ကျော်ကျော် (မြရည်စမ်း) ● ချွေးစက်လေးများရဲ့သီအိုရီ
(မိုးမခ) ဇန်နဝါရီ ၉၊ ၂၀၁၈
(မိုးမခ) ဇန်နဝါရီ ၉၊ ၂၀၁၈
ကျွန်တော်နောက်ဆုံးနှစ်စာမေးပွဲမဖြေခင်ကတည်းက မေမေပြောပြောနေတဲ့စကားက အခုဆို ပိုလို့မှန်လာတာပေါ့။ ကျွန်တော် အခုကျောင်းပြီးသွားပြီ။ ကျောင်းတက်နေရတုန်းက စာတွေကျက်ရတာ ပင်ပန်းတဲ့အကြောင်း၊ ပိုက်ဆံကိုသူများသုံး သလို မသုံးနိုင်လို့ စိတ်ညစ်ကြောင်း မေမေ့ကို ပြောခဲ့ဖူးပါတယ်။ မေမေက ကျွန်တော့်ကို တခွန်းထဲပဲ ပြန်ပြောခဲ့ပါတယ်။ "ကျောင်းပြီးသွားရင် ဒီထက်ပိုပြီးပင်ပန်းအုံးမှာ၊ ပိုက်ဆံဆိုတာ ဘယ်လိုဟာလဲဆိုတာကိုလဲ ပိုပြီးသိမှာ" တဲ့။
ကျွန်တော်က ရူပဗေဒအဓိကနဲ့ ကျောင်းပြီးပါတယ်။ ဘွဲ့တော့ မယူရသေးပါဘူး။ ကျောင်းတက်နေတုန်းက စိတ်ကူးတွေဟာ ကျောင်းပြီးတာနဲ့ မှုန်သထက် မှုန်လာတော့တာပါပဲ။ အစိုးရအလုပ်မလုပ်ချင်တာ ငယ်ကတည်းကဆိုတော့ ကျောင်းပြီး တဲ့အခါ ကျူရှင်သင်စားမယ်လို့ စိတ်ကူးခဲ့ဖူးပါတယ်။ တကယ်တမ်း ကျူရှင်ပြစားမယ် စိတ်ကူးတော့လည်း ထင်ထားသလို မလွယ်လှပါဘူး။ သူများတွေ ထောင်ထားတဲ့ ကျူရှင်မှာ ဝင်သင်ဖို့ဆိုတာက လည်း နေရာလွတ်အုံးမှ ဖြစ်တာပါ။ ကျောင်း တက်နေတုန်းကတော့ စတိတ်ခ်ျပေါ်ကနေ ဘယ်လိုပြောလိုက်မယ်။ ဘယ်လိုသင်လိုက်မယ်။ အလွတ်ကျက်စရာမလိုအောင် ဘယ်လိုနည်းတွေသုံးပြီးသင်မယ်ဆိုပြီး စိတ်ကူးတွေလှပနေခဲ့ဖူးပါတယ်။ အဲဒီအချိန်ကစိတ်ကူးဟာ လက်တွေ့ ဘဝ မှာ အရူးအိပ်မက်ပါပဲ။ အ နေတဲ့သူမက်တဲ့အိပ်မက်ကိုမှ စာနာမှုနဲ့နားထောင်ကြအုံးမယ်လေ။
မကြာခင်လေးက ဘွဲ့အတွက် (form) တင်ရတယ်။ ကျောင်းသားရေးရာဌာနကို သွားရတယ်။ ပညာရေးဟာ ခက်ခဲတယ် ဆိုတာကလွဲပြီး နှိုက်နှိုက်ချွတ်ချွတ်မသိတဲ့ မေမေကတော့ "နင်တို့ဟာကလည်း လေးနှစ်လုံး ပိုက်ဆံကုန်ထားတာတောင် အခုထိပေးနေရတုန်းလား"တဲ့။
မေမေ့ကို အများကြီးလည်း ရှင်းပြမနေတော့ပါဘူး။ လိုတဲ့ငွေတောင်း၊ ဓာတ်ပုံရိုက်၊ ပုံစံမှာ ဖြည့်ခိုင်းထားတာတွေ ဖြည့်ပြီး တင်လိုက်တယ်။
ဝင်ငွေရှားပါးတဲ့ကာလကြီးမှာဆိုတော့ ကုန်ကျစရိတ်ကို မေမေကစစ်နေသေးတယ်။ ကျွန်တော်တို့ကတော့ သတ်မှတ်ထားတဲ့ငွေကြေးထက် အမြဲပိုပေးရတဲ့ ကျောင်းသားရေးရာဌာနကို ထူးလို့လည်း အပြစ်မမြင်တတ်တော့အောင် ကျင့်သားရနေပါပြီ။
