ကိုဂျေ ● တိုက်ပွဲပျော် ဟာသစာရေးဆရာကြီး အီကြာကွေး

ကိုဂျေ ● တိုက်ပွဲပျော် ဟာသစာရေးဆရာကြီး အီကြာကွေး
(မိုးမခ) ဇန်နဝါရီ ၃၀၊ ၂၀၁၈

သူ့ဝတ်စားဆင်ယင်မှုနဲ့ ပုံပန်း သဏ္ဌာန်က စာရေးဆရာတယောက်နဲ့ မတူဘဲ၊ မော်တော်ယာဉ် လိုင်းပေါင်းစုံ (မသထ) က ဝန်ထမ်းတယောက်နဲ့ တူနေတတ်တယ်။ ဒီအကြောင်း သူ့ကိုပြောတဲ့အခါ ပြုံးပြုံး ပြုံးပြုံးနဲ့ ပြောသူကို ကြည့်ပြီး။ သူ့လွယ် အိတ်ထဲမှာ အမြဲဆောင်ထားတဲ့ ရန်ကုန်မြို့က ဘတ်စ်ကားမှန်သမျှ အခမဲ့စီးခွင့်ရ ကတ်ပြားကို ထုတ်ပြရင်း….

“ဒီလိုကတ်မျိုးကို ဘယ်သူကိုင်ခွင့်ရှိလဲ။ ဂုရုကွေးကို ဘာမှတ်လို့တုန်း။ ဘတ်စ်ကား ဒရိုင်ဘာတွေနဲ့ ယာဉ်နောက်လိုက်တိုင်း အီကြားကွေးကို မသိတဲ့သူ မရှိဘူး”လို့ ဆရာအီကြာကွေးက ပြောတတ်ပါတယ်။ တောင်ဥက္ကလာကနေ ရန်ကုန်မြို့ထဲကို နေ့တိုင်းလိုလာ၊ မဂ္ဂဇင်း တိုက်ပေါင်းစုံကို နေ့စဉ်ဝင်ထွက်၊ စာပေနယ်က လူတိုင်းနဲ့ ခင်ခင်မင်မင် နေထိုင်တတ်တဲ့ စာရေးဆရာဆိုလို့ ဆရာအီကြားကွေးပဲ ရှိပါတယ်။

ဧရာဝတီမြစ် အနောက်ဖက်ကမ်းမှာ ရှိတဲ့ ဓနုဖြူမြို့ဟာ စာရေးဆရာ အီကြာကွေးရဲ့ ဇာတိမြို့ ဖြစ်ပါတယ်။ ဒီမြို့လေးကနေ အနုပညာနယ်ပယ်အစုံက အနုပညာသမားပေါင်းများစွာ ပေါ်ထွက်ခဲ့ပါတယ်။ စာရေးဆရာကြီးကြယ်နီ၊ ကဗျာဆရာဓနုဖြူ ကျော်ထွန်း ခေါ် ဆရာအီကြာကွေး၊ စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)၊ မြိုင်ရာဇာတွတ်ပီ ဖန်တီးရှင် ကာတွန်းဆွေးမင်း၊ ပန်းချီ မင်းဝေအောင်၊ ဓာတ်ပုံဆရာ မြဝင်း Mya Win Rays၊ တေးသံရှင်တွေထဲမှာတော့… ဓနုဖြူစိုးသိန်း၊ ဓနုဖြူညွန့်ညွန့်ရွှေနဲ့ ဓနုဖြူကြည်ကြည်သိန်း စတဲ့ အနုပညာရှင်တွေ ထွက်ခဲ့တဲ့ မြို့လေး ဖြစ်ပါတယ်။
xxxxxx

“ဟင်္သာတနဲ့ ဓနုဖြူဆိုတာ ရေတကြော မြေတကြောထဲမြို့ပါ ကိုဂျေရဲ့ လက်ဖက်ရည်ကြိုက်တာလဲ အတူတူပါပဲ”လို့ ပြောပြီး ကျနော်တို့ ထိုင်နေကျ ၃၃ လမ်းထိပ်က ရွှေကြည်အေးလက်ဖက်ရည်ဆိုင်ထဲ အချိန်မှန် ဝင်လာရင်း ဆရာအီးကြာကွေးက ဟာသတွေ ပြောတတ်ပါတယ်။ ဆရာအီကြာကွေးဟာ လူချစ်လူခင်ပေါတဲ့ စာရေးဆရာတယောက် ဖြစ်ပါတယ်။ စာရေးလို့ ရတဲ့ စာမူခနဲ့ ဘဝကိုရပ်တည်နေသူတဦး ဖြစ်တာကြောင့်လဲ လူတိုင်းက သူ့ကို ချစ်ခင်ကြပါတယ်။ နေ့တိုင်းလဲ ဟာသတွေ တခုပြီးတခုပြော၊ စာတွေ တပုဒ်ပြီး တပုဒ် ထွက်အောင် ရေးနိုင်တဲ့ စာရေးဆရာ တဦးလဲ ဖြစ်ပါတယ်။

