ကျော်မောင်(တိုင်းတာရေး) - အလျော့ အနေအထားနဲ့ အတိုး
(မိုးမခ) ဇန်န၀ါရီ ၂၈၊ ၂၀၁၈
တက္ကသိုလ်မှာ သုံးနှစ်သုံးမိုးမက ပညာသင်ပြီး ထိုထိုတက္ကသိုလ်တွေက ပေးတဲ့ ဘွဲ့အသီးသီးကို ယူကြဖို့အတွက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပမည့်နေ့ရက်ဆိုတာကို သတင်းစာကနေ ကြေငြာထားရာမှာ အစမ်းလေ့ကျင့်မည့်နေ့ရက်ဆိုတာကိုလည်း တပါတည်းထည့်သွင်းကြေငြာလေ့ရှိပါတယ်။ ဘွဲ့တောင် ယူတော့မယ့် မောင်မယ်များကို ဘွဲ့ယူတဲ့အခါ ဒီလို၊ ဒီပုံယူရတယ်လို့ အချိန်သက်သက် တရက်ပေးပြီး ရှင်းပြတာ၊ အစမ်းလေ့ကျင့်ဘွဲ့ယူရတာဟာ နည်းနည်းတော့ ဆန်းပါလိမ့်မယ်။
အစမ်းဘွဲ့ယူတာကို မတက်ရောက်နိုင်တဲ့အခါ ဘယ်လိုဖြစ်မလဲဆိုတာ စဉ်းစားကြည့်ပါတယ်။ ဘယ်လိုမှ မဖြစ်နိုင်ပါ။ ဘာဖြစ်လို့လည်း ဆိုတော့ ကျင်းပတဲ့နေ့မှာ ရှေ့က ဘွဲ့ယူသူတွေ ဘယ်လိုယူသွားလည်း ဆိုတာ ကြည့်ပြီး ဟန်မပျက်ယူနိုင်ပါတယ်။ ဘွဲ့ယူရမယ့်နေ့မှာ ရှေ့ဆုံးက ယူရမယ့်သူ ဖြစ်ခဲ့မယ်ဆိုလျှင်လည်း စင်ပေါ်မှာ ဘယ်လိုလျှောက်ရမယ်၊ ဘယ်လိုယူရမယ်ဆိုတာ သူ့ဖာသာသူ ဆုံးဖြတ်နိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ဘယ်နေရာမှာ နေ၊ ဘယ်နေရာမှာ တန်းစီ၊ ဘယ်အချိန်မှ ထရမယ်ဆိုတာကို အခမ်းအနားကျင်းပတဲ့ အဖွဲ့အစည်းက ညွှန်ကြားသလို လိုက်နာရမှာပဲဖြစ်ပါတယ်။ တယောက်က ပေးတာကို တယောက်က လက်ခံရယူရတဲ့ပွဲဖြစ်ပါတယ်။
ကွန့်မိတဲ့ အတွေးကတော့ အစမ်းဘွဲ့ယူလေ့ကျင့်ပွဲဆိုတာ ရှိရမယ်ဆိုရင် ဘာကြောင့်မို့များ လက်ထပ်မင်္ဂလာပွဲ အခမ်းအနားတို့၊ သင်တန်းဖွင့်ပွဲတို့၊ ဘောလုံးဗိုလ်လုပွဲတို့၊ လက်ဝှေ့ထိုးပွဲတို့၊ တက္ကသိုလ်ဖွင့်ပွဲတို့ စတာတွေမှာလည်း အစမ်းလေ့ကျင့်ပွဲဆိုတာ မရှိသင့်ပေဘူးလားပေါ့။
