နိုလှိုင်း ● အပျက်ဓာတ်ထဲက ခြေလှမ်းတွေဟာ အသိအကျွမ်းများရှိရာ
(မိုးမခ) ဇန်နဝါရီ ၃၀၊ ၂၀၁၈
ဒီအကြောင်းကိုပြောဖို့ နှစ်ဆယ့်ငါးနှစ်လောက်အချိန်ယူခဲ့ရသလို
ဒီသတင်းကြားရဖို့ကိုလည်း လွန်ခဲ့တဲ့ဆယ့်ငါးမိနစ်လောက်က
လမ်းမဘက်ဦးတည့်ပြီးမှ အလိုလိုငါတို့ပြန်လှည့်လာခဲ့ရတယ်
ရောက်ရာအရပ်က အမြန်ပြန်လာရတဲ့အခါ သတင်းစကားဟာ
မိုးရေထဲ စိုသွားတဲ့သဲနာရီအပျက်တွေကအစပြု
ငါတို့လက်ပေါ်မှာ မဟုတ်လည်း
သစ်ရွက်လို တဖြုတ်ဖြုတ်ကြွေကျကုန်ကြတယ်
သတင်းစာတွေထဲတောင်ထည့်မရခဲ့တဲ့ အတိတ်ဟာတကယ်ရှိခဲ့တယ်
သတိတရ ရှိနေတတ်တဲ့နာရေးသတင်းများမှာသာ
ငါတို့အားလုံး အလန့်တကြားသိခဲ့ရတယ်
မှတ်ဉာဏ်ထဲမှ လွန်လေပြီးတဲ့အဖြစ်တွေ
အခုထိလမ်းပေါ် ပြန်ရောက်ချင်နေတတ်တဲ့ စိတ်တွေ
လေလွင့်စိတ်နဲ့ ပြန်ငေးနေမိတယ်
လမ်းဆုံကိုရောက်တိုင်း ငါတို့ခဏရပ်ပြီးစဉ်းစားနေကြတယ်
ဘယ်ဘက်ကိုကွေ့ချလိုက်ရတော့မလဲလို့
မနက်ငါးနာရီတိတိမှာ စောင့်ယူခဲ့ရတဲ့ မီးရထားလက်မှတ်နဲ့
ငါတို့အတူခရီးသွားဖူးကြသလို ပျော်စရာများများ
နာကျင်စရာများများနဲ့သာ ဘဝတကွေ့ကိုစတင်ခဲ့ရတယ်
ငါတို့မှာ နာကျင်စရာကောင်းတဲ့အတိတ်တွေ ကိုယ်စီရှိခဲ့ကြတယ်
ငါတို့ဆုံဆည်းမှုမှာ ငါတို့စိတ်ထဲ ဘယ်ရာရာ
ခွဲခွာသွားသူတွေဟာ ငါတို့ထံမှ တဖြည်းဖြည်းပိုလို့ဝေးကွာ
အုပ်စုလိုက်ရိုက်ထားတဲ့ဓာတ်ပုံထဲက တစစ တစ်ယောက်ချင်း ပဲ့ပါသွားကြ
မနေ့ကအထိ တွေ့လိုက်သေးသလို သူတို့အရိပ်တွေ
အိပ်မက်ထဲမှာတောင် စွဲနေဦးမယ့် ပုံပန်းသဏ္ဌာန်တွေ
ငါတို့ဟာသမိုင်းထဲက အရိုးစတွေ စူးနေ
ထိတ်လန့်ဖို့ကောင်းနေသေးတဲ့ သွေးစက်တွေ စွန်းနေ
ငါတို့အားလုံးအတူဝိုင်းဖွဲ့လို့ လေဟာ ဖြတ်တိုက်နေတော့တာပဲ
နံရံမှာ နားတွေရှိတဲ့အခါ ဒီအတိုင်းကြားနေရတော့မှာပေါ့
အခုဘယ်ရောက်ကုန်ကြသလဲဆိုတော့
တနေရာတည်းမှာ ကျောက်ချထားတယ်ထင်ရတဲ့အထိ
