ဇာဂနာ - မိတ်ဆက်ပေးဖို့မလိုတဲ့ ဧည့်သည် ... အိုဘားမားနဲ့


ဇာဂနာ - မိတ်ဆက်ပေးဖို့မလိုတဲ့ ဧည့်သည် ... အိုဘားမားနဲ့ 
(မိုးမခ) ဇန်န၀ါရီ ၁၆၊ ၂၀၁၈


ဒါဟာ ရုပ်ရှင်လား လို့ ဆိုရင် ဟင့်အင်း လို့ပဲ ဖြေပါမယ်။ဒါပေမဲ့ ရသ ကိုးပါး တွေ့ရ ခံစား ရပါမယ်။ ရီရမယ်၊ငိုရမယ်၊ဒေါသထွက်ရမယ်၊ချစ်ရမယ် ။

ဒါ ဆို စီးရိစ်း လား လို့ မေးပြန်ရင် ဟင့်အင်းလို့ ပြောပါမယ်။ဒါပေမဲ့ တစ်ထောင့်တစ်ညပုံပြင်ထက် ရှည်လျားမယ်။နောက်ထပ်နှစ်တစ်ရာ ကြာနိုင်တယ်။ နှစ်ပေါင်းတစ်ရာ လဲ နောက်ပြန်ဆုတ်သွား နိုင်ပါတယ်။

Netflix. ကနေ ၂၀၁၈ ခုနစ် ရဲ့အစ မှာ အစီ အစဉ် တစ်ခု အသစ် စလွှင့်ပါတယ်။ကမ္ဘာကျော် အစီအစဉ်တင်ဆက်သူ လူရွှင်တော်ဒေးဗစ်လက်တာမင်း ရဲ့ “မိတ်ဆက် ပေးဖို့မလိုတဲ့ ဧည့်သည်” (အစီအစဉ်) ပါ။

အသက် ခုနှစ်ဆယ်ကျော် နေ တဲ့ လက်တာမင် ဟာ အနားယူနေရာကနေ ပြန်ထွက်လာတာပါ။သူုရဲ့ ဧည့်သည် ကတော့ ဘားရက် အိုဘာမား ပေါ့။ လတ်လတ်ဆတ်ဆတ် သမ္မတ ဘဝကနေ ရပ်နားခဲ့သူပါ။

ပရိသတ်တွေရဲ့ရှေ့မှာ လက်တာမင်က အိုဘာမား ကို မေးလိုက်တယ်။

သမ္မတ မဟုတ်တော့တဲ့နောက်တစ်နေ့မနက် အိပ်ယာထ တဲ့အခါ မင်း ဘယ်လိုခံစားရသလဲ တဲ့။

အိုဘာမား ရဲ့အဖြေကို ပရိသတ်တွေ ငြိမ်ဆိတ်လို့နားစွင့်နေတယ်။ကျွန်တော်လေ ထို့နည်းလည်းကောင်း။

ပြီးတဲ့နောက် အိုဘာမား ရဲ့ သမီးနှစ်ယောက် အကြောင်းပေါ့။ နောက်တော့ ...

အမေရိကန်သမိုင်းဆီ ကျွန်တော် တို့ကိုခေါ်သွားတယ်။၁၉၆၅ခုနှစ်မတ်ခ်ျလက ဖြစ်ပျက်ခဲ့တဲ့ selma အရေးအခင်း။ဒီတုန်းက ကိုယ်တိုင်ပါခဲ့တဲ့ ဂျွန်လူးဝစ် ဆိုသူ အမတ်မင်း နဲ့လဲ လက်တာမင်း က စကားသွားပြောခဲ့ပါသေးတယ်။Selma အရေးအခင်းမှာ အက်ဒ်မွန် တံတားကို ကျော်ဖြတ်ခဲ့တဲ့ ဂျွန်လူးဝစ် က အခုတော့အသက်ရှစ်ဆယ်ကျော်နေပါပြီ။

အက်ဒ်မွန် တံတားပေါ် ဖြတ်လျောက်ရင်း ကျွန်တော် တို့ ဒီအနားမှာ ရိုက်ခံခဲ့ရတယ်။ဒီအနားမှာ ဖမ်းခံခဲ့ရတယ် လို့ လက်တာမင် ကို လိုက်ပြတယ်။ ဂျွန်လူးဝစ် ရဲ့ စကားတစ်ခွန်းက ကျွန်တော့ ရင်ကို ကိုင်လှုပ်လိုက်တယ်။

ဟောဒီတံတား ၊ ဒီ တံတားပေါ့
အိုဘာမား ကို သမ္မတ ဖြစ်စေခဲ့တာ တဲ့။

ဟုတ်တယ်။ အိုဘာမားကလဲ လက်ခံတယ်။

တကယ်လို့ Selma အရေးအခင်းတုန်းက ဂျွန်လူးဝစ် တို့ အဖမ်းမခံ ခဲ့ရရင်၊ ဒေါက်တာမာတင်လူသာကင်းတို့ အသတ်မခံခဲ့ရရင် လူမည်းတွေ မဲပေးဖို့ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ပါဘူး။အိုဘာမား လဲ အိမ်ဖြူတော် ဘယ်တော့မှ ရောက်လာခဲ့မှာ မဟုတ်ပါဘူး။

သူတို့လိုပဲ၊မြန်မာပြည်မှာ ၈၈ အရေးတော်ပုံကြီး မပေါ်ပေါက်ခဲ့ရင် နေပြည်တော်လဲ ရှိလာမှာမဟုတ်ပါဘူး။ပင်နီအစိုးရလဲ ပေါ်လာမယ် မဟုတ်ပါဘူး။

တကယ်လို့များ အခွင့်ရခဲ့ရင်
ဦးသန်းရွှေ၊ဦးသိန်းစိန် တို့နဲ့ MRTV ကနေ လက်တာမင်း လို အစီအစဉ်လေးကြည့်လိုက်ချင်ပါသေးတယ်။
အခွင့်ရခဲ့ရင်ပေါ့။

သေချာတာကတော့ အပတ်စဉ် လက်တာမင်း ရဲ့ အစီအစဉ်ကို Netflix ကနေ စောင့်ကြည့်ရပါတော့မယ်။
(တစ်ခါ တုန်းက ဦးနေဝင်း နဲ့ အင်တာဗျူးဖို့ ကြိုးစားခဲ့ ကြတဲ့ ဦးကျော်ဟိန်း နဲ့ ဦးမီးပွားတို့ကို အမှတ်ရလိုက်မိပါရဲ့)

(သူ့ဖေ့စ်ဘွတ်ကနေ ကူးယူဖော်ပြပါတယ်။ ဇန်န၀ါရီလ ၁၅ ရက်ဟာ အမေရိကားက မာတင်လူသာကင်း ဂျူနီယာ ရဲ့ မွေးနေ့ အထိမ်းအမှတ်နေ့ဖြစ်ပါတယ်။ လူမည်းတွေနဲ့ နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေး၊ မဲပေးခွင့်ရရေးအတွက် Civil Rights Movements အတွက် အရေးပါတဲ့ အာဇာနည်နေ့ တနေ့ ဖြစ်ပါတယ်)


Comments