ဂါမဏိ - ယနေ့ ကရင်အမျိုးသားတို့ရဲ့ အဆင့်မြင့်ပညာရေးအခြေအနေ (အပိုင်း ၁)
(မိုးမခ) ဇန်န၀ါရီ ၂၈၊ ၂၀၁၈
ကရင်တိုင်းရင်းသားတွေဟာ ဗမာပြည်ပဒေသရာဇ်ခေတ်မှာ အရိုင်းအစိုင်းတွေအဖြစ်သတ်မှတ်ခံရပြီး ပညာရေး ကျန်းမာရေး လူမှုရေး စီးပွားရေး ဘာသာရေးတွေမှာ ပစ်ပယ်ခံခဲ့ရတယ်။ သာသနာမပြုအပ်၊ တရားမရနိုင်တဲ့ ရပ်ပြစ်ရှစ်ပါးထဲက ပစ္စန္တရာဇ်သား တောလူရိုင်းအဖြစ်တောင် သတ်မှတ်ခံရတယ်။ အဲဒီအခြေအနေက ဖောက် ထွက်ဖို့ ပထမဆုံးကြိုးပမ်းခဲ့သူက ဖူးတာမိုက်ဖြစ်ပြီး ၁၇၃၈ ခုမှာ အင်းဝနေပြည်တော်သွား၊ ဗုဒ္ဓကျမ်းစာတွေ မရ ရအောင်သင်ယူခဲ့လို့ ပထမဆုံးကရင်ဘုန်းတော်ကြီး ဦးနန္ဒမာလအဖြစ် ထင်ရှားခဲ့တယ်။ အရှေ့ပိုးကရင်စာ အရေးအသားကိုပါ တီထွင်ပေးခဲ့တယ်။ တချို့မှတ်တမ်းတွေအရ ဖူးတာမိုက်ဟာ ကရင်ပြည် မွန်ပြည် တနင်္သာရီ တိုင်းတို့မှာ ဗမာဘုရင်ပိတ်ပင်ထားတဲ့ ဒူးရင်းသီး ဒူးရင်းပင် ပျံ့ပွားအောင် ယူဆောင်လာပေးသူလို့လဲ ဆိုကြ တယ်။ ဒီအချက်ကတော့ မသေချာလှပါ။ ဘာကြောင့်ဆိုရင် အိမ်နီးချင်းယိုးဒယားပြည်မှာ ၁၆၄၀ ခုနှစ်လောက် ကတည်းက ဒူးရင်းသီး တွင်ကျယ်နေတဲ့အကြောင်း သမိုင်းမှတ်တမ်းရှိနေလို့ ဖြစ်ပါတယ်။
ဗြိတိသျှကိုလိုနီဘဝကို အရင်ဆုံးကျရောက်ခဲ့တဲ့ ရခိုင် မွန် ကရင်အမျိုးသားတွေဟာ ခေတ်မှီအနောက်တိုင်း ပညာရေးနဲ့ ပထမဆုံးထိစပ်ခွင့်ရခဲ့လို့ အဆင့်မြင့်ပညာရေး (Higher Education or Tertiary Education) ကို ကောင်းကောင်းရရှိခဲ့ပြီး အဆင့်မြင့်ပညာတတ်တွေ ပေါ်ထွက်ခဲ့ကြတယ်။
ဒေါက်တာတီသံပြာဟာ ၁၈၆၅ ခုနှစ်မှာ အမေရိကန်နိုင်ငံကို ပညာတော်သင်သွားပြီး ကရင်အမျိုးသားတွေထဲက ပထမဆုံး မဟာဝိဇ္ဇာဘွဲ့ (MA) နဲ့ ဒေါက်တာဘွဲ့ (DD) ရလာခဲ့တယ်။ ဗမာပြည်ပြန်လာပြီးတော့ ၁၈၈၁ ခုမှာ ဒေါကလူ (ကရင်အမျိုးသားအသင်း KNA) အသင်းကြီးကို တည်ထောင်ပြီး ပထမဆုံးဥက္ကဌဖြစ်ခဲ့တယ်။
