စ်န္ခ ● လမ်းမပေါ်က ဘဝများ
(မိုးမခ) ဇန်နဝါရီ ၂၊ ၂၀၁၇
(မိုးမခ) ဇန်နဝါရီ ၂၊ ၂၀၁၇
နေခြည်ပွင့်လာတာနဲ့ အိမ်တံခါးကို ဆွဲဖွင့်ပြီး ဝမ်းရေးအတွက် ပျားပန်းခက်နေအောင် လမ်းမပေါ်မှာ ရှင်သန်မှုကောက်ကြောင်း တွေ ပြည့်နှက်နေပြီ။ တနေ့တာ ရှေ့ရေးဆိုသော်လည်း လှုပ်ရှားမှုပင်လယ်ပြင်မှာ မနားတမ်းကူးခတ်ရဦးမည်။ စာကလေး တွေလို အသံတကြော်ကြော်နဲ့ ဆေးလိပ်ကွမ်းယာရောင်းတဲ့သူတွေလည်း မူပိုင်ခွင့်ယူထားတဲ့အသံလေးတွေနဲ့ ကားကြို ကားကြားမှာ အသက်ဝင်နေကြသည်။ ခုံပေါ်မှာထိုင်နေရင်း ဖုန်းပွတ်နေတဲ့ ဆိုင်ကယ်ကယ်ရီသမားတွေလည်း ပူနေတဲ့ နေရောင်ခြည်ကို လရောင်အမှတ်ထားပြီး အမြန်သွားလိုသူတွေအတွက် ဆိုင်ကယ်ဦးခေါင်းကို လမ်းသွားလမ်းလာတွေ ဘက်သို့ဦးတည်ပြီး ကျောက်ချထားကြသည်။ ကိုယ့်ဇောနဲ့ကို မောနေကြတဲ့သူတွေဆိုတော့ ဘယ်သူက ဘယ်လို အော်ခေါ် နေသော်လည်း တောခြောက်သံလို မကြားတကြားသာ ကြားနေရသည်။ သမုဒ္ဒရာ ဝမ်းတထွာဆိုတာ ပေတံနဲ့တိုင်းလို့ရတဲ့ အမှုကိစ္စမဟုတ်တော့ စီးရေတွေ ဘယ်လောက်ဝင်လာလာ ပါးစပ်ဝမ်းမီးက ခြေဖျက်ပေးတာ မြန်လွန်းတော့ စီးဝင်လာသမျှ ရေတွေလည်း ခန်းခြောက်နေရသည်။ ဈေးဦးမပေါက်သေးတော့ သတိပေးခေါင်းလောင်သံနဲ့ တကြုတ်ကြုတ်မြည်ပြနေတဲ့ အစာအိမ်ကိုလည်း လက်နဲ့ပွတ်သပ်ပြီး အမေက သားကို တေးချော့သိပ်သလို ချော့သိပ်ထားရသည်။
မြစ်ပြင်ကျယ်မှာ အစာရှာနေတဲ့ ဇင်ယော်ငှက်တွေလို သူသူငါငါ လမ်းမပေါ်မှာ ဥဒဟိုသွားလာနေတဲ့ ဝမ်းရေးပြဇာတ်သည် တွေနဲ့ ပြည့်နေသည်။ ကလေးတယောက်ကို ရင်ခွင်ပိုက်ပြီး ပိုက်ဆံလိုက်တောင်းနေတဲ့ အမျိုးသမီးတယောက်လည်း လက်ဝါးဖြန့်ပြီး ကူးခတ်နေသည်။ အိမ်ကနေ မောင်းထုတ်ခံလိုက်ရသလို လမ်းမကြီးပေါ်ကို ပန်းချီရေးပြနေသည့် အဝတ် အစားတွေက အရောင်စုံလှသည်။ သူ့ထက်ငါဆိုသလို ခန္ဓာကိုယ်ကို အလှဆင်လာကြသည်မှာ အလုပ်ကိုသွားတာနှင့် မတူ လောက်အောင် မနက်ခင်းဧည့်ဝတ်ကို ကျေပွန်စွာထမ်းဆောင်နေကြသည်။ အလုပ်ကို မရောက်သေးတော့ ညောင်းနေတဲ့ ခြေအစုံကိုလည်း ငုံ့ကြည့်ဖို့ အချိန်မပေးနိုင်၊ မျက်စိပွင့်လာတာနဲ့ ကိုယ့်ဘဝကို မျက်ခြေမပြတ်အောင် ခြေရာခံလိုက်နေရသည်။ ဘဝတစ်ခုရလာတော့ လမ်းကြောင်းတစ်ခုရှိလာကြသည်။ အသွားလမ်းပေါ်ကို ရောက်နေကြသလို အပြန်လမ်းခရီးပေါ်ရောက်နေတဲ့သူတွေလည်း လမ်းမပေါ်ကြီးမှာပဲ ခြားရဟတ်ပမာ လှည့်လည်နေကြရသည်။ လူ့သက်တမ်း ခုနှစ်ဆယ့်ငါးနှစ်မှာ အသက်လေးဆယ်ကျော်လာရင် တောင်ပေါ်ကနေ အောက်သို့ဆင်းသွားရသည့် တောင်းဆင်းသမားတယောက်လို ကိုယ်ခံ အားတွေ စွမ်းအားတွေ အသိဉာဏ်တွေ မှတ်ဉာဏ်တွေလည်း အနိမ့်ဘက်အောက်သို့ ဦးတည်ပြီး ထိုးဆင်းနေကြရသည်။ မဆင်းလို့လည်း မရတော့ပေ။ မွေးကင်းစအရွယ်ကနေ အသက်လေးဆယ်ထိ တဟုန်ထိုး ထိုးတက်လာတဲ့ လေဟုန်စီးမှု အရှိန်သည် မိုင်တိုင်လေးဆယ်လောက်ခုတ်မောင်းလာသောအခါ မသိမသာစွာ အားအင်တွေ ယုတ်လျော့သွားရသည်။
လမ်းမကြီးပေါ်မှာ အပျော်အပါးတွေရှိသည်။ အဖြစ်အပျက်တွေရှိသည်။ ရှေ့ရေးအတွက် လုံးပန်းနေကြတဲ့ ဆောင်းခိုငှက် တွေလို လူတွေရှိသည်။ လောကချမ်းသာနဲ့ ဘဝချမ်းသာကို မခွဲခြားတတ်ဘဲ လမ်းမကြီးပေါ်မှာ သောင်တင်နေတဲ့သူတွေ ရှိကြသည်။ လမ်းမကြီးကတော့ ဘယ်သူ့အတွက်မဆို လိုအပ်သလိုအသုံးပြုဖို့ သူ့ကျောပြင်ကြီးတခုလုံးကို ခင်းပေးထား သည်။ လမ်းလျှောက်တတ်တဲ့သူတွေနဲ့ လမ်းမလျှောက်တတ်တဲ့သူတွေအတွက်တော့ လမ်းမကြီးက မျက်နှာလိုက်သည်ဟု ထင်ကောင်းထင်ကြမည်။ သတိမမူ ဂူမမြင်ဆိုသလို လမ်းသွားရင်း ဖုန်းပွတ်နေတဲ့သူတွေမှာ ကားအက်ဆီးဒင့်ဖြစ်တဲ့ သတင်းများ မကြာခဏ ကြားနေရသည်။ ငုံ့ကြည့်လာတဲ့ ဖန်သားပြင်က ပျော်ရွှင်စရာဖြစ်သွားတဲ့အခါရှိသလို ဝမ်းနည်းကြေ ကွဲရာသတင်းတွေအဖြစ်လည်း သယ်ဆောင်လာတတ်သည်မှာ ဆိုရိုးစကားတခုလိုဖြစ်နေသည်။ တချို့လမ်းတွေမှာ အနိမ့် အမြင့်တွေရှိသည်။ တချို့လမ်းတွေမှာ အတက်အဆင်းတွေရှိသည်။ တချို့လမ်းတွေမှာ လိုအပ်တဲ့အတွက် စလိုးဒေါင်း (Slow Down) တွေ ရှိသည်။ အနိမ့်အမြင့်ရှိတဲ့နေရာကို အနိမ့်အမြင့်အတိုင်း လျောက်လှမ်းတတ်မှ အစစအရာရာအဆင်ပြေ နိုင်သည်။ ပေါင်းသင်းဆက်ဆံရေးတွေ ချောမွေ့နိုင်သည်။ ကိုယ့်ထက်နိမ့်တဲ့ဘဝလေးတွေနဲ့ တွေ့ကြုံရတဲ့အခါ စာနာမှု၊ ကြင်နာမှု၊ ဖေးမမှုတွေဖြင့် ခွန်းတုံ့ပြန်ပေးလျင် သွားလမ်းလာလမ်းကို အဆင်ပြေစွာ လျောက်လှမ်းနိုင်သည်။ ကိုယ့်ထက်မြင့် တဲ့ဘဝတွေနဲ့အတူ လှော်ခတ်ရတဲ့အခါမှာတော့ ဂါရဝတရား၊ နိဝါတတရားတွေကို လူနဲ့လက်နက် ခွဲခြားနေလို့မရတဲ့ ရှေ့ တန်းစစ်မြေပြင်ရောက် စစ်သားတစ်ယောက်လို ကျင့်သုံးပေးလျှင် လမ်းမကြီးပေါ်မှာ သူရော ကိုယ်ရော လျှောက်လို့ အဆင် ပြေနေမည်။ လမ်းလျှောက်လျင် အောက်ကနေအပေါ်သို့တက်သွားတဲ့အခါ ဂရုစိုက်ရသည်။ အထက်ရောက်သွားရင် အောက်ကိုပြန်ကြည့်စိတ်များ ပျောက်သွားတတ်သည်မှာ လောကထုံးတမ်းတစ်ခုလို ဖြစ်နေသည်။ ဘဝမေ့နိုင်သည့် အက္ခရာများကို လမ်းပေါ်တွင် မင်ဖျက်နဲ့ ဆေးခြယ်ပေးလိုက်ခြင်းသည်သာ အကောင်းဆုံးသင်ယူနည်းတခုဖြစ်သည်။
လမ်းအမျိုးမျိုးရှိသလို လူအမျိုးမျိုးရှိသည်။ လမ်းကျဉ်းလေးထဲ လျောက်နေတဲ့သူတွေရှိသလို ခြောက်လမ်းသွားလို လမ်းမ ကြီးပေါ်၊ ရှစ်လမ်းသွားလို လမ်းမကြီးပေါ်ကိုလျောက်လှမ်းနေတဲ့သူတွေရှိသည်။ လမ်းကျဉ်းတဲ့အခါ ကြည့်စရာရှားတော့ မြင်ကွင်းလည်းကျဉ်းသွားသည်။ မြင်ကွင်းကျဉ်းတော့ စာမဖတ်တဲ့လူတယောက်လို အမြင်ကျဉ်းသွားသည်။ အမြင်ကျဉ်း သွားလျင် ချဲ့ထွင်တွေးတောမှုများ၊ စာနာထောက်ထားမှုများ၊ နှစ်ဘက်အမြင်များလည်း ရေပေါ်အရုပ်ရေးပြသလို ပျောက်ဆုံး သွားရသည်။ အလွယ်လျောက်မိတဲ့လမ်းသည် အပျက်မြန်သည်။ အဖြစ်မြန်လျင် အပျက်မြန်သည့်သဘောကို တိရိစ္ဆာန်လော ကနှင့်ယှဉ်ကြည့်လျင် ပိုသိနိုင်သည်။ ခြင်သတ္တဝါလေးတွေသည် အဖြစ်မြန်သည်။ အဖြစ်မြန်တော့ သက်တမ်းမရှည်ဘဲ အပျက်မြန်ပေးရသည်။ ဆင်သတ္တဝါကြီးတွေ အဖြစ်နှေးကွေးသည်။ အဖြစ်နှေးကွေးတော့ အပျက်နှေးကွေးပေးရသည်။ဘဝတစ်ခုနဲ့တစ်ခုကို ထိပ်ချင်းစပ်ပေးထားသည့် သဘောပင်၊ သံသရာလမ်းမကြီးပေါ်လျောက်လှမ်းနေရခြင်းသည် ဘဝလမ်းမ ကြီးပေါ်လျှောက်လှမ်းရသည်ထက် ပို၍ခက်ခဲကြမ်းတမ်းသည်။ ဒီဘဝ ဒီခရီး ဒီလိုအဖြစ်မျိုးနဲ့လျောက်ရပေမယ့် နောက်ဘဝ နောက်ခရီးက ဘယ်ခြေလှမ်းနဲ့ စတင်ရမည်မသိကြ၊ သံသရာဥပဒေရေးဆွဲပေးသည့်တိုင်း လျှောက်လှမ်းကြရမည်ဖြစ်သည်။
