ကိုဂျေ - မြန်မာ့လွတ်လပ်ရေးနေ့နဲ့ စာရေးဆရာမောင်သော်က


မူရင်းဓာတ်ပုံ - ဆန်နီညိမ်း


ကိုဂျေ - မြန်မာ့လွတ်လပ်ရေးနေ့နဲ့ စာရေးဆရာမောင်သော်က
(မိုးမခ) ဇန်န၀ါရီ ၇၊ ၂၀၁၈

လွတ်လပ်ရေးနေ့ရောက်တိုင်း ကိုဂျေ သတိရဆုံး တယောက်ကတော့ စာရေးဆရာ မောင်သော်က လို့ လူသိများတဲ့ ဗိုလ်မှူးဘသော် ဖြစ်ပါတယ်။
“ဘေတာ မင်းဒီနေ့ည ဘယ်သွားစရာရှိလဲ”
“ဘယ်မှ သွားစရာမရှိဘူး ကျကျာကြီး”
“ဒါဆို လသာ ဟောပြောပွဲကို လိုက်ခဲ့။ ပွဲကောင်းတယ်။ ကိုအောင်သင်း ပါတယ်။ ကျော်ဟိန်း ပါတယ်”လို့ ဆရာမောင်သော်ကက ပြောတယ်။ 

၁၉၈၄ ခုနှစ်က ဟောပြောပွဲဆိုတော့ အခုဆိုရင် ၃၄ နှစ်ကြာခဲ့ပါပြီ။ ကျကျာကြီး အင်းစိန်ထောင်ထဲမှ ကျဆုံးခဲ့တာက ၁၉၉၁ ခုနှစ် ဇွန်လ ၁၁ရက်… အခုဆိုရင် ၂၇ နှစ်ထဲ ရောက်နေပြီ။ 

ဆရာမောင်သော်က က ကျနော့်ကို “ဘေတာ” သား လို့ခေါ်ပါတယ်။ ကျနော်က ဆရာ့ကို “ကျကျာကြီး” ဦးလေးကြီးလို့ ခေါ်ပါတယ်။ အချိန်ရတိုင်း သူ့ရဲ့ ဆူးလေးဘုရားလမ်းနဲ့ အနော်ရထာ လမ်းထောင့်က အိမ်ကို ကျနော် ရောက်တတ်သလို၊ အမြဲလို သူ့အိမ်နားက လက်ဖက်ရည်ဆိုင်မှာ အတူ ထိုင်ဖြစ်တယ်။ ဆရာပြောတဲ့ ဟာသတွေ၊ ဆရာပြောတဲ့ ကဗျာအကြောင်း၊ စာအကြောင်း၊ ခေတ်သမိုင်းအကြောင်းတွေကို နားထောင်ခွင့်ရခဲ့ပါတယ်။ တခါတခါတော့ ဦးစိုးသိမ်း(မောင်ဝံသ) အိမ်မှာ ဆုံပြီး စာပေအကြောင်းတွေ ပြောဖြစ်ကြပါတယ်။ 

“ဒီနေ့ည ငါဟောပြောမယ့် အကြောင်းက မြန်မာ့လွတ်လပ်ရေးနဲ့ မျိုးချစ်စိတ် အကြောင်းဟောမယ်။ အသစ်ပေါ့ကွာ”လို့ လသာပွဲ မသွားခင်မှာ ဆရာကပြောပါတယ်။
xxxxxx

ဟောပြောပွဲ စစချင်း ရုပ်ရှင်မင်းသား ဦးကျော်ဟိန်းဟောတယ်။ ဒုတိယ ဟောပြောသူကတော့ တိုက်ရေယာဉ် ၁ဝ၃ အခန်းဆက် ဖြစ်ရပ်မှန် ဝတ္ထုနဲ့ ထင်ရှားတဲ့ စာရေးဆရာ မောင်သော်က ဖြစ်ပါတယ်။ နောက်ဆုံးဟောသူကတော့ ဆရာဦးအောင်သင်း ဖြစ်ပါတယ်။
ဆရာမောင်သော်ကဟာ စာပေစင်မြင့်ပေါ်ကို ခက်ခက်ခဲခဲ တက်သွားခဲ့တယ်။ တက်တက်ချင်း အရိုးကြီးပေါင်း ရောဂါကြောင့် သူ့ရဲ့ ခန္ဓာကိုယ် တခြမ်းယိုင်နေတာကို စတင်ပျက်လုံးထုတ်ခဲ့တယ်။
“နယ်ချဲ့ကို တွန်းလှန်တဲ့ နေရာ၊ ကြည်းရေလေ တပ်မတော်ကြီး တခုလုံးမှာ ဒူးမထောက် လက်မမြောက် တွန်းလှန်ခဲ့သူဆိုလို့ ကျနော် စာရေးဆရာမောင်သော်က လို့ ခေါ်တဲ့ လူသော်က တယောက်ပဲ ရှိပါတယ် ခင်ဗျား” လို့ သူ့ရဲ့ သြဇာအပြည့်ပါတဲ့ အသံကြီးနဲ့ ပရိတ်သတ်ကို နှုတ်ဆက်လိုက်ပါတယ်။ ပရိတ်သတ်က ဆရာ့ အခြေအနေကို ကြည့်ပြီး ရယ်မောလိုက်ကြတာ အတောမသတ်ပေါ့။ သူ့ကိုယ်သူ “လူသော်က”လို့ ပြောတာကတော့ အဲဒီကာလတုန်းက ချယ်ရီမဂ္ဂဇင်းမှာ ချစ်လွန်းသူ ဇာတ်ကောင်အမည်နဲ့ ချစ်စရာကောင်းတဲ့ တိရိစ္ဆာန်ကာတွန်းတွေ ရေးနေတဲ့ “ကာတွန်းသော်က”ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ အဲဒီနောက် မြန်မာ့လွတ်လပ်ရေးနဲ့ မျိုးချစ်စိတ်အကြောင်း ဆက်ဟောပါတယ်။ 

