ကျော်ကျော် (မြရည်စမ်း) ● မြရည်စမ်းစာပေ ပိတ်သွားပြီးသည့်နောက်ပိုင်း
(မိုးမခ) ဇန်နဝါရီ ၂၀၊ ၂၀၁၈
(မိုးမခ) ဇန်နဝါရီ ၂၀၊ ၂၀၁၈
နှစ်ကာလ ကြာမြင့်စွာ ကြိုးစားရပ်တည်ခဲ့သော်လည်း အခြေအနေအမျိုးမျိုးအရ ရှေ့ဆက်သွားရန်မဖြစ်နိုင်တော့သဖြင့် စာအုပ်ကောင်းများ ဝယ်ယူလိုကြပါလျှင် အချိန်မီလာရောက်နိုင်ကြရန်အတွက် လိပ်စာလေးပါထည့်ပေးထားသော သတင်းတစ်ပုဒ်ကို စိတ်မကောင်းစွာဖြင့် ဖတ်ရသည်။ စာအုပ်အငှားဆိုင်လေးတဆိုင်ပိတ်တော့မည့် သတင်းဖြစ်သည်။
ကျနော်တို့ငယ်ရွယ်စဉ်က ယခုနေအခါလို ဖြေဖျော်ရေးပစ္စည်းပစ္စယများ မပေါများလှ။ အချိန်သည်လည်း ယခုနေအခါလို မရှားပါးလှ။ လူတိုင်းလိုလို အထိုက်အလျှောက်တော့ စာဖတ်ဖြစ်ခဲ့ကြသည်။ ပုံနှိပ်ထားသော စာအုပ်များဖြင့် ကျွမ်းဝင်ခဲ့ကြသည်။ ပုံနှိပ်မင်နံ့ပင် မပျောက်သေးသော စာအုပ်အသစ်စက်စက်များကို တရှိုက်မက်မက်ဖတ်ခဲ့ရဖူးသလို၊ စာရွက်တစ်ရွက်ချင်းကိုပင် ဂရုတစိုက်လှန်လောရသည့် စာရွက်ဝါကျင့်ကျင့်၊ ကြွေလုလု စာအုပ်ဟောင်းလေးများကိုလည်း တမက်တမောဖတ်ခဲ့ရဖူးပါသည်။
ကျွန်တော့်မိဘများသည်လည်း စာအုပ်အငှားဆိုင်လေးတဆိုင် ဖွင့်ခဲ့ဖူးပါသည်။ ထိုစဉ်က ကျွန်တော် စာဖတ်ကျင့်ရှိနေပြီဟု ပြော၍ရသည်။ စာအုပ်အငှားဆိုင်ကလေးဖွင့်မည်ဟု အဖေနှင့်အမေ တိုင်ပင်နေသံကြားကတည်းက ကျွန်တော်ပျော်နေ သည်။ အိမ်အောက်ထပ်နေရာလေးတွင် လက်သမားဆရာကြီးက စာအုပ်စင်များရိုက်ပြီးသောအခါ သင်္ဘောဆေးသုတ်သူမှာ ကျွန်တော်ဖြစ်ခဲ့သည်။ စာအုပ်များကို ထောင်လျှက်အနေအထားဖြင့် တစ်အုပ်ချင်းစီထားရန်အတွက် တန်းကလေးများနှစ်ခုအလယ်အတွင် ကွင်းကလေးများ တပ်ရသည်။ ထိုအခါတွင် နိုင်လွန်ကြိုး တန်းသူမှာ ကျွန်တော် ဖြစ်ခဲ့သည်။
စာအုပ်အငှားဆိုင်ကလေးဖွင့်ဖို့ ဆုံးဖြတ်ပြီးသည့်အခါ စာအုပ်များစုဖို့လိုအပ်လာပါသည်။ အိမ်မှာရှိသည့် သေတ္တာများထဲမှ စာအုပ်များကို ထုတ်ကာ ငှားရမ်းဖို့အဆင်ပြေမည့် စာအုပ်များကို ရွေးကြရသည်ကို ကျွန်တော်မှတ်မိနေသေးသည်။ အိမ်တွင်ရှိသမျှ စာအုပ်များအားလုံးကို အငှားဆိုင်ပေါ်တင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်။ ထိုအချိန်က အုပ်စိုးနေသောအစိုးရ၏ ပေါ်လစီအရ စာအုပ်တချို့က ပိတ်ပင်ထားခြင်း ခံနေရဆဲဖြစ်သည်။