ကျောင်းတက်နေရတုန်းကတော့ အခုလိုဆောင်းတွင်းဆိုရင် မနက်၈နာရီလောက်မှ အိပ်ရာထဖြစ်တာပါ။ အခုတော့ မနက် ၆ နာရီထိုးရင် အိပ်ရာထရပြီ။ ထမင်းဘူးထည့်ရပြီ။ တနေကုန်အလုပ်လုပ်ရမှာဆိုတော့ ချွေးစိုအင်္ကျီလဲဖို့ကအစ လွယ်အိတ်လေးထဲ ထည့်ယူခဲ့ရတယ်။
အိုင်းစတိုင်းရဲ့ဖော်မြူလာကို အခုအချိန်မှာ ကျွန်တော်မတွေးဖြစ်တော့ပါဘူး။ မေမေ့ကို ပိုက်ဆံအပ်နိုင်ဖို့ပဲ စဉ်းစားနေရပါ တယ်။ တခါတလေတော့လည်း နောက်ဆုံးနှစ်စာမေးပွဲဖြေပြီးတဲ့ ညကမေမေနဲ့စကားပြောဖြစ်ကြတာကို ပြန်သတိရမိတယ်။
ကျွန်တော်က မေမေ့ကို ဦးလေး (မေမေ့ရဲ့မောင်) ရှိတဲ့မြို့လေးမှာ အလုပ်သွားလုပ်ချင်တယ်လို့ပြောလိုက်တော့ ခါးခါး သီး သီး ကန့်ကွက်တယ်။ "နင့်ကိုပညာသင်ပေးထားတာ အဲဒီလိုလုပ်ရမှာစိုးလို့" တဲ့။ ကျွန်တော်ကတော့ အဲဒီအချိန်မှာ မေမေ့ကို ဘာမှစောဒကမတက်ခဲ့ပါဘူး။ ကိုယ်တိုင်ကလည်း ကျူရှင်သင်စားမယ်ဆိုပြီး စိတ်ကူးရှိသေးတာကိုး။ ဦးလေးတို့ဆီမှာက နယ်စပ်မြို့လေးဆိုတော့ အခုအချိန်အထိ ဝင်ငွေမဆိုးကြသေးဘူး။ အဓိကကတော့ ဒီဖက်ကပစ္စည်းတွေကို ဟိုဖက်ပို့ကြ တာပါ။ ကျွဲတွေ၊ နွားတွေကအစ ကျောက်စိမ်းအထိပေါ့။ ကျွန်တော်အလည်တစ်ခေါက်ရောက်ဖူးပါတယ်။ ကျွန်တော့်အရွယ်လူငယ်တွေဆို လက်ဖျားငွေသီးနေကြတယ်။ တစ်ခုတော့ ပြောစရာရှိတာပေါ့။ သူတို့အားလုံးလိုလိုဟာ မူးယစ်ဆေးတစ်မျိုးမျိုးတော့ သုံးတတ်နေကြပြီ။ အလိမ်မာဆုံးဆိုတဲ့ကောင်ဟာ ဘီယာလောက်တော့ သောက်တတ်ပါတယ်။
အခုလည်း ကျောင်းတက်တုန်းက ဆိုင်ကယ်ဟောင်းလေးကို စီးလာရင်း အတွေးနယ်ကျွံလာမိတာ စုရပ်ကို ကျော်တော့မလို့။ ကျွန်တော်အခုလုပ်ရတဲ့ လုပ်ငန်းခွင်မှာတော့ ကျွန်တော်ကခေါင်းဆောင်ပေါ့။ ကျန်တဲ့သူတွေက ကျွန်တော့်လို ကျောင်းမပြီး ကြသေးဘူးလေ။ မေမေ့ကိုလည်း တခါတလေတော့ စောဒကတက်ချင်မိပါတယ်။ အခုအတူတူ အလုပ်လုပ်နေကြတဲ့ အထဲ ကညီတယောက်ဆိုရင် အဝေးသင်ဒုတိယနှစ်။ ဒါပေမဲ့ သူဆေးသုံးတတ် နေပြီ။ သူ့ကျတော့ မေမေဘယ်လိုပြောမလဲ။ နယ်စပ်လည်းမသွား၊ ဘယ်ကိုမှလည်းမသွား။ ဝေးဝေးလံလံဆိုလို့ ဘယ်မှမရောက်ပေမဲ့ အခုဆိုရင် မူးယစ်ဆေးက သူ့သွေး သားထဲစိမ့်နေပြီ။ အချိန်တန်ရင် သူ့သွေးသားက သူ့ကိုပြန်တောင်းနေပြီ။
