မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၁၁)

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၁၁)
(မိုးမခ) ဇန်နဝါရီ ၂၄၊ ၂ဝ၁၈
တောတွင်းပြန်ရခြင်းသည် ငြိမ်းချမ်းကိုကျောခိုင်းခြင်းလော


(၁)
ဤသမိုင်းဝင်ဓာတ်ပုံကို အမျိုးမျိုးအနက်ဖွင့် ထင်ကြေးပေး ပြောဆိုလာခဲ့ကြသည်မှာ ၅၂ နှစ်တိုင်ခဲ့ပြီ။ တော်လှန်ရေးကောင်စီ နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်သွားပြီးနောက် ဗကပ (ဗမာပြည်ကွန်မြူနစ်ပါတီ) ကိုယ်စားလှယ်အဖွဲ့ တောတွင်းသို့ ပြန် သွားကြသောပုံပါ။

စစ်အစိုးရကဖြန့်သောပုံမို့ ပထမတော့ သူတို့ပြန်ကြပြီဟု၊ နောက်တော့ ပြည်သူများကို ကျောခိုင်းပြီဟု တစတစနှင့်ငြိမ်းချမ်း ရေးကို ကျောခိုင်းသွားပြီဟု ပုံစာရေးသည်အထိ ဖြစ်ခဲ့ရသည်။ တောတွင်းက ဗကပ စေ့စပ်ဆွေးနွေး၍ မရသည့်အဆုံး တော တွင်းပြန်ကြခြင်းသည် ငြိမ်းချမ်းရေးကို ကျောခိုင်းခြင်းမည်သလော။

(၂)
စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးကို တကယ်လိုလားသည်ဆိုပါက မျက်နှာစုံညီ တွေ့ဆုံဆွေးနွေဖို့ ဗကပနှင့် အခြားလက် နက်ကိုင် အဖွဲ့အစည်းများ၏ တောင်းဆိုကမ်းလှမ်းချက်ကို တော်လှန်ရေးကောင်စီက လက်ခံပြီး၊ ကြိုတင်စည်းကမ်း သတ် မှတ်ချက်မျိုးမထားပဲ ဆွေးနွေးရန် သဘောတူလိုက်၏။

လာရောက်ဆွေးနွေးသော ကိုယ်စားလှယ်များ၏ လုံခြုံရေးကိုတာဝန်ယူပြီး၊ အကယ်၍ ဆွေးနွေးပွဲမအောင်မြင်သဖြင့် တော တွင်းပြန်လိုလျှင်လည်း သွားလိုရာဒေသအထိ လိုက်ပို့ပေးမည်၊ (၃) ရက်အတွင်း ဖမ်းဆီးခြင်း တိုက်ခိုက်ခြင်းမပြုပါဟု တော် လှန်ရေးကောင်စီက နိုင်ငံသို့ကြေညာ၏။

ပထစ၊  ဖဆပလ၊  ပမညတတို့က ကြိုဆိုလိုက်သည်။ ပြည်တွင်းစစ်ဒဏ်ခံနေရသော ပြည်သူတို့လည်း ငြိမ်းချမ်းရေးရတော့ မည်မို့ ဝမ်းသာအားတက်နေကြ၏။

(၃)
အလံနီသခင်စိုး၏ ကွန်မြူနစ်ပါတီ (ဗမာပြည်)၊ ရဲဘော်ဌေးခေါင်းဆောင်သော ဗကပကိုယ်စားလှယ်အဖွဲ့၊ မန်းဘဇံခေါင်း ဆောင်သော မဒညတ၊ မုဆိုးကောကစ ဟန်တာသာမွှေးခေါင်းဆောင်သော ကရင်တော်လှန်ရေးကောင်စီ Karen Revolutionary Council (KRC) စသည့် တောတွင်းအဖွဲ့အစည်း (၈) ခု ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်လာခဲ့ကြသည်။

ဤဆောင်းပါးရေးရခြင်း၏ ရည်ရွယ်ချက်က သမိုင်းဝင်ဓာတ်ပုံကိစ္စလောက်သာဖြစ်၍ ဗကပအဖွဲ့ကိုပဲ မီးမောင်းထိုးပြပါမည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရန် တရုတ်ပြည်ရောက်နေကြသော ဗိုလ်ဇေယျ၊ သခင်ဘသိန်းတင်၊ ရဲဘော်အောင်ကြီးတို့လည်း ရန်ကုန်ရောက်လာကာ ရဲဘော်ဌေးခေါင်းဆောင်သော ဗကပကိုယ်စားလှယ်အဖွဲ့နှင့် ပေါင်းမိကြလေပြီ။