ကျနော့် အကြောင်း မိတ်ဆက်သူက ကျနော်ကို တပ်မတော်(ရေ)မှာ ဗိုလ်မှူးအဆင့်ထိ တာဝန် ထမ်းဆောင်ခဲ့သူ ဆိုပြီး မိတ်ဆက်ပေးထားတော့..ဒီလူ တိုင်းပြည်ကို အရမ်းချစ်လို့ တပ်ထဲဝင်ခဲ့တာပဲလို့ မထင်လိုက်ပါနဲ့။ ကျနော် တပ်ထဲဝင်ဖြစ်တာကတော့၊ ကျနော်ဟာ ငယ်ငယ်က ရုပ်ဖြောင့်တဲ့သူ၊ ဗလကောင်းတဲ့သူ။ လူပုံချောချောဆိုတော့ ရေတပ်ယူနီဖောင်း အဖြူရောင်နဲ့ဆို မိန်းကလေးတွေ ကြိုက်မှာပဲ ဆိုတဲ့ အတွေးနဲ့ တပ်ထဲ ဝင်ခဲ့သူပါလို့ ပြောပါတယ်။ ပရိသတ်က လက်ခုပ်လက်ဝါးတွေ တီးပြီး အားပေး ကြတယ်။ ယူနီဖောင်းကြီး တကားကားနဲ့ ကျုပ်ကတော့ တိုင်းပြည်ကို အရမ်းချစ်လို့ တပ်ထဲဝင်ခဲ့တာပါဆိုပြီး မဟုတ်တာ ပြောတဲ့သူတွေထဲမှာ မောင်သော်က မပါပါဘူးခင်ဗျာ..လို့လဲ ထပ်ဆင့် ပြောလိုက်ရော။ စာပေဟောပြောတဲ့ စင်ထောင့်မှာ တာဝန်ကျတဲ့ ရဲတွေရော၊ စာပေဟောပြောပွဲစီစဉ်သူတွေပါ မျက်စေ့ပျက် မျက်နှာပျက် ဖြစ်ကုန်ကြတယ်။
အဲဒီကာလတုန်းက ဒီလို စကားမျိုးကို ပြောရဲတဲ့သူ အင်မတန်ရှားပါးတဲ့ အချိန် ဖြစ်ပါတယ်။ 

အဲဒီနောက်တော့ သူဟာ မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ အရေးကြီးတဲ့အခန်းက ပါဝင်ခွင့်ရခဲ့ပေမယ့်၊ သမိုင်းထဲက အဓိက ဇာတ်ကောင်မဟုတ်ဘဲ သမိုင်းဘီးမှာ ရစ်သီရစ်သီ ကပ်ပါခဲ့သူ တယောက်ဖြစ်ကြောင်း၊ မြန်မာ့လွတ်လပ်ရေးကို ကိုက်ငါးဆယ်အကွာကနေ အနီးကပ် ပါဝင်ခွင့်ရခဲ့သလို၊ လွတ်လပ်ရေးရပြီး နှစ်နာရီ အတွင်းမှာ ပထမဆုံး အချုပ်ခန်းထဲ ရောက်ခဲ့သူလဲ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ 

လွတ်လပ်ရေးရချိန်မာ မောင်သော်ကရဲ့ အသက်က ၁၉ နှစ်ဖြစ်ပါတယ်။ မြန်မာပြည် ဘုရင့်ရေတပ်မတော် အရံတပ်ဖွဲ့ (Burma Royal Navy Volunteer Reserve)ရဲ့ ရေတပ်သား ဖြစ်နေပါပြီ။ ဒါ့ကြောင့် လွတ်လပ်ရေးနေ့ အခမ်းအနားအတွက် စစ်ရေးပြ စစ်သည်တဦးအဖြစ် အရွေးခံရ ပါတယ်။ ၁၉၄၈ ဇန်နဝါရီ ၄ ရက်နေ့၊ မနက် ၄ နာရီ မိနစ် ၂ဝမှာ အရင်က အတွင်းဝန်ရုံးလို့ခေါ်တဲ့ ရန်ကုန်မြို့က ဝန်ကြီးများရုံးဝန်းထဲမှာ လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနား ကျင်းပပပါတယ်။ ဗြိတြိသျှရဲ့ ယူနီယံဂျက် အလံကို ဖြုတ်ချပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအလံတော်ကို ပထမဆုံးလွှင့်တင်ချိန်မှာ သူဟာ ဒီမြင်ကွင်း ဂုဏ်ပြုတပ်ဖွဲ့ဝင် တဦးအနေနဲ့ ကိုက် ငါးဆယ် အကွာကနေ ကြည့်ခွင့်ရခဲ့သူလို့ ဆိုပါတယ်။

