ဌေးမင်းခိုင် ● Consequential Law and Fundamental Law
(မိုးမခ) ဇန်နဝါရီ ၂၃၊ ၂၀၁၈
(မိုးမခ) ဇန်နဝါရီ ၂၃၊ ၂၀၁၈
ဆယ်တန်းရူပဗေဒမှာ မေးခွန်းတမျိုးပါပါတယ်။ concept တွေ Law တွေဟာ အခြေခံကျလား (fundamental law ဟုတ် လား) ဆိုတဲ့ မေးခွန်းပါ။
ဥပမာ Ohm's law ဟာ fundamental law ဟုတ်လား၊ power concept ဟာ အခြေခံကျလားဆိုတဲ့ မေးခွန်းမျိုးပါ။
ကျနော့်အမြင်တော့ ဖြစ်စဉ်ဖြစ်ရပ်တခုခုရဲ့ ဂုဏ်သတ္တိအချင်းအရာကို အခြေခံကျကျရှင်းပြနိုင်ရယ် အဲ့ဒါ fundamental law ပါ။
ဥပမာ နယူတန်ရဲ့ Motion Law တွေဟာ လှုပ်ရှားမှုရဲ့ အခြေခံသဘောကို ဂဃနဏရှင်းပြနိုင်လို့ fundamental law တွေပါ ပဲ။ (matter တွေရဲ့ လှုပ်ရှားမှုဖြစ်ဖြစ်၊ wave တွေရဲ့ လှုပ်ရှားမှုပဲဖြစ်ဖြစ်၊ မျဉ်းဖြောင့်လှုပ်ရှားမှုပဲဖြစ်ဖြစ်၊ မျဉ်းကွေးလှုပ်ရှားမှု ပဲဖြစ်ဖြစ် သူ့လောတွေနဲ့ ရှင်းပြလို့ ရပါတယ်)
သချာင်္ရှုထောင့်က ပြောရရင် fundamental law တွေကို တခြားအီကွေးရှင်းတွေ၊ လောတွေကနေ ဆင့်ပွားတွက်လို့ မရပါ ဘူး။ (သူက အခြေခံမူလဖြစ်နေတာကိုး)
နောက်တမျိုးကတော့ အဖြစ်အပျက်ကိုတော့ ရှင်းနိုင်တယ်၊ ဘာကြောင့်လဲဆိုတဲ့ အခြေခံသဘောတရားတော့ မပါပါဘူး။ အဲဒါတွေကတော့ Consequential Law တွေပါ။ တနည်းအားဖြင့် သူတို့က ဘာတွေ ဘယ်လိုဖြစ်လာတယ်ဆိုတာတော့ ပြောတယ်၊ ဘာကြောင့်လဲဆိုတာတော့ မပြောနိုင်ပါဘူး။ ဒါမှမဟုတ်
အကန့်အသတ်ဖြစ်နေတဲ့ ယေဘုယျသွင်ပြင်လက္ခဏာလောက်ကို ပြောပြနိုင်ပြီး အားလုံးနဲ့ဆိုင်တဲ့ သဘောသဘာဝကို မပြောနိုင်ပါဘူး။
နောက် သချာင်္ရှုထောင့်က ပြောရရင် Consequential Law တွေကို သူ့ထက်ပိုပြီး အခြေခံကျတဲ့ fundamental law တွေ ကနေ ဆင့်ပွားတွက်လို့ ရပါတယ်။
ဥပမာ အုမ်းလောဟာ V တိုးလာရင် I တိုးလာမယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာ လျှပ်ကူးပစ္စည်းတွေရဲ့ ယေဘုယျသွင်ပြင် လက္ခဏာသာ ဖြစ်တယ်။ ပြီးတော့ လျှပ်ကူးပစ္စည်းအားလုံးနဲ့ဆိုင်တဲ့ မှန်တဲ့အဆိုပြုချက်လည်း မဟုတ်ပါဘူး။ current နဲ့ resistance တွေအကြောင်းကို စက်ကွင်းသီအိုရီ (electric field) ရှုထောင့်ကနေ ကောင်းကောင်းရှင်းပြနိုင်ပါတယ်။ (နောက် အုမ်းလောကို Maxwell ရဲ့ အီကွေးရှင်းတွေက တွက်ထုတ်ပြလို့ရပါတယ်တဲ့။ ဆိုတော့ လျှပ်စစ်သံလိုက်မှာ Maxwell's equation တွေက Fundamental ဖြစ်ပြီး Ohm's law က Consequential ပါ။
အဲလိုပါပဲ ... ကြိုးတချောင်းမှာ ဖြစ်လာတဲ့ တန့်လှိုင်းတွေရဲ့ အလျင်ဟာ ကြိုးတင်းအားရဲ့ နှစ်ထပ်ကိန်းရင်းနဲ့ တိုက်ရိုက်အချိုး ကျပြီး mass per unit length နှစ်ထပ်ကိန်းရင်းနဲ့ ပြောင်းပြန်အချိုးကျဆိုတဲ့ concept ဟာ fundamental မဟုတ်ပါဘူး။ အဲ့ဒီလော (အီကွေးရှင်း) ကို နယူတန်ရဲ့ နိယာမတွေကနေ တွက်ထုတ်လို့ ရပါတယ်။
Hooke's law တို့ Pascal law တို့ဆိုလည်း Fundamental Law တွေ မဟုတ်ပါဘူး။ အရင်းခံက အား (force)နဲ့ လှုပ်ရှားမှု (motion)ပါပဲ။
Snell's law ဆိုလည်း ယိုင်ထောင့်နဲ့ ရိုက်ထောင့်တို့ရဲ့ အဆက်အစပ်ကို ပြောပြနိုင်ပေမယ့် ဘာကြောင့်အလင်းယိုင်လဲဆိုတာကိုတော့ မပြောနိုင်ပါဘူး။ ပြောပြနိုင်တာက လှိုင်းသီအိုရီ (wave theory)ပါ။ နောက် Snell's law ကို သူ့ထက် ပိုပြီးအရင်းခံကျတဲ့ Fermat's principle of least time ကနေလည်း တွက်ထုတ်ပြနိုင်ပါတယ်။
law of heat exchange ဆိုလည်း အဲလိုပါပဲ။ consequential law ပါ။ Fundamental Law က law of conservation of energy ပါ။
fundamental ပဲဖြစ်ဖြစ် consequential ပဲဖြစ်ဖြစ် သူ့ဟာနဲ့သူကတော့ လှနေတာပါပဲ။
ဒါပေမဲ့ consequential law လား fundamental law လား သိသင့်ပါတယ်။ အဲလိုမသိဘဲ consequential ကို fundamental လို့ ထင်နေရင် ပြဿနာအကြီးအကျယ် တက်ပါလိမ့်မယ်။
ဥပမာ အုမ်းလောကို fundamental law လို့ ထင်နေရင် semiconductor တွေမှာ V တိုးပေမယ့် I မတိုးတဲ့အဖြစ်တွေကို လက်ခံနိုင်မှာ မဟုတ်ပါဘူး။
negative resistance ဆိုရင် ဖင်တောင် ပိတ်ငြင်းပါလိမ့်မယ်။
ဒါပေမဲ့ ရုပ်လောကဖြစ်လို့ သိပ်ပြဿနာမရှိပါဘူး။ လက်တွေ့သက်သေ ပြလို့ရတာကိုး ... ။
ပြဿနာက ဘဝနဲ့ ပတ်သက်တဲ့ လောကနိယာမတွေမှာ consequential ကို fundamental ထင်ပြီး ရောကျိတ်တာပါပဲ။ အဲဒီမှာ ပြဿနာတက်ပါတော့တယ်။
တက်တာမှ အကြီးအကျယ်ပါ ... ။
ဥပမာ တစ်ခုနှစ်ခုလောက်ပဲ ပြောပါ့မယ်။
တစ်က လူသိအများဆုံးဖြစ်တဲ့ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်ဆိုတဲ့ ကမ္မနိယာမပါ။ ကျနော့်အမြင်တော့ ကမ္မနိ ယာမဟာ consequential law ပါ။