ငါတို့ထိုင်နေကြတုန်းပေါ့
နောက်ပြီးတော့ ငါတို့အားလုံး မေးငေါ့လိုက်ပြန်တယ်
အခုအချိန်တွေအထိ ကန်စပ်မှာ အတူထိုင်နေရတာကလည်း
ပန်းသီးအူတိုင်ထဲက အစေ့လို
ငါတို့ကျောင်းတော်ထဲက သူတို့အရိပ်လို
ကောနေတဲ့မြစ်ကြောင်းမှာ တိုက်လာတဲ့လေ
ပက်နေသေးတဲ့မိုးရေ ကိုယ့်ကျောနဲ့ကိုယ် လုံအောင်ကာထားရတယ်
လောကဓံကို ရင်နဲ့မဆန့်အောင် လွယ်ထားကြသူတွေချည်းပဲဟာ
ငါတို့အတွက် ချည့်ချည့်နဲ့နဲ့
ရုတ်တရက်ကွေ့ချလိုက်လို့ နောက်ဘီးနဲ့စင်ထွက်သွားတဲ့
ကျောက်စရစ်ခဲလေးတွေလောက်တောင်မှ
ငါတို့က ဖိတ်ဖိတ်စင်စင်
ဖိနပ်တစ်ဖက်တည်းနဲ့ စိတ်နှစ်ခွဖြစ်နေတဲ့အခါ
ခြေတစ်ဖက်ပြတ်နဲ့တောင်မှ နှစ်နေရာရောက်ချင်မိသလို
အရောရော အထွေးထွေး
အခုပဲထသွားလိုက်ရတော့မလား ဆိုတော့
သံမှိုစွဲ ထိုင်နေရတာကို ငါတို့တလျောက်လုံး
ပျော်ပျော်ရွှင်ရွှင်။
လက်ကောက်ဝတ်ရဲ့ သွေးတောင်းမှုမှာ အားလုံးပျော်ရွှင်စရာ မြင်ကွင်းနဲ့
နောက်တစ်နာရီအထိ ရှိနေနိုင်သေးတဲ့အသိမှာ စိတ်အလိုကျလို့
အခုခေတ်ထဲ ငါတို့ အရင်လိုငယ်ငယ်လေးတွေပြန်ဖြစ်သွားကြတယ်
ပြီးပါပြီ
ငါတို့ လေညင်းခံထွက်လာခဲ့တယ်လို့ပဲထင်လိုက်တဲ့အထိ ရုတ်တရက်
အား.........
အား
ထအော်တာ ဘယ်သူမှအသံမထွက်နိုင်ကြဘူး။
ဟေး.........
ဟေး...............
ဟေး...... ...ငါ့တို့ဆက်အော်တာ ဆက်အော်ဖြစ်ခဲ့ကြတာ
ပျော်ရွှင်ကြေကွဲစွာ ဝမ်းနည်းကြပြီးတော့
သားလှီးဓားတချောင်းပေးစမ်းလို့ တယောက်က ထပြောတဲ့အခါ
ဖြတ်တောက်လိုက်ကြတော့မလို့လားပေါ့
ကိုယ့်အသိုက်အမြုံထဲတောင် ကိုယ့်ကိုကိုယ်အလိုအရှိတော့တဲ့နောက်
ပိုပြီးကျဆုံးသွားရသလိုပါပဲ
တယောက်တည်းနေတာကြာတော့
ငါတို့အားလုံး တယောက်တည်း
တယောက်တည်း
တယောက်တည်းတွေသာ များလာ
တယောက်တခွက် လှည့်ပြီးသောက်တတ်လာတယ်။

နိုလှိုင်း
၂၀၁၇ ဇန်နဝါရီ ၅
Comments