လမ်းမကြီးပေါ်မှာ အချစ်နဲ့လည်းတွေ့နိုင်သည်။ အမုန်းနဲ့လည်း ရင်ဆိုင်ရနိုင်သည်။ အချစ်နဲ့တွေ့တဲ့အခါ နွားစားကျက်မှာ နွားကို ကြိုးရှည်ရှည်နဲ့ လှန်ထားသလို ချစ်ခြင်းမေတ္တာကိုလည်း ကြိုးရှည်ရှည်နဲ့လှန်ထားနိုင်မှ သင့်တော်သည်။ သွားကြရမည့် လမ်းခရီးက အရှည်ကြီးဆိုတော့ အမုန်းတရားတွေကိုပစ်သတ်ပြီး တစ်ဦးနဲ့တစ်ဦး ချစ်မေတ္တာတွေ ခွံ့ကျွေးနိုင်မှ လျှောက် နေတဲ့လမ်းဟာ သာယာလှပနေမည်ဖြစ်သည်။ တလမ်းသွားခရီးသည် ဖြောင့်ဖြူး၍ သွားရလာရအဆင်ပြေသော်လည်း တစ်ဖက်သက်အမြင်ရှိတဲ့လူအတွက်တော့ လမ်းမကြီးသည် အမြဲတစေကျဉ်းမြောင်းနေပေလိမ့်မည်။ ရနံ့ထုံနဲ့ပန်းပွင့်လေး တွေပေါ် အချိုကြိုက်တဲ့ ပျားပိတုန်းတွေ ဝဲအုံလာသလို သာယာသောခရီးကို လူတိုင်းလျှောက်ချင်ကြသည်။ ကိုယ်လျှောက် မည့်လမ်းခရီးကို ကိုယ်တိုင်ဖြောင့်အောင် မျဉ်းကြောင်းဆွဲနိုင်မှ ခရီးကြမ်း၏ သွေဖယ်မှုကို ရနိုင်သည်။ အမြဲထာဝရအေးချမ်းနိုင်သည့်လမ်းခရီးဆိုသည်ကား နိဗ္ဗာန်လမ်းကိုလျှောက်ရသလို အလှမ်းကွာဝေးလွန်းလှသည်။ သို့သော်လည်း ကြမ်းနေသည့် ခရီးလမ်းကို ချော့မွေ့အောင် ပြုပြင်ရမည်က ကိုယ်တိုင်သွေးယူရမည့် ဓါးတလက်ပင်ဖြစ်သည်။ သွေးထားသောဓါးထက်လေ လမ်းခရီးတစ်လျောက်ခုတ်ထွင်ရမည့် ဆူးငြောင့်ခလုတ်ကသင်းတွေကို ဖယ်ရှားတာ လွယ်လေဖြစ်သည်။ အဆင်ပြေမှု ဆုံမှတ်ကို မရောက်သေးသမျှ ရင်ဆိုင်ဖြေရှင်းရမယ့် အခက်အခဲပေါင်းများစွာကို ကူးခတ်ကျော်လွှားနေကြရသည်။
အဆင်မြေမှုဆုံမှတ်သည် လမ်းသွားရင်း ခလုတ်တိုက်မိသလို အလွယ်တကူကောက်ရတတ်သည်တော့မဟုတ်။ လမ်းမကြီး ကျယ်ရင် ကျယ်သလို သတိ ဝိရိယ ဉာဏ်အမြော်အမြင်များ ကူညီထောက်ပံ့ပေးဖို့လိုအပ်သည်။ အသိ အလိမ္မာ ဉာဏ်ပညာအထောက်အကူပစ္စည်းများဆိုသည်မှာ သိန်းစွန်တစ်ကောင်ကဲ့သို မျက်စိဖွင့်ထားခြင်း၊ နားစွင့်ထားခြင်းများပင်ဖြစ်သည်။ သိန်းစွန်ငှက်တို့သည် ဖမ်းမိထားသည့် သားကောင်ကို အလွယ်တကူနဲ့ အလွတ်မပေးသလို ရှာဖွေစုဆောင်းထားသော ပစ္စည်းဥစ္စာများကို အလွယ်တကူနဲ့ အလဲထိုးပစ်လို့မဖြစ်ပေ။ လျောက်ရမည့်လမ်းက ကြိုးကြာငှက်တွေ လျောက်နေသည့် လမ်းလို ခရီးရှည်ကြီးကျန်သေးသည်။ သူသူ ငါငါ အဆင်ပြေမှုဆုံမှတ်ကိုရောက်ဖို့ မနက်မှနေ့လည်ထိ လျှောက်ကြရသည်။ နေ့လည်မှ ညနေထိ လျှောက်ကြရသည်။ ညနေမှမိုးချုပ်ထိ လျှောက်ကြရပြန်သည်။ လမ်းလျှောက်ရင်း ပြေးလမ်းပေါ်မှာ ရှင်သန်လှုပ်ရှားနေကြရတော့သည်။
ဈာန်ခ
Comments