အစမ်းလေ့ကျင့်မှုဆိုတာမျိုးဟာ လိုအပ်မှ လုပ်သင့်တာဖြစ်ပါတယ်။ အစမ်းလေ့ကျင့်မှုပြုလုပ်တဲ့အခါ ကုန်ကျစရိတ်ဆိုတာ အနည်းအများရှိတတ်ပါတယ်။ မလိုအပ်တာကို မလုပ်တဲ့အခါ အဲဒီ အနည်းအများ ကုန်ကျစရိတ်ဆိုတာကို ကာမိနိုင်ပါတယ်။
အစမ်းပွဲတွေဆိုတာကို တပွဲတလေလောက်ပဲလို့ မထင်မြင် မယူဆစေလိုပါ။ နိုင်ငံမှာ တက္ကသိုလ်ရှိသလောက် အစမ်းဘွဲ့ယူပွဲတွေဆိုတာ ဟိုကကျင်းပ ဒီကကျင်းပနဲ့ အားရ၀မ်းသာ ရှိနေကြတာပါ။ အစမ်းလေ့ကျင့်ပွဲ ကုန်ကျစရိတ်ဆိုတာကို အကြမ်းဖျဉ်းအနေနဲ့ တွက်ကြည့်ကြစေလိုပါတယ်။ ဒါမှလည်း အံ့သြခြင်းရသဆိုတာကို ခံစားမိနိုင်အောင်လို့ပဲ ဖြစ်ပါတယ်။
မိဘတွေအနေနဲ့ကလည်း အစမ်းလေ့ကျင့်ပွဲအတွက် ကုန်ကျမယ့်စရိတ်ကို ဘွဲ့ယူမယ့် သားငယ် သမီးငယ်များအတွက် ချီးကျူးဂုဏ်ပြုတဲ့အနေနဲ့ ဆုချမယ်၊ ဒါမှမဟုတ်ရင်လည်း လိုအပ်တဲ့ နေရာမှာ သုံးစွဲလိုက်ရင်၊ ဥပမာဆိုပါစို့၊ ဘွဲ့ယူတဲ့နေ့မှာ သုံးရမယ့်ငွေအဖြစ် သတ်မှတ်လိုက်ရင် အားလုံးအတွက် ၀မ်းသာစရာပါ။ ဒီလိုသတ်မှတ်နိုင်အောင်က အစမ်းလေ့ကျင့်ပွဲဆိုတာ မရှိမှ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
အစမ်းဘွဲ့ယူလေ့ကျင့်ခြင်းဆိုရင် ဖြစ်သင့်တာက ၀တ်စုံပြည့်အစမ်းလေ့ကျင့်ခြင်း ဖြစ်ရင် ပိုမကောင်းဘူးလား။ ဒါမှ ဘွဲ့ဝတ်စုံကို ဘယ်လိုဝတ်ရမယ်၊ ဦးထုပ်ကို ဘယ်လိုဆောင်းရမယ်၊ လမ်းလျှောက်ရင် အဆင်ပြေ မပြေ ၊ ဘွဲ့နှင်းသဘင်ခန်းမ အနေအထားက ဘယ်လို၊ ယူတဲ့အခါ ဓါတ်ပုံကောင်းရအောင်လို့ ဘယ်လိုအနေအထားရှိရမယ် စတာတွေကို ဘွဲ့ယူမယ့် မောင်မယ်တွေ လေ့လာနိုင်မှာ ဖြစ်ပါတယ်။