မေမေက သိပ်ပြီးစိတ်ပူတတ်လို့သာ ကျွန်တော်မပြောပြဖြစ်ခဲ့တာပါ။ ကျွန်တော်တို့ ကျောင်းတက်နေတုန်းကလည်း အဲဒီအန္တ ရာယ်ကြီးကို ကြည့်ရှောင်ခဲ့ရတာပါပဲ။ ကျောင်းဝင်းထဲတင်မကဘဲ စာသင်ခန်းထဲထိ ဝင်လာတဲ့အကြိမ်တွေ အများကြီးပေါ့။ သူငယ်ချင်းတချို့ဆိုရင် အကြောင်းအမျိုးမျိုးနဲ့ ဆေးရောင်းသူတွေဖြစ်သွားဖူးကြတယ်။ ပြောရမယ်ဆို အများကြီးပါ။ အိမ်မှာစီးပွားရေး အဆင်မပြေလို့ပါဆိုတဲ့ကောင်တွေပါသလို နောက်ဆုံးပေါ် ပစ္စည်း ကောင်းကောင်းလေးတွေ သုံးချင်တဲ့ကောင်တွေလည်း ပါကြပါတယ်။ ဆိုင်ကယ်ပေါ်က ကျွန်တော်ဆင်းပြီး စက်သတ်လိုက်ပေမယ့် အတွေးကိုဇက်သတ်လို့မရတတ်ဘူး။
စုရပ်ကိုရောက်ပြီဆိုရင် ကျွန်တော်တို့အားလုံးကို လိုက်ထရပ်တစင်းနဲ့တင်ပြီး မြို့လုံးပတ်လည်လှည့်တော့ တာပါပဲ။ ငယ်ဘ၀က မောင်ရင်လောင်း လှည့်သလိုတော့ ပျော်စရာမကောင်းဘူးပေါ့။ ဒါပေမဲ့ ပျော်နိုင်အောင်ကြိုးစားပါတယ်။
ခေါင်းဆောင်နေရာ ရထားတော့ ခေါင်းဆောင်ပီသအောင်ကြိုးစားပါတယ်။ ကျွန်တော်က အပြောနဲ့တင်မပြီးပဲ အလုပ်နဲ့ သက်သေပြမှ အောက်ကလူတွေနှစ်သက်ကြမှာလေ။ ကျွန်တော်က သူတို့ထက်စာရင် ပညာတတ်ကြီးတယောက်လေ။ အဝေးသင်တက်နေကြသူတွေကြားထဲမှာ ရူပဗေဒနဲ့ကျောင်းပြီးထားတယ်ဆိုတဲ့ အဆင့်ဟာ နည်းတာမှမဟုတ်တာ။
ကျွန်တော်ကိုးတန်းနှစ်က စာပေဟောပြောပွဲသွားနားထောင်ဖူးခဲ့တယ်။ ဆရာကြီးတယောက်ကတော့ ကျွန်တော်တို့လို ကျောင်းသားလူငယ်တွေကိုပဲ အဓိကထားပြီး ပြောပါတယ်။ ဆရာကြီးက ပညာသင်ယူခြင်းကိစ္စနဲ့ပတ်သက်ပြီးပြောခဲ့တာ ကျွန်တော်မှတ်မိနေသေးတယ်။
"ဘွဲ့ရတော့ ဘာလုပ်ရမှာလဲမမေးနဲ့ "တဲ့။ "ပညာဆိုတာတတ်အောင်သင်ရမယ်" တဲ့။ " သားသမီးဆိုတာ မိဘထက်တဆင့် မြင့်သွားမှ ဖြစ်မှာ၊ နို့မို့ဆိုရင်အကုန်မြေကြီးထဲ ရောက်ကုန်ကြမှာ" တဲ့။
