြုပြီး အာဏာကိုတည်ဆောက်ခဲ့တာဖြစ်ပါတယ်။
၂။ စစ်အာဏာရှင်စနစ်ခိုင်မြဲဘို့ စစ်ဗျူရိုကရေစီယန္တရားကို အခိုင်အမာတည်ဆောက်ခဲ့တာဖြစ်ပါတယ်။
၃။ စစ်အာဏာရှင်စနစ်ကိုကာကွယ်ဘို့နဲ့ စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ဘို့ စစ်အစိုးရကိုဖွဲ့စည်းခဲ့ကြတာဖြစ်ပါတယ်။

ဒီအချက်တွေလောက်နဲ့တင် လူထုကို ထိမ်းချုပ်လို့မရပါဘူး။ လူထုကို ရေရှည်ထိမ်းချုပ်ထားနိုင်ဘို့ လူထုကိုရေရှည်ဖိနှိပ် ထားနိုင်ဘို့ စစ်အာဏာရှင်စနစ်ကို မျက်နှာမူတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ လိုအပ်ပြန်ပါတယ်။ ၁၉၇၄ ခုနှစ်မှာ တကြိမ် ၂ဝဝ၈ မှာတကြိမ် ဖွဲ့စည်းပုံအခြေခံဥပဒေတွေကို စစ်တပ်က ဦးစီးပြီးရေးဆွဲခဲ့ကြတာဖြစ်ပါတယ်။ ဒီဖွဲ့ စည်းပုံအခြေခံဥပဒေ တွေရဲ့အနှစ်ကတော့ အုပ်ချုပ်ရေး တရားစီရင်ရေး ဥပဒေပြုရေးစတဲ့ နိုင်ငံရဲ့အဓိကဖြစ်တဲ့ မဏ္ဍိုင်ကြီးတွေကို စစ်တပ် လက်ထဲထည့်ထားနိုင်ဘို့ဘဲဖြစ်ပါတယ်။ ဒီမဏ္ဍိုင်ကြီးတွေကို ဥပဒေအရ စစ်တပ်လက်ထဲထည့်ထားနိုင်ပြီဆိုတာနဲ့ အပေါ် ယံ နာမည်ကတော့ ပြောင်းချင်သလိုပြောင်းနိုင်ပြီဖြစ်ပါတယ်။ ဂုတ်ကျားကနေ ခြင်္သေ့လို့ ပြောင်းချင်လည်း ပြောင်းလို့ရသလို၊  ခြင်္သေ့ကနေ လဒလို့ ပြောင်းချင်လည်း ပြောင်းလို့ရပြီဖြစ်ပါတယ်။

အနှစ်သာရက စစ်အာဏာရှင်စနစ်ပါဘဲ။ ဥပမာပြောရရင် ၁၉၇၄ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ မြန်မာဆိုရှယ် လစ်လမ်းစဉ်ပါတီဆိုတဲ့ တပါတီအာဏာရှင်စနစ်ကို ဖွဲ့ စည်းပုံအရထူထောင်ပြီး ဘောင်းဘီတွေချွတ်ကာ ပုဆိုးတွေ တကြိမ် ဝတ်ခဲ့ကြပါသေးတယ်။ လွှတ်တော်ဆိုတာကြီးနဲ့  ပါတီဥက္ကဌကြီးနဲ့ သမ္မတဆိုတာကြီးနဲ့ ဒီမိုကရေစီအပေါ်ယံသဏ္ဌာန်က တော့အပြည့်အစုံပါဘဲ။ အနှစ်သာရကတော့ မူရင်းစစ်အာဏာရှင်စနစ်ပါဘဲ။