ဘွဲ့ရတယ်ဆိုတာဟာ သက်ဆိုင်ရာပညာရပ်နဲ့ပတ်သက်လို့ ဘောင်ထဲကသတ်မှတ်ထားတဲ့ သင်ရိုးညွှန်းတမ်းပါ အရာရာ အ၀၀ကို သင်ယူပြီးသွားပြီ၊ သက်ဆုံးတိုင် စဉ်ဆက်မပြတ် ဆက်လက် လေ့လာနိုင်ဖို့ (3L - Life Long Learning လို့ ပြောကြဆိုကြပါတယ်) သင့်တော်သူဖြစ်ပြီဆိုတဲ့ အသိအမှတ်ပြုလက်မှတ်ကို သက်ဆိုင်ရာ ကောလိပ်တွေ တက္ကသိုလ်တွေက သတ်မှတ်ပေးလိုက်တာပဲဖြစ်ပါတယ်။ လက်တွေ့နယ်ပယ် လုပ်ငန်းခွင်ကို ၀င်ရောက်တဲ့အခါ အချိန်အတော်ကြာကြာ လေ့လာခဲ့တဲ့ ပညာရပ်ကို အသုံးချနိုင်တဲ့သူ ဖြစ်ပါတယ်၊ ဖြစ်နိုင်ပါတယ်လို့ ထောက်ခံပေးလိုက်တာပဲဖြစ်ပါတယ်။
အနုပညာရပ်နဲ့ဆိုင်တဲ့ ကပွဲတွေမှာ တကယ့်ပွဲကြီးမကျင်းပမီ တစ်ရက်နှစ်ရက်အလိုကို အစမ်းလေ့ကျင့်တဲ့နေ့အဖြစ် သတ်မှတ်ပြီး ၀တ်စုံပြည့်အစမ်းလေ့ကျင့်ကြရပါတယ်။ ဒီလိုအစမ်းလေ့ကျင့်မှုရှိမှလည်း ပွဲကတဲ့အခါမှာ ဘယ်လို လိုအပ်ချက်တွေ ပြုပြင်စရာတွေရှိနိုင်မလဲဆိုတာ သိနိုင်ပြီး လာမယ့်ပွဲကြီးအတွက် ပြည့်စုံမှုရှိအောင် ပြင်ဆင်နိုင်ပါလိမ့်မယ်။
ဘွဲ့ယူတဲ့ အခမ်းအနားမျိုးကြပြန်တော့ ပွဲကတဲ့ပုံစံမျိုးမဟုတ်ပြန်ပါဘူး။ ဘွဲ့နှင်းဘဘင်အခမ်းအနားအတွက် အစမ်းလေ့ကျင့်မှုဆိုတာကို အခုကာလမှာ ဖျောက်လိုက်နိုင်ရင် အတော်ကောင်းမှာပဲလို့ တွေးမိပါတယ်။ ဒီလိုအစမ်းလေ့ကျင့်မှုဆိုတာက ပေးမယ့် အဖွဲ့အစည်းအနေနဲ့ကပဲ သူတို့အချင်းချင်းအနေနဲ့ ဇာတ်တိုက်မှုပြုလုပ်တာက ပိုမိုသင့်တော်မယ့် အပိုင်းရှိပါတယ်။
အစမ်းလေ့ကျင့်ပွဲသာ မရှိတော့ရင် ကိုယ်စီကိုယ်စီ အလှပြခွင့်၊ သူငယ်ချင်းများနဲ့ စုပေါင်းဓာတ်ပုံရိုက်ခွင့်တွေ ဆုံးရှုံးသွားမှာပေါ့လို့ ဆိုနိုင်ပါတယ်။ ဘွဲ့ယူတဲ့နေ့မှာပဲ ဆောင်ရွက်နိုင်ပါတယ်။ ဘွဲ့နှင်းသဘင်မကျင်းပမီနဲ့ အခမ်းအနားပြီးဆုံးတဲ့အခါတွေမှာ အားပါးတရရိုက်နိုင်ပါတယ်။ ဒီနေ့ အစမ်းလေ့ကျင့်ပွဲ၊ နောက်တနေ့မှာ ဘွဲ့နှင်းသဘင်အခမ်းအနား၊ ဒီလိုရက်ဆက်ဖြစ်နေတဲ့အခါ အနည်းငယ်တော့ ပင်ပန်းကြပါတယ်။ အစမ်းလေ့ကျင့်ပွဲနေ့ဆိုတာ မရှိတော့ရင် ဘွဲ့ယူတဲ့နေ့ တနေ့တည်းကိုသာ အာရုံစူးစိုက်နိုင်ပါလိမ့်မယ်။ ဒီအတွက် ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပတဲ့အဖွဲ့အစည်းအနေနဲ့သော်လည်းကောင်း၊ အခမ်းအနားကို တက်ရောက်တဲ့ ပရိသတ်အနေနဲ့သော်လည်းကောင်း တိုက်ရိုက် အကျိုးကျေးဇူးများနိုင်ပါတယ်။