“မင်းတို့ ဟင်္သာတသားတွေ ရန်ကုန်ကို ရေလမ်းက သွားမယ်ဆိုရင်၊ ဓနုဖြူကို ကျော်သွားလို့ မရဘူးကွ၊ မင်းအစ်ကို ဖိုးတင် ဝင်း (ဟင်္သာတအောင်တင်ဝင်း) အဆိုတော်ဖြစ်ဖို့ ရန်ကုန်ကို တက်လာတုန်းကလဲ ဓနုဖြူကို ဖြတ်ပြီး သင်္ဘောစီးခဲ့ရတာပဲ၊ မင်းဘာလုပ်လုပ် ဓနုဖြူသားတွေကို မေ့ထားဖို့ စိတ်မကူးနဲ့”လို့ မြန်မာ့ဓန စီးပွားရေးမဂ္ဂဇင်း စတင်ထုတ်ဝေဖို့ စာမူတွေ စုဆောင်းနေတဲ့ အချိန်မှာ ဆရာအီကြာကွေးက ပြောခဲ့ပါတယ်။

“ဆရာကွေးရဲ့ ဟာသနဲ့ စီးပွားရေးမဂ္ဂဇင်းက ဘာဆိုင်လို့တုန်းဗျာ” လို့ ပြန်နောက်တော့…

“စာပေနယ်က စာရေးဆရာတွေထဲမှာ အီကြာကွေးလောက် စီးပွားရေးအကြောင်း နားလည်တဲ့သူ ဘယ်သူရှိလဲ”လို့ ဟာသ နှောပြီး ပြန်ပြောပါတယ်။ ဆရာကွေးဟာ အဒေါ်အပျိုကြီးနဲ့ တောင်ဥက္ကလာပမှာ နေထိုင်တာ ဖြစ်ပါတယ်။ နေ့စဉ်ဈေးသွားရ တယ်။ ချက်ဖို့ပြုတ်ဖို့ စီမံရတယ်။ မီးဖိုချောင်ထဲမှာ ဆန်၊ ဆီ၊ ဆား၊ ငံပြာရည် ကနေ မီးသွေး ဈေးအထိ သူမသိတာ မရှိဘူးလို့ ပြောခဲ့ပါတယ်။ မီးသွေးဈေးများ သက်သာလို့ ကတော့ ပျဉ်းမနားက မီးသွေးတောင် ရန်ကုန်ကို မီးရထားလူစီးတွဲကနေ သယ်တတ်သူလဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ စီးပွားရေးမဂ္ဂဇင်း စထုတ်တော့ ဆရာအီကြာကွေးရဲ့ စီးပွားရေးဆိုင်ရာ ဟာသ ဝတ္ထုဟန် ဆောင်းပါးတွေ ဆက်တိုက်ပါခဲ့တာပါ။ သူရေးသမျှ စာမူတွေထဲမှာ ကုန်ဈေးနှုန်းကြီးတာတွေ၊ လူထု ဒုက္ခရောက် နေရတာတွေ ပါဝင်ခဲ့ပေမယ့်၊ အရွှန်းဖောက် ဟာသနှော ရေးသားခဲ့တာကြောင့်လဲ သူရေးသမျှ စာမူတိုင်းကို စာပေစိစစ်ရေးက ခွင့်ပြုခဲ့ပုံရပါတယ်။ အီကြာကွေးရေးတာဆို ဟာသပဲထင်ပြီး လွှတ်ပေးတာလဲ ဖြစ်နိုင်ပါတယ်။ မှတ်မိနေတဲ့ သူ့ ဆောင်းပါးလေး တပုဒ်ဆိုရင်…ရပ်ကွက်ထဲက လူတွေရဲ့ ဒုက္ခတွေ့နေတာကို ရေးခဲ့တာပါ။ ခေါင်းစဉ်က ‘မိုးသံကညိမ်’လို့ ဆရာအီကြာကွေးက ပေးခဲ့ပါတယ်။