ဒါပေမဲ့ အားလုံးသိကြတဲ့အတိုင်း ၁၉၄၈ ခု လွတ်လပ်ရေးရပြီးနောက်မှာ ပင်လုံစာချုပ်ကိုဖောက်ဖျက်ခဲ့လို့ ဖက် ဒရယ်နိုင်ငံဖြစ်မလာဘဲ တိုင်းရင်းသားတန်းတူခွင့် ဆုံးရှုံးရတဲ့အတွက် တိုင်းရင်းသားတွေဟာ ပညာရေးအပါ အဝင် အဖက်ဖက်ကနိမ့်ကျခဲ့ရတယ်။ အထူးသဖြင့် ၁၉၆၂ ခုမှာ စစ်အာဏာရှင်စနစ်စတင်လိုက်တော့ တိုင်းရင်း သားတွေတင်မက ဗမာတွေပါ အရာရာမှာနိမ့်ကျသွားပြီး ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်သွားတယ်။
အထူးသဖြင့် ၁၉၄၉ ကနေ တောက်လျှောက်ပြည်တွင်းစစ်ဒဏ် သက်ရောက်ခဲ့တဲ့ ကရင်တိုင်းရင်းသားတွေဟာ အဆင့်မြင့်ပညာရေးသာမက အခြေခံပညာရေးပါ ပိုပြီးပျက်ယွင်းနိမ့်ကျခဲ့ရတယ်။
ဒါကိုကုစားဖို့ ထိုင်းနယ်စပ်ရောက်ကရင်တွေနဲ့ နိုင်ငံတကာရောက်ကရင်မျိုးချစ်တွေ ပူးပေါင်းပြီး ထိုင်းနယ်စပ် ဒုက္ခသည်စခန်းတွေနဲ့ စခန်းပြင်ပနေရာတွေမှာ အခြေခံပညာကျောင်း၊ အထက်တန်းကျောင်း၊ အထက်တန်းလွန် ကျောင်းတွေ ဖွင့်ခဲ့ကြတယ်။ တချို့ကျောင်းတွေက ဘွဲ့လက်မှတ် ဒီပလိုမာလက်မှတ်တွေ ထုတ်ပေးပြီး တချို့ ကျောင်းတွေကတော့ နိုင်ငံတကာတက္ကသိုလ်တွေ ဆက်တက်နိုင်ဖို့ ပြင်ဆင်မှုတွေ လုပ်ပေးကြတယ်။
ထိုင်းနယ်စပ်က ကရင်ဒုက္ခသည်စခန်း ၇ ခုမှာ မူလတန်း ၂၇ ကျောင်း၊ အလယ်တန်း ၁၄ ကျောင်း၊ အထက် တန်း ၂၄ ကျောင်းနဲ့ အထက်တန်းလွန် ၁၈ ကျောင်းရှိပြီး ကျောင်းသားကျောင်းသူဦးရေ စုစုပေါင်း ၃၃,၀၀၀ (သုံးသောင်းသုံးထောင်)ကျော်ရှိတယ်လို့ ကရင်ဒုက္ခသည်ကော်မတီ(KRC)က ဆိုတယ်။
၂၀၀၈ ခုမှာ ကရင်ဒုက္ခသည်ကော်မတီ (Karen Refugee Committee) အောက်မှာ အဆင့်မြင့်ပညာဌာန (Institute of Higher Education) ထူထောင်ခဲ့ပြီး ၂ နှစ်သင် အငယ်တန်းကောလိပ် ၆ ကျောင်းနဲ့ တခြား ဆယ်တန်းလွန်ကျောင်း ၅ ကျောင်းကို စီမံခန့်ခွဲနေတယ်။ -
ဒီအငယ်တန်းကောလိပ်တွေမှာ ပထမ ၂ နှစ်က အင်္ဂလိပ်၊ လူမှုရေးသိပ္ပံ၊ သင်္ချာ၊ သိပ္ပံ၊ ပတ်ဝန်းကျင်နဲ့ ဘာသာ စကား (ထိုင်း၊ ဗမာ၊ ကရင်) သင်ပေးပြီး ဒုတိယ ၂ နှစ်မှာ အဓိကဘာသာရပ်တွေ သင်ပေးတယ်။ ၂ နှစ်သင်ပြီး ရင် ဒီပလိုမာ လက်မှတ်ပေးတယ်။ လောလောဆယ်တော့ အဓိကဘာသာရပ် (major) တွေက ကျန်းမာရေး၊ ပညာရေးနဲ့ စီးပွားရေးလုပ်ငန်းစီမံရေးဘာသာရပ်တွေဘဲရှိတယ်။ ဒီကျောင်းတွေတက်ဖို့ အထက်တန်း (၁၂ တန်း) အောင်လက်မှတ် ရှိဖို့လိုတယ်။ ဒါ့အပြင် ဝင်ခွင့်စာမေးပွဲ ဖြေရတယ်။