၅ ခရိုင် လူထု ရန်ကုန်သို့ချီတက်ရင်း ငြိမ်းချမ်းရေးဆန္ဒပြပွဲဖြစ်သွား၏။

(၄)
၁၉၆၃ ခု၊ စက်တင်ဘာလ (၂) ရက်နေ့မှစ၍ တော်လှန်ရေးကောင်စီနှင့် ဗကပ (ဗမာပြည်ကွန်မြူနစ်ပါတီ) တို့ တရားဝင် စတင်ဆွေးနွေးသည်။ တော်လှန်ရေးကောင်စီဘက်မှ ဗိုလ်မှူးကြီးစောမြင့်၊ ဗိုလ်မှူးကြီးလှဟန်၊ ဒု ဗိုလ်မှူးကြီးသောင်းဒန်၊ ဒု ဗိုလ်မှူးကြီချစ်ခင်၊ သခင်တင်မြတို့ဦးဆောင်ပြီး၊ ဗကပကိုယ်စားလှယ်အဖွဲ့တွင် ရဲဘော်ဌေး၊ ရဲဘော်အောင်ကြီး၊ ရဲဘော်ဗိုလ် ဇေယျ၊ ရဲဘော်သက်တင်၊ ရဲဘောစိုးမောင်နှင့် ရဲဘော်ဗိုလ်ပုတို့ ပါဝင်၏။

စက်တင်ဘာလ (၈) ရက်နှင့် (၁၁) ရက်နေ့များတွင်လည်း ဆက်လက်ဆွေးနွေးကြသည်။

ဆွေးနွေးပွဲရပ်ထားသည့်အချိန်တွင် ဗကပ ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ရွှေတိဂုံစေတီပေါ်တက်၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်းအိမ်သို့သွား၊ သတင်းစာဆရာများနှင့်တွေ့ စသည့်လှုပ်ရှားမှုများကို စစ်အစိုးရ သတင်းစာများက ဓာတ်ပုံများနှင့် ဖော်ပြ၍ ပြည်သူလုထုလည်း သိကြရ၊ ဝမ်းသာကြရ၏။

တချိန်တည်းမှာပင် တော်လှန်ရေးကောင်စီနှင့် အခြားတောတွင်း လက်နက်ကိုင်အဖွဲ့အစည်းများ သီးခြားစီ ဆွေးနွေးလျက် ရှိသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် ပတ်သက်သည့် သဘောထား တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်း၏မိန့်ခွန်း မြန်မာ့အသံမှ ထုတ်လွှင့်၏။

ဗကပ နှင့် (၈) ကြိမ် ဆက်လက်ဆွေးနွေးသော်လည်း သဘောတူညီချက်မရချေ။ နိုဝင်ဘာလ (၁၄) ရက်နေ့တွင် ဗကပ (ဗမာပြည်ကွန်မြူနစ်ပါတီ) ၏သဘောထားစာ တော်လှန်ရေးကောင်စီသို့ပေးလိုက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ တရားဝင်ပျက် သွားပြီဖြစ်ကြောင်း တိုင်းပြည်သို့ကြေညာသည်။

(၅)
အလံနီသခင်စိုး၏ ကွန်မြူနစ်ပါတီ (ဗမာပြည်) နှင့်ဆွေးနွးပွဲ၊ အခြားတိုင်းရင်းသား ပါတီများနှင့် ဆွေးနွေးပွဲများလည်း ပျက် သွားပြီးနောက် တောတွင်းပါတီများနှင့်တွေ့ဆုံခဲ့ကြသော နိုင်ငံရေးသမားများ၊ သတင်းစာရာများ၊ စာရေးဆရာများအားဖမ်းဆီး ကာ ထောင်တွင်းသို့ပို့၏။

ဥပမာ၊ ဗိုလ်ဇေယျက သူ့သမီးနှင့်သွားတွေ့စဉ် ကောလိပ်ဂျင်နေဝင်း၏အိမ်၌ အတူနေသူ စာရေးဆရာ ဒဂုန်တာရာ၊ သခင်စိုးကြီးနှင့်တွေ့ဆုံသော အထောက်တော်လှအောင်၊ စိန်ခင်မောင်ရီ စသော သတင်းစာဆရာများ။ ၅ ခရိုင် ငြိမ်းချမ်းရေး ဆန္ဒပြချီတက်ပွဲ ဦးဆောင်သူများ၊ စည်ရုံးသူများ စသဖြင့်ဖမ်းဆီးရာ နိုင်ငံရေးအကျဉ်းသား (၁၂ဝဝ) အထိရှိဟု မှတ်တမ်းများ၌တွေ့ရသည်။

