မှိုင်းဝေ ● မြို့


မှိုင်းဝေ ● မြို့
(မိုးမခ) ဇန်နဝါရီ ၂၃၊ ၂၀၁၈

ဖိန်းတိမ်း ရှိန်းတိမ်း သွေးခုန်နှုန်းနဲ့
ဓားသွားပေါ်တလိမ့်လိမ့် ပြေးတတ်လာတဲ့  မြို့။

ဂုံးကျော်တံတားတွေ ကားတွေထမ်းပြီး
ဇောချွေးတွေ တကိုယ်လုံးပေါက်နေတဲ့ မြို့။

အပျိုဖော်ဝင်လာလို့ ဂါဝန်ရှည်ဝတ်
ပြီး ကုန်ဈေးနှုန်းတွေ  ယွစိယွစိ
ငတ်မွတ်ခေါင်းပါးခြင်း သီးနေတဲ့ မြို့။

လွတ်လပ်ခြင်းတွေ
ဓမ္မတာမလာပဲ ဆေးမြီးတိုနဲ့ ကုရင်း
ကြီးကောင်ဝင်လာတဲ့ သွေးနု သားနု မြို့။

လိင်လိုဘမပြည့်လို့  ကိုယ့်အမြှီး ကိုယ်ပြန်မြို
အသာရမ္မက်ဖြေတယ်ပြောရင်း
စိတ်ကြောင်သွားတဲ့ မြို့။

မကြာခဏ
စိတ်ရောဂါတွေ ထထဖောက်
လမ်းဆုံး လမ်းခွပေါ် ထိုင်ထိုင်ငို
မျက်ရည်စက်ရုံလို့ အမြင်မှားခံရတဲ့
ကဗျာဆရာတွေ အကြွေစောတဲ့ မြို့။

ခေတ်မကောင်းလို့ ရူးချင်ယောင်ဆောင်ရင်း
ထမင်းလွတ် ပာင်းလွတ် တကယ်ရူးသွားတဲ့
ချစ်ဖူးသူတွေရဲ့ ဇာတ်နာဖူးတဲ့ မြို့။

တနေ့ အရွယ်ရောက်လာတဲ့အခါ
သမ္မတကြီးလုပ်ဖို့ မအိုဆေးစားပြီး
အမှောင်မှာ လက်ယပ်ခေါ်နေတယ်
သွားတော့ မလုပ်နဲ့  မြို့။

မထင်ရင် မထင်သလို အော်အော်ဆဲ
အမှန်တွေ ထွက်ထွက်လာလို့
ရွာအပြင်ထုတ်ခံထားရတဲ့ လူမွှေး သူမွှေး
မပေါက်သေးပဲ လူပြော သူပြော များတဲ့ မြို့။

ဒီမိုကရေစီ အော်အော်ခေါ်ရင်း ကျည်ဆံပိပြီး
ရုပ်ပျက် ဆင်းပျက် ပျံလွန်တော်မူသွားလို့
ယဉ်ကျေးမူတွေ သွေးစုန်းနေတဲ့ မြို့။

မြို့တော့ မြို့ပဲ
မင်းကို သတိရတဲ့အခါ
ကဗျာတွေ ထွက်ထွက်လာတဲ့ မြို့။

မှိုင်းဝေ
0