(၁) မြောက်ပိုင်းကရင်အငယ်တန်းကောလိပ် Northern Karen Junior College ။ ထိုင်းနိုင်ငံ မဲဟောင်ဆောင် ခရိုင် မဲလဦးဒုက္ခသည်စခန်းမှာ ရှိတယ်။ ၁၉၉၆ မှာ တည်ထောင်ခဲ့တယ်။ ကျောင်းသား ၁၄၀ ရှိတယ်။ ရပ်ရွာ စီမံခန့်ခွဲရေး ၄ နှစ်သင်ဘွဲ့အဆင့်လည်းပေးတယ်။
(၂) မယ်လမို အငယ်တန်းကောလိပ် Mae Ra Moe Junior College ။ မဲဟောင်ဆောင်ခရိုင် မဲလမဒုက္ခသည် စခန်းမှာရှိတယ်။ ၁၉၉၈ ခုတုန်းက စိုက်ပျိုးရေးပညာသင်ကျောင်းအဖြစ်စတင်ခဲ့ပြီး ၂၀၀၈ မှာ အငယ်တန်း ကောလိပ်ဖြစ်လာတယ်။ ကျောင်းသား ၁၅၀ လောက်ရှိတယ်။
(၃) ဖူးတော အမှတ်တရ အငယ်တန်းကောလိပ် Pu Taw Memorial Junior College ။ တာ့က်ခရိုင် မယ်လ ဒုက္ခသည်စခန်းမှာရှိတယ်။ ၁၉၉၆ ခုမှာ တည်ထောင်ခဲ့ပြီး အခုကျောင်းသား ၂၀၀ လောက်ရှိတယ်။ တချိန်က တော့ စိုက်ပျိုးရေး၊ စက်ပြင်၊ အဝတ်ချုပ် စတဲ့ အသက်မွေးဝမ်းကျောင်းပညာတွေ သင်ပေးခဲ့ဖူးတယ်။ အခု ၄ နှစ် သင်ပညာရေးဘွဲ့အဆင့်လည်း ပေးတယ်။
(၄) ကောလား အငယ်တန်းကောလိပ် Kaw Lah Junior College ။ တာ့က်ခရိုင် အုမ်းဖျံဒုက္ခသည်စခန်းမှာရှိပြီး လေးနှစ်သင်ကောလိပ်ဖြစ်တယ်။ ၂၀၀၀ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး ပြည်သူ့ကျန်းမာရေးဘာသာရပ်ကို အဓိက သင်တယ်။ ကျောင်းသား ၁၅၀ ကျော်ရှိတယ်။
(၅) ဖူးဒူးပလာယာ အငယ်တန်းကောလိပ် Pu Doo Pyaya Junior College ။ တာ့က်ခရိုင် နို့ဖိုးဒုက္ခသည်စခန်း မှာရှိတယ်။ ၂၀၀၂ တုံးက ဆရာဖြစ်သင်တန်းအဖြစ်စခဲ့ပြီး ၂၀၀၈ မှာ အငယ်တန်းကောလိပ်ဖြစ်လာတယ်။ ကျောင်းသား ၈၀ ရှိတယ်။ စီးပွားရေးပညာ B.B.A ၄ နှစ်သင် ဘွဲ့အဆင့်လည်းပေးတယ်။ ၂ နှစ်သင် ကမ္ဘာလုံး ဆိုင်ရာနယ်စပ်ရေးရာ Global Border Studies ဘာသာရပ်ကိုလည်း အင်တာနက်ကတဆင့် အဝေးသင် ဖွင့်ထားပေးတယ်။