၂ဝဝ၈ ဖွဲ့စည်းပုံအရ စစ်တပ်ကအာဏာလွှဲပေးတယ်ဆိုတာလည်း ဒီသဘောအတိုင်းပါဘဲ။ အုပ်ချုပ်ရေးအတွက် ဝန်ကြီး ၃ ပါး၊ ဥပဒေပြုရေးအတွက် လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်း၊ စစ်တပ်က အာဏာသိမ်းခွင့်လိုင်စင်၊ ကာချုပ်လက်ထဲက အာဏာ တွေ၊ စစ်တပ်လက်ထဲက နိုင်ငံစီးပွားရေးနဲ့ စစ်ဗျူရိုကရေစီယန္တရားတွေအပြင်  ဗိုလ်ချူပ်တွေရှာထားတဲ့ပိုက်ဆံနဲ့ တည်ထောင် ထားတဲ့ ပါတီတခုတောင် အဆစ်ပါလာတာ တွေ့ရမှာဖြစ်ပါတယ်။ ကျနော်အဓိကပြောချင်တာက လူထုအစိုးရလည်းဖြစ်ပြန် ဒီမိုကရေစီစနစ်နဲ့ တိုင်းပြည်တည်ထောင်မယ်လည်းဆိုပြန်တော့ လက်ရှိအခင်းအကျဉ်းက အတော်ကို ရေလိုက်လွဲနေသလို ဖြစ်နေတာ တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းတခုမှာ ဝေဖန်တာကို ကျမတို့လက်ခံပါတယ်။ နားဝင်အောင်ဝေဖန်ဘို့လည်း လိုတာပေါ့ လို့ဆိုထားလို့ ကျနော် နားဝင်အောင် ဆွေးနွေးလိုပါတယ်။ ဝေဖန်တယ်ဆိုရင် မကြိုက်မှာစိုးလို့ပါ။ ကနေ့ ကျနော်တို့လူထုမှာ တာဝန်တွေက  သိပ်များပြီး သိပ်ကြီးမားနေတယ်မဟုတ်လား။ ကိစ္စတိုင်းမှာ လူထုမှာတာဝန်ရှိတယ်ချည်းကြားနေရလို့ အစိုး ရအနေနဲ့လည်း လူထုတာဝန်နဲနဲလောက် ဖဲ့ယူစေချင်လို့ပါဗျာ။ ကျနော်သိသလောက်ကတော့ အစိုးရကောင်းတွေပြော လေ့ ပြောထရှိတာက ကျနော်တို့အစိုးရမှာ တာဝန်ရှိတယ်လို့ကြားဘူးနေတော့ လူထုမှာ တာဝန်ရှိတယ်ဆိုတာနဲ့ တော်တော်ကို လွဲချော်နေတာဖြစ်ပါတယ်။

အထက်မှာဖေါ်ပြသလိုပါဘဲ၊ စစ်အာဏာရှင်စနစ်ကိုတည်ထောင်ဘို့ စစ်တပ်အနေနဲ့ သူတို့လုပ်ရမဲ့ကိစ္စအားလုံးကို ပီပီပြင် ပြင်လုပ်ခဲ့ကြသလို စစ်အာဏာရှင်စနစ်တည်ထောင်ရာမှာ အနှောက်အရှက်ဖြစ်စေတဲ့ ဘယ်ကိစ္စမျိုးကိုမဆို ပြတ်ပြတ် သားသား ပက်ပက်စက်စက်လုပ်ခဲ့ကြတာ သမိုင်းမှာအခိုင်အမာတွေ့ ရမှာဖြစ်ပါတယ်။ ကျောင်းသားရော ရဟန်းသံဃာရော ကလေးရော လူကြီးရော ဘယ်သူမဆိုကို ပက်ပက်စက်စက် သတ်ဖြတ်ခဲ့ ဖမ်းဆီးချုပ်နှောင်နှိပ်စက်ခဲ့ကြတာတွေကလဲ အခိုင်အမာဘဲဖြစ်ပါတယ်။

ကနေ့လူထုအစိုးရ၊ ဒီမိုကရေစီစနစ်နဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်မယ်ဆိုတော့ ကျနော်တို့အတွက် အထူးအထွေ ပြောဘို့ဖြစ်လာပါတယ်။ စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်၊ စစ်ဗျူရိုကရေစီယန္တရားတည်ဆောက်တာမဟုတ်တော့ ဘာတွေ  ကို ဘယ်လိုတည်ဆောက်မလဲဆိုတာ ရှင်းရှင်းလင်းလင်းရှိဘို့ လိုလာပါတယ်။ ဒီမိုကရေစီအစိုးရအတွက် ဘာတွေလိုမလဲ။ သေချာတာက ...