ဖြစ်ချင်တော့ စစ်ကိုင်းမြို့တွင်ရှိသော အောင်နိုင်စာပေမှ စာအုပ်ဟောင်းများ ထုတ်ရောင်းချိန်နှင့် တိုက်ဆိုင်ပြီး စာအုပ်အတော်များများရလိုက်သည်။ ထိုစာအုပ်ဆိုင်တွင် ရွာထောင်မီးရထားစက်ခေါင်းပြင်ရုံမှ ဝန်ထမ်းမိသားစုများ အငှားအများဆုံး ဟု ဆိုကြသည်။ ဝန်ထမ်းအများစု ကိုင်တွယ်ဖတ်ရှုထားသည့် စာအုပ်များမို့ စာအုပ်တွေက လတ်ဆတ်သေးသည်။
ရန်ကုန်တွင်ရှိသော ပတ္တမြားငမောက်စာပေမှ တိုက်ကျစာအုပ်များကို မှာကြားလိုက်ရာ ဂျပ်ပုံးကြီးများဖြင့် ရောက်လာသည်။ ထိုနေ့သည် အတော်ပင်ပျော်စရာကောင်းခဲ့ပါသည်။ ဖလင်ကော်ပြားကိုမျက်နှာစာမှာထား၍ နောက်ကျောကို ဂျပ်စက္ကူဖြင့် ဖုံးသည်။ စာအုပ်ချုပ်ခြင်း အတတ်ပညာကိုသင်ပေးခဲ့သူမှာ ကျွန်တော်တို့စာအုပ်ဆိုင်ကလေးရှေ့မှ ဖိနပ်ချုပ်သူဦးလေးကြီး ဖြစ်သည်။ စာအုပ်များအရံသင့်ဖြစ်သောအခါ ဆိုင်းဘုတ်ကလေးချိတ်လိုက်သည်။ 'မြရည်စမ်းစာပေ'။
ကျွန်တော်တို့ စာအုပ်အငှားဆိုင်ကလေးသည် လူစည်ကားရာ ကုန်ဈေးတန်းအနားမှာ ဖြစ်သည့်အတွက် စာအုပ်လေးများမှာ လူတန်းစားပေါင်းစုံနှင့် ထိတွေ့ရသည်။ တကယ်တွေးကြည့်တော့ ဤသည်ပင်ပီတိဖြစ်စရာ...။ ငါးအကြေးခွံလေးများ ကပ်ငြိနေသော စာအုပ်ဖုံးဖလင်ကော်ပြား၊ ခရမ်းချဉ်ဝသီးအနှစ်များ စွန်းထင်းနေသော စာအုပ်အနှောင့်၊ ပဲငပိနံ့ တသင်းသင်းနှင့် ပန်မဂ္ဂဇင်း...။
ပြန်တွေးကြည့်လျှင် လွမ်းရပါ၏။ ထိုအချိန်က လှည်း နေလှေအောင်း မြင်းဇောင်းသာမက...၊ မြင်းလှည်းမောင်းသူများပင် ဆရာသော်တာဆွေကို အားကျ၍ စာဖတ်ကြသည့်ခေတ်။ လစဉ်ထုတ်မဂ္ဂဇင်းများမှာလည်း စုံလင်လှသည်။ မိုးဝေ၊ ရှုမဝ၊ ငွေတာရီ၊ ချယ်ရီ၊ ရုပ်ရှင်တေးကဗျာ၊ ဟန်သစ်၊ စံပယ်ဖြူ၊ သဘင်၊ ရနံ့သစ်၊ ရုပ်ရှင်အမြုတေ၊ အမျိုးအစားစုံလင်လှသည်။ မှတ်မှတ်ရရ မဟေသီထွက်သောအခါ စာရေးဆရာမင်းသိင်္ခ၏ မဟေသီဝတ္ထုတိုလေးပါလာတာ မှတ်မိနေသေးသည်။