အကြောင်းအရာကတော့ ဖဆပလ ခေတ်က ဆီဆန် ဈေးတွေ ပေါခဲ့တာ။ ပဲလှော်ဝယ်ရင် ထန်းလျှက်ခဲ ကိုပါ ကုန်စုံဆိုင်က လက်ဆောင်ပေးတာတွေ ရေးပါတယ်။ ဒီလိုနဲ့ ခေတ်တွေ ပြောင်းလာလိုက်တာ သုံးလိပ်ကို တကျပ်နဲ့ ဝယ်သောက်ရတဲ့ ဒူးယားစီးကရက်ကိုတောင် တလိပ်ကို သုံးကျပ် စာသားပြောင်းပြီး ဆိုနေတာတွေ ရေးပါတယ်။ နောက်ဆုံးမှာတော့ သွပ်မိုးပြင်ထောင်နဲ့ နေလာတဲ့ ရပ်ကွက်တခုမှာဆိုရင် အရင်က မိုးတွင်းကြီး မိုးသည်းလို့ရှိရင် သွပ်ပေါ်ကို မိုးရွာချတဲ့အသံတွေ တဖြောင်းဖြောင်းနဲ့မို့ ဆူညံနေခဲ့တယ်။ အဲဒီ ဆူညံ သံတွေကြောင့် ကလေးတွေ စာကျက်ဖို့တောင် ခက်တဲ့အကြောင်း၊ အခုတော့ မိုးဘယ်လောက်ကြီးကြီး ဆူညံမှာကို မပူရတော့ကြောင်း၊ ဘာလို့လဲဆိုတော့ ပူတဲ့ဆူတဲ့အသံတွေကို နားမခံနိုင်လို့ သွပ်ကိုခွာရောင်းပြီး ဓနိတွေနဲ့ အစားထိုး မိုးလိုက်တာကြောင့် မိုးသံတွေညိမ် သွားတဲ့အကြောင်း ဆရာအီကြာကွေးက ရေးခဲ့ပါတယ်။
xxxxxxxxxx

ဆရာအီကြာကွေးကို ၁၉၃၈ ခုနှစ် မတ်လ ၄ ရက်နေ့မှာ ဓနုဖြူမြို့မှာ မွေးခဲ့ပါတယ်။ အဘ ဦးမောင်နှစ်နဲ့ အမိ ဒေါ်ညွန့်မေက မွေးတဲ့ တဦးတည်းသော သားဖြစ်ပါတယ်။ နာမည်အရင်းက ဦးကျော်ထွန်း ဖြစ်ပါတယ်။ ကဗျာတွေကို ဓနုဖြူကျော်ထွန်း နာမည်နဲ့ရေးခဲ့ပါတယ်။ သရော်စာတွေ ဟာသတွေ စင်တင် ပြဇာတ် တွေကိုတော့ အီကြာကွေး နာမည်နဲ့ ရေးခဲ့တာပါ။ သူရဲ့ ဆရာအရင်းကတော့ ဓနုဖြူသား စာရေးဆရာကြီး ကြယ်နီဖြစ်ပါတယ်။

ဆရာအီကြာကွေးရေးခဲ့တဲ့ ‘တိုက်ပွဲပျော်’ ဆိုတဲ့ ကဗျာဟာ လူငယ်တွေကို စိတ်ဓာတ်ခွန်းအား တိုးစေတဲ့ ကဗျာတပုဒ်ဖြစ်ပါ တယ်။ စာရေးဆရာနွမ်ဂျာသိုင်းကတော့ တိုက်ပွဲပျော် ကဗျာကြောင့် သူ စာရေးဆရာ ဖြစ်လာတဲ့အကြောင်းကို သူ့ရဲ့ ဟောပြောပွဲတွေမှာ ပြောလေ့ရှိ့ပါတယ်။ ဆရာနွမ်းဂျာသိုင်းကြောင့်လဲ တိုက်ပွဲပျော်ကဗျာကို လူသိပိုများလာခဲ့ပုံရပါတယ်။ ဆရာနွမ်ဂျာသိုင်း ဆိုတာကလဲ အချစ်ဝတ္ထုနဲ့ နာမည်ရခဲ့ပေမယ့်၊ အရင်က မောင်မိုးခက်(အင်းစိန်) ကလောင်နာမည်နဲ့ ဟာသတွေ ရေးခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ စာပေဟောပြောပွဲတွေမှာလဲ ဟာသတွေပြောတတ်သူ ဖြစ်ပါတယ်။ ဒါပေမယ့် ‘တိုက်ပွဲပျော်’ကဗျာကြောင့် သူစာရေးဆရာ ဖြစ်ခဲ့ရတယ် ဆိုတာကိုတော့ နောက်ပြောင်ပြောတာ မဟုတ်ကြောင်း ဆရာ အီကြာကွေးက အတည်ပေါက် ပြောပြခဲ့ဖူးပါတယ်။ ဆရာမောင်စိန်ဝင်း (ပုတီကုန်း) နဲ့ ဆရာနွမ်ဂျာသိုင်းတို့ဟာ စာရေးဆရာ မဖြစ်ခင် စက်မှုတက္ကသိုလ် ကျောင်းသားဘဝကတည်း ဆရာအီကြာကွေးရဲ့ ပရိသတ်တွေ ဖြစ်ခဲ့ဖူးတဲ့ အကြောင်းကိုလဲ ဆရာကြီးအီကြာကွေးက ဟောပြောပွဲတချို့မှာ ပြောခဲ့ဖူးပါတယ်။ ဓနုဖြူကျော်ထွန်းအမည်နဲ့ ဆရာအီကြာကွေး ရေးခဲ့တဲ့ တိုက်ပွဲပျော်ကဗျာဟာ သူ့ဘဝသူ့စာတွေထဲမှာ အထင်ကရ ကဗျာတပုဒ်မဟုတ်ပါလား….