၁။ လူထုကိုအခြေပြုတဲ့လူထုအစိုးရတရပ် ပီပီပြင်ပြင်ဖွဲ့ဘို့လိုပါတယ်။ စစ်ဗျူရိုကရေစီယန္တရားအောက်မှာ ဦးကျိုးနေတဲ့ ဗျူ ရိုကရက်ဟောင်းတွေနဲ့ ဒီမိုကရေစီအစိုးရတရပ်ကိုတည်ထောင်မယ်ဆိုရင်တော့ အလွန်မှားယွင်းတဲ့ အတွေးအခေါ်လို့ဘဲ တဲ့ပြောရလိမ့်မယ်ထင်တယ်။

၂။ ဒီမိုကရေစီအစိုးရတရပ်ရုပ်လုံးပေါ်လာအောင် ဒီမိုကရေစီယန္တရားကို ခိုင်ခိုင်မာမာအုပ်မြစ်ချရပါလိမ့်မယ်။ ဒီနေရာမှာ လည်း စစ်ဗျူရိုကရေစီယန္တရားအောက်မှာ ဦးကျိုးနေတဲ့ ဗျူရိုကရက်ဟောင်းတွေနဲ့ ဒီမိုကရေစီယန္တရားကို အုပ်မြစ်ချမယ်ဆို တဲ့ အတွေးအခေါ်ဟာ အင်မတန်စိတ်ကူးယဉ်ဆန်တဲ့ လက်တွေ့မကျတဲ့ အမြင်သာဖြစ်ပါတယ်။

၃။ ပင်မပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို လူထုပါတီဖြစ်အောင်ပါတီတည်ဆောက်ရေးလုပ်ဘို့ အလွန်အ ရေးကြီးပါတယ်။ ဒီနေရာမှာထောက်ပြချင်တာက ကျနော်တို့ လွန်ခဲ့တဲ့နှစ်ကထင်တယ်။ NLD ပါတီတည်ဆောက်ရေးလုပ်ဘို့ ဝိုင်းအော်ကြတော့ ဗိုလ်ဝင်းထိန်ကို ပါတီအပ်ပြီး ပါတီတည်ဆောက်ရေးလုပ်ခိုင်းတာ တွေ့ရပါတယ်။ အတော်ပိန်းတဲ့ အ တွေးအခေါ်ပါဘဲ။ ဗိုလ်ဝင်းထိန်အနေနဲ့ အခြားလုပ်ငန်းတွေမှာ လုပ်နိုင် မလုပ်နိုင်တော့ ကျနော်တို့မသိပါဘူး။ ပါတီတည် ဆောက်ရေးကိုတော့ ဗိုလ်ဝင်းထိန်မလုပ်နိုင်တာ အသေအချာဘဲဖြစ်ပါတယ်။ “ရေဗူးပေါက်တာ မလိုချင်ဘူး ရေပါတာဘဲ လိုချင်တယ်” ဆိုတဲ့ အတွေးအခေါ် နလပိန်းတုန်းနဲ့ တချက်လွတ်အမိန့်တွေထုတ်ပြီး ပါတီတည်ဆောက်လိုက်တာ ပါတီဝင် ဟောင်းတွေ တော်တော်များများလည်း ဘေးရောက်ကုန်ကြတော့တာပါဘဲ။

၎။ NLD ပါတီရဲ့ အဓိကအားနည်းချက်က ဗဟိုချုပ်ကိုင်မှုသိပ်များလွန်းတာဖြစ်ပါတယ်။ ဗဟိုဆိုတာ ဒေါ်အောင်ဆန်းစု ကြည်ရဲ့ပါတီအပေါ်ချုပ်ကိုင်မှုဟာ သိပ်တင်းကြပ်လွန်းတယ်လို့ထင်ပါတယ်။ NLD ပါတီရဲ့  ဝန်ကြီးချုပ်ဆိုသူတွေဟာ NLD ပါတီမှာ တကယ့်ခလေးလေးတွေလိုပါဘဲ။ မပြောရဲ မဆိုရဲ မလုပ်ရဲဘဲဖြစ်နေကြတာကိုက သိပ်မှားပါတယ်။ အတော်လည်း စိတ်ပျက်ဘို့ကောင်းပါတယ်။ အားလုံးဟာ ဒေါ်အောင်ဆန်းစုကြည်ဆီကအမိန့်ကို စောင့်နေကြရတာဖြစ်ပါတယ်။ ပါတီ တွင်း ဒီမိုကရေစီ ဒီထက်ဆုံးရှုံးရင် ပါတီပျက်တတ်ပါတယ်။ NLD ပါတီရဲ့အားသာချက်က အနစ်နာခံမှု ကိုယ်ချင်းစာမှု တိုင်း ပြည်ပေါ်စေတနာထားမှုဆိုတဲ့ အလွန်တန်ဘိုးကြီးတဲ့ ယုံကြည်ချက်ရှိတဲ့လူတွေကို ပိုင်ဆိုင်ထားတာဘဲဖြစ်ပါတယ်။