စာအုပ်အငှားဆိုင်လေး၏ စာအုပ်ငှားနှုန်း တဖြည်းဖြည့်းခြင်း လျှော့ကျလာခဲ့ပုံလည်းကို ခုနေခါစာရေးရင်းပင် ပြန်မြင်မိသည်။တရုတ်ပြည်လုပ်ကက်ဆက်များ ဖောဖောသီသီဝင်လာခြင်းနှင့်အတူ အသံသွင်းဇာတ်လမ်းခွေများလည်း တစ်ခေတ်ဆန်းခဲ့ပါသည်။ မိသားစုရပ်တည်ရေးအတွက် တိပ်ခွေ အငှားဆိုင်လေးကိုပါ တွဲခဲ့ရသည်။ ထိုအချိန်တွင် တနိုင်ငံလုံးလိုလို၊ စာပေ...ဆိုသောနောက်က တိပ်ခွေအငှားဆိုင်ဆိုသော အမြီးကလေး တပ်ခဲ့ကြရသည်။ ဝင်ငွေကောင်းသော်လည်း စာအုပ်ကြီးပဲ သီးသန့်ငှားသောဆိုင်လို ရသမချိုနိုင်တော့...။
ကျွန်တော်ဖတ်မိသော ကြော်ငြာလေးလိုပင် မြရည်စမ်းစာပေသည်လည်း ဆက်လက်ရပ်တည်ဖို့ရာ မဖြစ်နိုင်သော တနေ့ တွင် ပိတ်လိုက်ရပါသည်။ ထိုနေ့က ကျွန်တော် ဝမ်းနည်းနေပါသည်။ ကျွန်တော်နှစ်သက်သော စာအုပ်များကို ပီနန်အိတ်ကြီးထဲထည့်နေသော အမျိုးသမီးကြီးကို စိတ်တိုနေမိသည်။ မေမေကဂျာနယ်ကျော်မမလေး၏ ကမ္ဘာမြေဝယ်စာအုပ်ကလေးကို မရောင်းချင်ဘဲ ရောင်းပေးလိုက်ရ၍ စိတ်မကောင်းဖြစ်နေရှာသည်။ တွေး တစိမ့်စိမ့်ကိုတော့ အမှတ်တရ အဖြစ်သိမ်းထားပါရစေ ဆိုပြီး တောင်းပန်လိုက်သည်။ အဖေက ဆရာမြသန်းတင့်၏စာအုပ်များကို ' ဟိုက လူငယ်တွေ ဖတ်ကြပါစေကွာ၊ သိမ်းမထားပါနဲ့တော့' ဆိုပြီး ထည့်ပေးလိုက်တာကို မှတ်မိနေသေးသည်။ ကျွန်တော်တို့ စာအုပ်အငှားဆိုင်လေးမှ စာအုပ်အကုန်လုံးကို ဖားကန့် ကျောက်မှော်တွင် အငှားဆိုင်ဖွင့်မည့် အမျိုးသမီးကြီးမှ ဝယ်ယူသွားခြင်းပင် ။
---------------------
အထက်ပါအကြောင်းအရာများသည် လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကျော်က အဖြစ်များပါပေ။ ကျွန်တော်သည်လည်း ဘဝအနေအထားမျိုးစုံ၌ ကျင်လည်ရင်း နေရာဒေသအမျိုးမျိုးသို့ ရောက်ခဲ့ရသည်။ ရောက်သည့်မြို့တိုင်းတွင် စာအုပ်အငှားဆိုင်ကလေးများ ဘယ်နားရှိသနည်းဟု စုံစမ်းကာစာအုပ် ငှားဖတ်လေ့ရှိသည်။ ပဲခူး၊ ရေတာရှည်၊ ကြို့ပင်ကောက်၊ တောင်ငူ၊ သာစည်၊ မြစ်သား၊ ဗန်းမော်၊ ကလေးဝ၊ မော်လိုက်၊ ထီးချိုင့်၊ ထားဝယ်၊ မြစ်ကြီး နား စသဖြင့်တွေးမိရာ ကုန်ပင်မကုန်တတ်သေး။ စာအုပ်အငှားဆိုင်ဖြင့် မရင်းနှီးသေးလျှင် မှတ်ပုံတင်(နိုင်ငံသားစိစစ်ရေးကဒ်ပြား) အပ်ကာ ငှား၍ ရခဲ့ သေးသည်။ နောက်တော့ ထိုကဒ်ပြားကို စာအုပ်အငှားဆိုင်ကပင် လက်မခံချင်တော့။ ငွေစပေါ်တင်ကာ ငှားဖတ်ခဲ့ရသည်။
ကျနော်ယခုနေထိုင်ရာ ကချင်ပြည်နယ်မှ မြို့လေးဆိုလျှင် စာအုပ်ဆိုင်တဆိုင်သာ ကျန်တော့သည်။ ကျောက်စိမ်းပေါသည်။ မူးယစ်ဆေးဝါးပေါသည်။ ငွေကြေးလည်း သူများနယ်ထက်စာလျှင် ပေါများပါသေးသည်။ စာအုပ်အငှားဆိုင်ကတော့ ရှားပါးလွန်းလှသည်။ ပြောင်းပြန်အချိုးကျစွာ ယစ်ဆေးသား ကောင် လူငယ်များကတော့ လက်ညှိုထိုးမလွဲ။
မနက်က ဈေးမှအပြန်တွင် လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင်သို့ ဝင်ထိုင်ဖြစ်သည်။ မှာထားသော လက်ဖက်ရည်ကိုစောင့်ရင်း စားပွဲပေါ်မှ ဂျာနယ်လေးတစောင်ကို ယူဖတ်မိသည်။ စိတ်မကောင်းစရာ သတင်းတပုဒ်ကို ကျွန်တော်ဖတ်ရပါသည်။
အင်တာဗျူးဆန်ဆန်သတင်းဖြစ်သည်။ ကျွန်တော်နေထိုင်ရာပြည်နယ်အတွင်းဝယ် အကျဉ်းထောင်တခု ထပ်မံတည်ဆောက်ပြီးစီးသည့်အကြောင်း၊ အကျဉ်းထောင်တိုးလာ၍ အကျဉ်းသားများ သက်တောင့်သက်သာနေထိုင်ကြရသည့် အပြင် လည်းကောင်းတို့မိသားစုများအနေဖြင့် ထောင်ဝင်စာ တွေ့ကြသည့် အခါ နီးနီးနားနားလာတွေ့ကြရသည်ဖြစ်၍ မပင်ပန်းတော့ကြောင်း ဖြစ်၏။ အင်တာဗျူးပြီးခါနီးလေးတွင် အကျဉ်းကျခံနေရသူ အများစု သည် မူးယစ်ဆေးဝါးမှုဖြင့် ကျနေကြခြင်းဖြစ်ပြီး အသစ်ဖွင့်သည့် အကျဉ်းထောင်မှာ သတ်မှတ်အကျဉ်းသား ပြည့်လုပြည့်ချင် ဖြစ်နေပြီဆိုသည့် အကြောင်းဖြေဆိုထားသည်။
--------------------------
အငှားဆိုင်ပိုင်ရှင်နှင့် မရင်းနှီးသေးလျှင် မှတ်ပုံတင် (နိုင်ငံသားစိစစ်ရေးကဒ်ပြား) ကို အာမခံအဖြစ်ပေး၍ ငှားရမ်းခွင့်ရသော စာအုပ်အငှား ဆိုင်လေးများကို ကျွန်တော်လွမ်းနေမိပါသည်။
ကျော်ကျော် (မြရည်စမ်း)
Comments