(၆) တနင်္သာရီ အငယ်တန်းကောလိပ် Tanawthari Junior College ။ ထိုင်းနိုင်ငံ ရာ့ချဘူရီခရိုင် ထမ်းဟင် ဒုက္ခသည်စခန်းမှာ ရှိပြီး ၂၀၀၂ ခုမှာ စိုက်ပျိုးရေးသင်တန်းကျောင်းအဖြစ် စတင်အခြေတည်ခဲ့တယ်။ ၂၀၁၀ မှာ အငယ်တန်းကောလိပ် ဖြစ်လာတယ်။ ကျောင်းသား ၆၀ ရှိတယ်။
KRC IHE လက်အောက်မဟုတ်ဘဲ သီးခြားလွတ်လပ်စွာရပ်တည်နေတဲ့ အဆင့်မြင့်ပညာကျောင်းတချို့က တော့ -
(၇) ဒေါက်တာတီသံပြာ ခရစ်ယာန်တက္ကသိုလ် Dr. T. Thanbyah Christian Institute ။ ဖာပွန်ခရိုင်မှာရှိ တယ်။ ခရစ်ယာန်တက္ကသိုလ်လို့ နာမယ်ခံထားပေမဲ့ ဘာသာမရွေး ကရင်တိုင်းရင်းသားအားလုံးကို လက်ခံပါ တယ်။ အဓိကဘာသာရပ်တွေအဖြစ် အင်္ဂလိပ်စာ၊ IT နဲ့ စီးပွားရေးလုပ်ငန်းပညာ Business Administration သင်ပေးတယ်။ ၂၀၁၄ ခုမှာ လက်ရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နော်စူစန်နာလှလှစိုးရဲ့ခင်ပွန်း စောယာဟာလေးလ တည်ထောင်ခဲ့တာဖြစ်တယ်။ ကျောင်းသား ၁၀၀ ကျော်ရှိတယ်။
(၈) သူမွဲးခီးရွှေ့ပြောင်းကျောင်းကတော့ မဲဆောက်တောင်ဘက် အုန်းပျံ့ဒေသ (အုန်းဖျံဒုက္ခသည်စခန်းမဟုတ်) မှာရှိပြီး ၂၀၀၂ ခုနှစ်မှာ တည်ထောင်ခဲ့တယ်။ ၂ နှစ်သင် ဘာသာစကားနဲ့ရပ်ရွာဖွံ့ဖြိုးရေး ဒီပလိုမာလက်မှတ်၊ ၄ နှစ်သင် ဝိဇ္ဇာဘွဲ့ (BA) နဲ့ အမေရိကန်အထက်တန်းအောင်လက်မှတ်စာမေးပွဲ GED ပြင်ဆင်မှုသင်တန်းတွေ ပေးတယ်။
(၉) သြစတြေးလျား ကက်သလစ်တက္ကသိုလ် ACU ကလည်း မဲဆောက်မှာ ကျောင်းခွဲတခုဖွင့်ထားပြီး ၂ နှစ် သင်ဒီပလိုမာပေးနေတယ်။
(၁၀) ကော်သူးလေ ကရင်နှစ်ခြင်းသမ္မာကျမ်းစာသင်ကျောင်းနဲ့ကောလိပ် KKBBSC ဟာ မယ်လဒုက္ခသည်စခန်း မှာရှိပြီး ၁၉၈၃ ခုက ဝေါ်လေဒေသမှာ တည်ထောင်ခဲ့တာဖြစ်တယ်။ ၁၉၈၆ ခုမှာ မယ်လဒုက္ခသည်စခန်းကို ရွှေ့ လာတယ်။ အရှေ့တောင်အာရှမှာ အကြီးဆုံးကျမ်းစာသင်ကျောင်းလို့လည်း ဆိုကြတယ်။ B.Th. ဘွဲ့၊ M.Div. နဲ့ M.R.E. မဟာဘွဲ့တွေ သင်ပေးတယ်။ အင်္ဂလိပ်စာကို အဓိကထားတယ်။ ကျောင်းသား ၅၀၀ လောက် ရှိတယ်။
(ဆက်လက်တင်ပြပါမည်)
ဂါမဏိ

Comments