ဘွဲ့အပ်နှင်းခြင်းအခမ်းအနားနဲ့ ဆိုင်တဲ့ သိမှတ်ဖွယ်ရာများ၊ ဆောင်ရန် ရှောင်ရန်များကို သက်ဆိုင်ရာတက္ကသိုလ်တွေကနေ ကြိုတင် ထုတ်ပြန်ထားနိုင်ရပါမယ်။ အစမ်းလေ့ကျင့်ပွဲမရှိတော့တဲ့အတွက် ထိုပွဲအတွက် ကုန်ကျမယ့် အ၀တ်အစားဖိုး၊ အပြင်အဆင်၊ သွားလာစားသောက်မှု စတဲ့အသုံးစရိတ်တွေကို ကာမိစေပါတယ်။
တတ်နိုင်တဲ့ မိဘများအတွက် အစမ်းလေ့ကျင့်ပွဲဆိုတာဟာ သူတို့သားသမီးတွေအတွက် မပြောပလောက်တဲ့ ကုန်ကျစရိတ်ဖြစ်ပေမယ့် တချို့သော မိဘတွေအတွက်မှာတော့ ကိုယ့်သားသမီးတွေ သူတို့လေးတွေရဲ့ မိတ်ဆွေအပေါင်းအသင်းများကြားမှာ မျက်နှာမငယ်ရအောင် မနည်းဖြည့်ဆည်းပေးရတာဟာ တာဝန်အတော်ကြီးပါလိမ့်မယ်။
ဘွဲ့ယူအခမ်းအနားဆိုတာကို ဘွဲ့ယူမောင်မယ်များအနေဖြင့်၊ သူတို့ရဲ့ မိဘအုပ်ထိန်းသူများအနေဖြင့် “အို ငါတို့တွေ (သူတို့တွေ) တသက်မှာ တခါသာယူရတာ ကုန်ချင် ကုန်ပလေ့စေ၊ သုံးလိုက်စမ်းပါ၊ ကုန် ဘာအရေးလဲ၊ နောက်မှ ပြန်ရှာတာပေါ့” လို့ ခံယူတတ်ကြပါတယ်။ ကုန်ချင် ကုန်ပလေ့စေ ဆိုတဲ့ စိတ်ထားမျိုးကို မှန်မှန်ကန်ကန် အသုံးချနိုင်ရပါမယ်။
နောက်တချက်က ဘွဲ့ယူတဲ့အခါ မှတ်တမ်းတင်ဓာတ်ပုံနဲ့ ပတ်သက်လို့ပါပဲ။
ဘွဲ့နှင်းသဘင်အခမ်းအနားမှတင် မဟုတ်ပါဘူး။ ဘယ်လိုပွဲပဲဖြစ်ဖြစ် ပေးတဲ့ပွဲ လက်ခံတဲ့ပွဲတွေမှာ ပေးအပ်နေတဲ့ပုံ၊ တဖက်ကလည်း လက်ခံနေတဲ့ပုံကို မှတ်တမ်းတင်တဲ့အနေနဲ့ ဓာတ်ပုံတွေ ရိုက်ကြပါတယ်။ အဲဒီအခါမှာ မတ်တပ်ရပ် ဘေးတစောင်းအနေအထားကနေ ရှေ့တည့်တည့်က ကင်မရာရိုက်နေတဲ့ဘက်ကို မျက်နှာလှည့်ပေးပြီး အရိုက်ခံကြပါတယ်။ ဦးခေါင်းပိုင်းပဲ မျက်နှာက ဓာတ်ပုံရိုက်သူဘက် တည့်တည့်ဖြစ်ပြီး ကိုယ်ခန္ဓာတစ်ခုလုံးက ဘေးတစောင်းဖြစ်နေပါတယ်။