အခမ်းအနားပြီးလို့ တပ်တန်းလျားကို ပြန်ရောက်ချိန်မှာ ခွဲတမ်းရတဲ့ “အာမီရမ်အရက်”ကို သောက်ပြီး အပျော်လွန်၊ အမူးလွန်ကာ လွတ်လပ်ရေးအတွက် အသက်ပေးခဲ့တဲ့ အာဇာနည်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ဆိုပြီး ဘယ်သူ့အမိန်မှ မစောင့်ဘဲ သေနတ်တွေဖောက်ခဲ့ကြတယ်။ မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ အပျော်လွန်ပြီး သေနတ်ဖောက်တဲ့အမှုနဲ့ ပထမဆုံး အချုပ်ထဲ အထဲ့ခံရတဲ့ တပ်သား ၂ဝ ထဲမှာ သူပါဝင်ခဲ့တယ်လို့ ပြောပါတယ်။ အဲဒီတုန်းက တပ်မတော်ကြီးတခုလုံးကို လူထုက ချစ်ကြတယ်။ သူတို့ကို အုပ်ချုပ်တဲ့ အရာရှိ ဗိုလ်မှူးသန်းဖေ ဆိုတာကလဲ ရဲဘော်တွေကို ချစ်တယ်။ လွတ်လပ်ရေးရလို့ အပျော်လွန်ခဲ့သူ သူတို့ကို ဗိုလ်မှူးသန်းဖေက အပြစ်မပြောဘဲ ဆဲဆိုခဲ့ပုံတွေ ပြောခဲ့တယ်။ နောက်တနေ့မှာ အချုပ်ထဲက ထုတ်ခဲ့ပုံတွေကို ပြောခဲ့တယ်။ 

မျိုးချစ်စိတ်ဆိုတာ လုပ်ယူလို့ မရကြောင်း၊ ရင်ထဲက အလိုလိုပေါ်လာတာဖြစ်တယ်လို့ ဆရာမောင်သော်ကက ပြောခဲ့တယ်။ အဲဒီ အလံတင်အခမ်းအနားမှာ မြန်မာနိုင်ငံအလံကို လွှင့်ထူချိန်မှာ သူ့ရင်ထဲ လှိုက်တက်လာတဲ့ ပီတိနဲ့ အလံကိုင်တပ်ဖွဲ့ဝင်တဦးအဖြစ် သေနတ်ထမ်းထားရင်း မြန်မာနိုင်ငံအလံ တိုင်ထက်ကို တက်သွားတာကို တစိမ့်စိမ့်ကြည့်ပြီး ပျော်ပြီး ကျရတဲ့ မျက်ရည်ကို ဘယ်လို့မှ စာဖွဲ့လို့ရမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒီအခမ်းအနားမှာ ဂုဏ်ပြုတပ်သားအနေနဲ့ နိုင်ငံတော်အလံကို ပထမဆုံး အလေးပြုခွင့်ရခဲ့တာကို ဂုဏ်ယူလို့ မဆုံးကြောင်းနဲ့ ဒါ့ကြောင့် လွတ်လပ်ရေးနေ့ရောက်တိုင်း ဒီအကြောင်းတွေကို ပြန်တွေးပြီး ငိုချင်တဲ့အကြောင်းကို ငိုသံကြီးနဲ့ ဆရာမောင်သော်ကက ပြောလိုက်တဲ့ အချိန်မှာ စာပေဟောပြောပွဲလာ ပရိသတ်တိုင်းလိုလို ဆရာ့ကိုငေး ကြည့်နေတယ်။ အားလုံးငြိမ်သက်သွားကြတယ်။ 

ဆရာမောင်သော်ကဟာ ပရိသတ်ကို အလေးပြုနှုတ်ဆက်ပြီး လသာမြို့နယ် စာပေစင်မြင့်ထက်ကနေ ကိုယ်တခြမ်း ယိုင်တိုင် ယိုင်တိုင်နဲ့ ဆင်းသွားခဲ့တယ်။ မျက်လုံးထဲမှာရော နားထဲမှာပါ ဆရာ့ရုပ်ပုံလွှာနဲ့ ဆရာအသံတွေ စွဲကျန်နေတုန်းပါဆရာ..။ လွတ်လပ်ရေးနေ့ရောက်တိုင်း ဆရာ့ကို လွမ်းနေတုန်းပါဆရာ။

ကိုဂျေ
ဇန် ၄၊ ၂ဝ၁၈

Comments