၅။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုင်းပြည်အပေါ်စေတနာထားတယ်ဆိုတာတော့ ဘယ်လိုမှငြင်းလို့မရတဲ့ကိစ္စပါ။ ဒီအ တွက် လူထုရဲ့ယုံကြည်မှုကို ရခဲ့တာလဲဖြစ်ပါတယ်။ ခက်တာက လက်ရှိအနေအထားအရ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နေရာတကာပါချင်တဲ့ကိစ္စကတော့ အတော်လူပြောများပါတယ်။ ဟိုအဖွဲ့ မှာလည်းပါ ဒီအဖွဲ့မှာလည်းပါနဲ့ ကော်မတီပေါင်းရာ ချီနီးပါး ပါဝင်နေတာကိုက လမ်းလွဲနေတာပါ။ NLD ပါတီမှာ လူငယ်တွေ လူလတ်တွေ လူကြီးတွေ ဒုနဲ့ဒေးပါ။ သူတို့ကိုလည်း ပါဝင်ခွင့်ပေးသင့်တယ်ထင်ပါတယ်။ တော်ကြာ ဒေါ်ပါကြီးဆိုပြီး နာမည်ပျက်ရနေပါဦးမယ်။ နာမည်ပျက်ရတာထက် လုပ် ငန်းတွေမှာ အဟန့်အတားဖြစ်တာက ပိုဆိုးပါတယ်။

၆။ ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ အံ့သြမိတာက ရှစ်လေးလုံးလူထုတိုက်ပွဲကာလမှာ အတူတိုက်ဖေါ်တိုက်ဖက်တွေ အပေါ် တစိမ်းဆန်တာဖြစ်ပါတယ်။ နေ့တဓူဝ စစ်ဗိုလ်ချူပ်တွေနဲ့ ပြုံးပြုံးရွှင်ရွှင်ဆက်ဆံနေတာမြင်နေရပြီး ရဲဘော်ရဲဘက် ဟောင်းတွေကို မသိကျိုးကျင်ပြုနေတယ်လို့ ခံစားမိပါတယ်။ မနေ့က ရှစ်လေးလုံးတုန်းက စစ်အာဏာရှင်စနစ်ကို တိုက်ခဲ့ ကြတဲ့အထဲက တိုက်ဖေါ်တိုက်ဖက်တယောက်သေတယ်။ မကြာမကြာဆိုသလို ရဲဘော်တွေရဲ့ နာရေးသတင်းတွေဖတ်လာ ရတာ ခပ်စိတ်စိတ်ဖြစ်လာတယ်။ အရေးအခင်းပြီးတော့ ရဲဘော်တွေ အဖမ်းခံကြရတယ်။ စစ်ထောက်လှမ်းရေးက ခွေးလို နွားလိုနှိပ်စက်ကြတယ်။ တချို့ ထောင်ထဲတင်သေကြတယ်။ တချို့ အတွင်းကြေဒဏ်ရာတွေနဲ့ ဘဝဆိုးတွေကို ဖြတ်နေကြ ရင်း တတိတိသေကြတယ်။ တချို့ တောတွေတောင်တွေမှာသေကြတယ်။ ဒေါ်အောင်ဆန်းစုကြည် အိမ်အကျယ်ချုပ်ကာလ မှာ ကျန်တဲ့ရဲဘော်တွေဖြစ်တဲ့ ဆရာဦးဝင်တင်ကအစ ရဲဘော်အားလုံးဟာထောင်တွေထဲမှာ ပက်ပက်စက်စက်နှိပ်စက်ခံခဲ့ ကြရတာဖြစ်ပါတယ်။ ဒီရဲဘော်တွေကိုလည်း နေရာပေးပြီး ပြုံးပြုံးရွှင်ရွှင် လူလိုသူလိုဆက်ဆံစေချင်တယ်ဗျာ။ သူတို့လည်း စစ်အာဏာရှင်စနစ်ကို ဒေါ်အောင်စုကြည်ထက်မပိုရင်နေမယ် မလျှော့တဲ့စိတ်ဓါတ်တွေနဲ့ တိုက်ခဲ့ အနစ်နာခံ ကိုယ်ကျိုးစွန့် ခဲ့ကြတာဘဲ မဟုတ်လား။ သူတို့ထဲမှာ ကိုယ်ကျိုးသမားတွေ ပါကောင်းပါမှာဖြစ်ပါတယ်။ ဒါပေမဲ့ အကုန်လုံးတော့မဟုတ်ပါ ဘူး။ အသေသာခံမယ်။ ဒူးမထောက်ဘူးဆိုတဲ့ ရဲဘော်တွေက အများစုလို့ ကျနော်ယုံတယ်။