ကျွန်တော်နဲ့အတူတူ ရူပဗေဒအဓိကနဲ့ ကျောင်းပြီးသွားပြီး အလုပ်ဝင်လုပ်နေကြတဲ့ သူငယ်ချင်းတွေကို တခါတရံတော့ သတိရမိပါတယ်။ တယောက်က လျှပ်စစ်ကုမ္ပဏီတခုမှာ အလုပ်သင်အနေနဲ့ဝင်ရင်း အိမ်မီးဆင်တဲ့နေရာမှာ ဝိုင်ယာလိုက်ရိုက်နေတယ်။ နောက်တယောက်ကတော့ ရတနာမြေတခုက ဘက်ဟိုးမောင်းတဲ့ဆီမှာ (helper) အကူလိုက်နေတယ်။ ကျွန်တော်တို့ဟာ ကျောင်းကပညာနဲ့တော့ အနီးစပ်ဆုံးအလုပ်အကိုင်ကို လုပ်နေကြရပါပြီ။ အဲတာအတွက်တော့ တွေးတတ်မယ်ဆို ဂုဏ်ယူစရာကြီး နေမှာပါ။ ဘယ်လောက်အားစိုက်ထုတ်ပါစေ၊ ရွေ့သွားမှ အလုပ်လို့ ခေါ်တယ်လို့ သိခဲ့ရတယ်။ ကျွန်တော်တို့ကို တင်ပြီးခေါ်လာတဲ့ လိုက်ထရပ်ကတော့ တနေ့လုံး ရွေ့နေတာပါပဲ။ ဂုဏ်ယူစရာပါ။
လှေကားပေါ်မှာနေရင်း အတွေးများနေတဲ့ ကျွန်တော့်စိတ်တွေကို ပြန်ပြန်ထိန်းနေရပါတယ်။ ဆောင်းတွင်းကြီးမှာတောင် အင်္ကျီတစ်ထည်လုံး ချွေးတွေရွှဲနေပြီ။ အပေါ်ကဆောင်းနေကလည်းအတော်ပူနေပြီ။ နဖူးကချွေးဟာ ခြေမထိမကပဲ အောက် ခြေသံမံတလင်းပေါ်ထိကျသွားတယ်။ ကျောင်းကသင်ပေးလိုက်တဲ့ ပညာရပ်နဲ့ စပ်ဆိုင်တဲ့သမာအာဇီဝအလုပ်ဆိုတော့ လည်း မောပေမယ့်ဂုဏ်ယူစရာပါ။
ကျွန်တော်ခေါင်းဆောင်တဲ့ အဖွဲ့ဟာ ဖုန်းဆိုင်တစ်ခုရဲ့ မျက်နှာစာအမြင့်ပိုင်းမှာ ကြော်ငြာတွေလိုက်ကပ်နေကြပါတယ်။နေ့ စား/လရှင်း ၀န်ထမ်းအဖြစ်နဲ့ ကျွန်တော်အလုပ်လုပ်နေတဲ့ ဆက်သွယ်ရေးကုမ္ပဏီက ကြော်ငြာလှလှလေးတွေဟာ ဝယ်ယူစားသုံးသူတွေကို မြူဆွယ်နေကြပြီ။
လှေကားပေါ်က သတိထားပြီးပြန်ဆင်းလိုက်တဲ့အချိန်မှာ ဆိုင်ထဲကသီချင်းသံကို သတိထားမိလိုက်ပါတယ်။ ကျွန်တော်ငယ်ဘဝထဲက ဦးလေးဆို ဆိုနေလို့ နားစွဲခဲ့ရတဲ့ သီချင်းလေးပေါ့။ အဆိုတော်စိုင်းထီးဆိုင်ရဲ့ ပလက်ဖောင်းမင်းသား သီချင်း။ 'ရုပ်ရှင်ကြည့်ပြီး ရူးချင်တယ်ဆိုလည်း ကပ်လက်စနဲ့ ကပ်အုံးပေါ့ ထရံထက်မှာ ရွှေမင်းသမီးဇာတ်ကားကြော်ငြာ...'။
ရူပဗေဒအဓိကနဲ့ ကျောင်းပြီးလာခဲ့ပေမဲ့ သီချင်းသံရဲ့ လှိုင်းအလျားကို ခန့်မှန်းနိုင်လောက်တဲ့ အသိတရားနဲ့ဉာဏ်ပညာကို ကျွန်တော်မရခဲ့ဘူးဆိုတာကိုတော့ ဝန်ခံပါရစေ။ ခဏလေးကြာရင်တော့ ကျွန်တော်တို့ကားလေးလည်း လမ်းမကြီးအတိုင်း ရွေ့လျားသွားရင်း သီချင်းသံနဲ့ ဝေးသွားရအုံးမှာပါ။
ကျော်ကျော် (မြရည်စမ်း)
၁၇ ဒီဇင်ဘာ၊ ၂၀၁၇
Comments