‘တိုက်ပွဲပျော်’
~~~~~
ပုခက်ထဲက အူဝဲဟစ်ကာ
စစ်ကြေညာပြီး လောကကြီး၏
ခါးသီးတွေ့ကြုံ အလုံးစုံကို
မဖြုံအံခဲ ပွဲဆက်နွဲရင်း
လူလဲတော်တော်ကြီးခဲ့ပေါ့….။

မိုက်လဲမိုက်လို့ တိုက်လဲတိုက်ခဲ့
ရှုံးလိုက်တာလဲ အသင်္ချေ။

ရဲလဲရဲလို့ နွှဲလဲနွှဲခဲ့
နိုင်ပွဲတွေလဲ အနန္ဒ။

ဒီလိုပဲပေါ့
တိုက်ပွဲဆိုတာ သာချင်သာမယ်
တိုက်ပွဲဆိုတာ နာချင်နာမယ်
ဘယ်မှာခန့်မှန်းသိနိုင်မလဲ။

နာနာသာသာ ဘာမှမဖြုံ
စိတ်လုံခြုံရင်
မတုန်မလန့်ဖျန့်ပါဘူး
အဟုန်မတန့်ရပ်ပါဘူး။

ရှေ့ကဆီး၍
လမ်းခရီးထဲ သစ်ပင်လှဲမလား
ရှေ့ကကန့်၍
အဟန့်အတား ဆူးတွေတားမလား။

ယောက်ျားဟေ့နော် တိုက်ပွဲပျော်
ကျွန်တော်တိုက်ရင်းတက်မှာပဲ။ ။

ဓနုဖြူကျော်ထွန်း
xxxxxxxxx

ဆရာအီကြာကွေးရဲ့ ဘဝကို ပြန်ကြည့်ရင် နယ်ပယ်စုံမှာ ကျင်လည် ဖြတ်သန်းခဲ့တာကို တွေ့ရမှာပါ။ ၁၉၅၄ ခုနှစ် ဇန်နဝါ ရီလမှာ ‘ချစ်တိုင်းပြည်'ကဗျာကိုရေးခဲ့ပြီး စာပေနယ်ထဲကို စတင်ဝင်ရောက်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၅၇ ခုနှစ်မှာ အီကြာကွေး ကလောင်အမည်နဲ့ သရော်စာတွေ၊ ဟာသတွေကို ပြောင်းရေးခဲ့ပြီး လူသိများထင်ရှားလာပါတယ်။ စာပေနယ်အပြင် ရွှေမန်းဇာတ်သဘင်အဖွဲ့မှာလဲ ရှေ့ပိုင်းပြဇာတ် ဒါရိုက်တာအဖြစ် ‘ပုတီး တစ်လုံး ဂျောက်ခနဲ’ ‘မျက်လုံးများပင်မြင်ပါပြီ’နဲ့ ‘အဆိပ်တောမှ ပြန်ခဲ့ပါ’…. ပြဇာတ်တွေကိုရေးခဲ့ပါတယ်။ တခါတရံ လက်ဖက်ရည်ဆိုင် စကားဝိုင်းမှာ အရှိန်ရလာပြီဆိုရင် ဇာတ်သဘင်လောကရဲ့ လူရွှင်တော် ပျက်လုံးတွေ၊ နောက်ပိုင်းပြဇာတ်တွေ၊ နှစ်ပါးခွင်မှာ ဇာတ်ဆရာက မင်းသမီးတွေကို ပြောဆို ဆက်ဆံတွေကို ပြောလိုက်…ပါးစပ်ဆိုင်းတီးလိုက်နဲ့ သူကျက်ထားသမျှ ဇာတ်ပြောတွေကို မမောတမ်း ပြောတတ်သူလဲ ဖြစ်ပါတယ်။

ကိုဂျေ

Comments