၇။ ကနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အတွေးအခေါ်ကို ပြောင်းကိုပြောင်းမှဖြစ်မှာပါ။ ကာချုပ်ဗိုလ်မင်းအောင်လှိုင်ဆို ဘေး တိုက်လိုက်ခဲ့တာ ဒီချုပ်အစိုးရဖြစ်ကထဲကလို့ ပြောရမယ်ထင်တယ်။ လူထုအထက်မှာ ကာချုပ်ရှိနေတယ်ဆိုတာ ဘေး တိုက်လိုက်ပြီး သရုပ်ဖေါ်တာလို့ ကျနော်တော့ပြောချင်တယ်။ စစ်တပ်နဲ့ပြေလည်မှ တိုင်းပြည်ကို အုပ်ချုပ်လို့ရမယ်ဆိုတဲ့ အချောင်သမားအတွေးအခေါ်ကနေ စစ်တပ်ဆိုတာ လူထုအဝန်းအဝိုင်းမှာရှိတယ်။ ဒါကြောင့် လူထုကရွေးကောက်တင် မြောက်ထားတဲ့ လူထုအစိုးရအပေါ် ဘေးတိုက်လိုက်မှုတွေကို ဗြောင်တည့်ရပါလိမ့်မယ်။ သတ္တိရှိရပါမယ်။ မှားနေတဲ့သူကို မှားနေကြောင်း ပြောရဲရပါမယ်။ ကာချုပ်ရဲ့လုပ်ရပ်တွေဟာ ဥပဒေနဲ့မညီရင် မညီကြောင်းပြောရပါမယ်။ ဥပဒေနဲ့အညီ ဖြစ် အောင်ပြန်တည့်ရပါမယ်။ ဒါတိုင်းပြည်အတွက်ဖြစ်ပါတယ်။ တပ်မတော်အတွက်လည်း ဖြစ်ပါတယ်။

ကျနော်တို့အမြင်ကတော့ တိုက်လည်းတိုက် ပေါင်းလည်းပေါင်းဆိုတဲ့ဗျူဟာကို လက်တွေ့ကျင့်သုံးသင့်ကြောင်း အကြံပြု လိုပါတယ်။ တိုက်ဘဲနဲ့ပေါင်းနေလို့ကတော့ ချဉ်ပတ်အိုးထဲရောက်သွားတဲ့ သံချေးတက်နေတဲ့ သံချောင်းဘဝရောက်မှာ အ သေအချာဘဲဖြစ်ပါတယ်။ ကျနော်တို့အမြင်ကတော့ တိုက်ချည့်ဘဲတိုက်ဆိုပြီး တဖက်သတ်ပြောနေတာတော့မဟုတ်ပါ ဘူး။ တိုက်ရမှာကိုတိုက်ပြီး ပေါင်းရမှာကိုပေါင်းတဲ့အမြင်ဖြစ်ပါတယ်။ အကန့်အသတ်ရှိတဲ့အမြင်ကို ကိုင်စွဲဘို့လိုမှာဖြစ်ပါတယ်။ အထူးသဖြင့်ပြောလိုတာက အတွေးအခေါ်ဟောင်းတွေနဲ့တော့ နိုင်ငံသစ်တည်ဆောက်နိုင်မှာ မဟုတ်ကြောင်းပါဗျား။

ကိုအောင်မှိုင်း
(၂၃ ရက် ဇန္နဝါရီလ ၂ဝ၁၈ ခုနှစ်)

Comments