ကရင်တော်လှန်ရေးကောင်စီ Karen Revolutionary Council (KRC) နှင့်မူ ဆက်လက်ဆွေးနွေးပြီး သဘောတူညီချက် ရရှိလိုက်၏။ (KRC) ၏ တောင်းဆိုချက်အရ ကရင်ပြည်နယ်ကို ကော်သူးလေပြည်နယ်ဟု ပြောင်းလဲခေါ်ဆိုရန် တော်လှန် ရေးကောင်စီက သဘောတူသည်။ ကြေညာချက်အမိန့်ထုတ်ပြန်၍ ၁၉၆၄ ခု၊ ဧပြီလ (၃) ရက်နေ့ကစ၍ ခေါ်ဝေါ်သုံးစွဲကြ ရသည်။ ကရင်တော်လှန်ရေးကောင်စီ (KRC) ခေါင်းဆောင် စောဟန်တာသာမွှေးကိုလည်း ပညာရေးဌာ အထူးအရာရှိ အဖြစ်ခန့်ထားပေးလိုက်သည်။

(၆)
သိပ်မကြာလိုက်ပါ၊ ကော်သူးလေပြည်နယ်လည်း နာမည်ဟောင်း ကရင်ပြည်နယ် ပြန်ဖြစ်သွား၏။ ပညာရေးဌာ အထူးအရာရှိ စောဟန်တာသာမွှေးလည်း ဘယ်ရောက်သွားသည်မသိ ပျောက်သွား၏။ လွန်ခဲ့သောနှစ် (၅ဝ) ကျော်က ပြည်တွင်းငြိမ်း ချမ်းရေး ဆွေးနွေးပွဲကျင်းပစဉ် စာရေးသူသည် မြန်မာ့အသံ၌ အမှုထမ်းနေပြီး ဗိုလ်တထောင်သတင်းစာတွင်လည်း ဆောင်း ပါးများ ရေးနေသူပါ။

နေ့စွဲနှင့်လူနာမည်များကိုမူ လက်လှမ်းမီသလောက် အကိုးအကား အထောက်အထား ရှာဖွေရပါ၏။ ယနေ့မြန်မာပြည်က အခြေအနေနှင့် ယှဉ်ပြီးစဉ်းစားကြဖို့ ရည်ရွယ်ရေးသားခြင်းပါ။ ယနေ့ စနေနေ့ဆိုပါစို့၊ မနေ့က သောကြာနေ့ဆိုသည် မရေ မရာ၊ မနက်ဖြန် တနင်္ဂနွေနေ့ဆိုသည်ကလည်း မသေမချာ ဖြစ်နေကြသမို့ ရေးရကျိုးနပ်ပါ့မလားဟု တွေးမိပါသည်။

ထို့ပြင် မနေ့တနေ့က အထင်အရှားရှိနေခဲ့သည်ကို မရှိခဲ့ပါဟု ငြင်းလိုငြင်း၊ မရှိခဲ့သည်ကိုလည်း ရှိခဲ့သည်ဟု ဆိုချင်ဆိုနှင့် လို သလိုပြောဆိုရေးသားနေခြင်းကို သမိုင်းဟုခေါ်နေကြသကိုး။ ဤဆောင်းပါးပါဓာတ်ပုံကို သမိုင်းဝင်ဟု သုံးသာသုံးရ ဘဝင် သိပ်မကျလှ။

မြန်မာ့လွတ်လပ်ရေးတိုက်ပွဲ၌ အဓိကနေရာက ပါဝင်ခဲ့သော ဗကပသည် တော်လှန်ရေးကောင်စီက (KRC) အပေါ် လုပ်သလို အလုပ်ခံနိုင်ပါမည်လား၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်သွားမှတော့ ဗကပကိုယ်စားလှယ်အဖွဲ့ ထောင်ထဲဝင်မည်လော၊ တော တွင်းပြန်မည်လော စဖတ်သူများ စဉ်းစားကြည့်ကြပါ။

နောက်ကျောကနေ ရိုက်ပြီး ငြိမ်းချမ်းရေးကိုကျောခိုင်းသွားပြီဟုဆိုခြင်းကို လက်ခံမခံ။ မိမိဘာသာ ချင့်ချိန်ဆုံးဖြတ်ရန် ချန် ထားလိုက်ပါမည်။

၂ဝ၁၈ ခု၊ ဇန်နဝါရီလ (၂၄) ရက်နေ့။

Comments