တချို့ကျပြန်တော့လည်း ပေးတဲ့သူကိုပဲ ကြည့်ပြီး ယူပါတယ်။ ပေးတဲ့သူက မျက်နှာကိုပဲ ဓာတ်ပုံရိုက်နေသူဘက် အတည့်ဖြစ်အောင် လှည့်လိုက်တဲ့အခါမှာ ယူတဲ့သူက ပေးတဲ့သူကို ကြည့်နေတယ်၊ ပေးတဲ့သူက ယူတဲ့သူကို မကြည့်ဘဲ စင်အောက်က ဓာတ်ပုံဆရာကို ကြည့်နေတယ် ဆိုတဲ့ အမှတ်တရပုံများထွက်လာပါတယ်။
အကောင်းဆုံးအနေအထားက ပေးတာကို ယူတယ်။ အမှတ်တရ ဓာတ်ပုံရိုက်တယ်။ ပေးသူ ယူသူ နှစ်ယောက်စလုံး စင်အောက်က ပရိသတ်ဘက် မျက်နှာအပါအ၀င် ကိုယ်ခန္ဓာကို ဒီဂရီအနည်းငယ် စောင်းပေးလိုက်ရုံနဲ့ ကောင်းမွန်တဲ့ အမှတ်တရဓာတ်ပုံရသွားနိုင်ပါတယ်။ အင်တာနက်တွေ လူမှုကွန်ရက်တွေ အသုံးများနေတဲ့အခုလို ကာလမှာ ပုံကောင်းရဖို့အတွက် ဒီလိုမယူနဲ့၊ ဒီလိုယူ ဆိုပြီး ဓာတ်ပုံများနဲ့တကွ ဘွဲ့နှင်းသဘင်ပွဲ မတိုင်မီ ဖော်ပြပေးနိုင်ပါတယ်။
နောက်ဆုံးတချက်အနေနဲ့ကတော့ ဘွဲ့ယူတဲ့ အခမ်းအနားတွေမှာ ဘွဲ့ယူမောင်မယ်များကိုယ်စား တယောက်ယောက်ကများ ကျေးဇူးတင်စကားတို့ အမှတ်တရစကားတို့ ပြောခွင့်မရသေးတာကလည်း ဘွဲ့ယူမောင်မယ်များကို စင်ပေါ်မတင်ရဲသေးတဲ့၊ ပွဲမထုတ်ရဲသေးတဲ့ သဘောမျိုးဖြစ်နေမလားပါပဲ။ ဘွဲ့ယူမောင်မယ်များကိုယ်စား စကားပြောခွင့်ရမယ်ဆိုရင် အဲဒီ ပြောခွင့်ရတဲ့သူရဲ့ စကားပြောစွမ်းရည်၊ စကားပြောဟန်၊ မျက်နှာနဲ့ ခြေဟန်လက်ဟန် အမူအရာ စတာတွေအပေါ်မူတည်ပြီး ဘွဲ့ယူအခမ်းအနားဟာ ပိုမိုခမ်းခမ်းနားနား ပျော်ပျော်ရွှင်ရွှင်ဖြစ်ကြမယ်လို့ မျှော်လင့်စရာရှိပါတယ်။
ဆိုင်ရာဆိုင်ရာတက္ကသိုလ်တွေကနေ ဆိုင်ရာဆိုင်ရာဘွဲ့တွေကို ရယူကြမယ့် မောင်မယ်များ ရွှင်လန်းချမ်းမြေ့ကြပါစေ။

Comments