ဘာလို့လဲဆိုတော့ အကျိုးအကြောင်းဆက်နွယ်မှုအများကြီးထဲကမှ တခုလောက်ကိုပဲ ဆွဲထုတ်ပြထားလို့ပါ။ တကယ်က ကောင်းတာလုပ်တိုင်းလည်း ကောင်းတာဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ အဟောသိကံဖြစ်သွားတာ ရှိမယ်၊ အကျိုးမပေးသေးတာ ရှိမယ်၊ နောက် သူ့ရဲ့စိတ်စေတနာ၊ ဝန်းကျင်အထောက်အပံ့၊ လုပ်ပုံလုပ်နည်း ... စသည်ဖြင့် အကြောင်းအချက်တွေ အများကြီးပါ။ (ဥပမာ နဖူးမှာ နားနေတဲ့ခြင်ကို ပေါက်ဆိန်နဲ့ ထုသတ်တဲ့ စေတနာမျိုးက ကောင်းကျိုးပေးလိမ့်မယ်လို့ ပြောဖို့ တော်တော်ခက်ပါတယ်)
ပြောရရင် ကမ္မနိယာမဟာ မပြည့်စုံပါဘူး။ ယေဘုယျအသွင်အပြင်တချက်ကိုပဲ ပြောပြလို့ပါ (အုမ်းလောလိုပေါ့ဗျာ)။ ဘာကြောင့်ဘယ်လိုဆိုတာတွေလဲ မပါပါဘူး။ ကျနော်ဉာဏ်မီသလောက်တော့ အကျိုးနဲ့အကြောင်းတို့ရဲ့ အဆက်ဆစပ်ကို ဘာကြောင့်ဘယ်လိုဆိုပြီး ပြည့်ပြည့်စုံစုံရှင်းပြပေးတာ ပဌာန်းဒေသနာတော်ပါ။ တနည်းအားဖြင့် ပဌာန်းဒေသနာတော်ဟာ fundamental law ပါ။ consequential ဖြစ်တဲ့ ကမ္မနိယာမကို ပဌာန်းကနေ ဆွဲထုတ်လို့ ရပါတယ်။
consequential ဖြစ်တဲ့ ကမ္မနိယာမကိုပဲ fundamental လို့ ထင်နေတဲ့သူရှေ့မှာ ကုသိုလ်ကလည်း အကုသိုလ်ကို ဖြစ်စေတယ် (အထောက်အပံ့ပေးတယ်)၊ အကုသိုလ်ကလည်း ကုသိုလ်ဖြစ်စေတယ် (အထောက်အပံ့ပေးတယ်)လို့များ ပြောလိုက်ရင် ထအရိုက်ခံရဖို့ပဲရှိပါတယ်။ ဒါပေမဲ့ အမှန်က အဲ့ဒါ ဘုရားရှင်ဟောခဲ့တဲ့ ပဋ္ဌာန်းဒေသနာတော်ထဲက ဥပနိဿ ယပစ္စယောပါ။
နောက် ကမ္မနိယာမကိုပဲ fundamental လို့ စွဲမှတ်ထားတဲ့ လူတယောက်ဟာ ကောင်းတာလုပ်လည်း လောလောဆယ် မကောင်းတာတွေပဲ ဖြစ်နေရင် ငါမကောင်းခဲ့လို့ပဲဆိုတဲ့ determinism ဖက်ကို ယိမ်းသွားပါ့မယ်။ (ဘုရားရှင်အလိုအရ determinism ဆိုတာ ဒိဋ္ဌိတမျိုးပါ)
နောက်ထပ် ဥပမာတခုလောက် ထပ်ပြပါ့မယ်။
လှူတန်းခြင်းဟာ ချမ်းသာကြွယ်ဝစေတယ်ဆိုတာလည်း fundamental concept/law မဟုတ်ပါဘူး။ သူကလည်း ယေဘုယျအကြောင်းအချင်းအရာတစ်ခုကိုပဲ ပြောပြတာပါ။ ဒါပေမဲ့ အဲဒါကိုပဲ fundamental လို့ ထင်တဲ့အခါ လှူရင် ချမ်းသာမယ်၊ မချမ်းသာရင် မလှူလို့ဆိုတဲ့ အမြင်မျိုးတွေ ဖြစ်လာပါတော့တယ်။
အဲလိုစိတ်အခံတွေကြောင့်ပဲ ရက်စက်တဲ့အာဏာရှင်တွေကို ဘုန်းတန်ခိုးကြီးလှချည့်ဆိုပြီး ရိုကျိုးတာပါ။ တိုင်းပြည်နဖူး သိုက်တူးတဲ့ ဝိသမလောဘသားတွေကို ရှေးအတိတ်ကံ ကောင်းလှချည့်လားဆိုပြီး အားကျတာပါ ... ။
အဲလိုနဲ့ပဲ ...
တရားထူးရရင် ငြိမ်းချမ်းမှာပဲ (မြန်မာပြည်ကြီး မငြိမ်းချမ်းသေးတာ တရားထူးမရကြသေးလို့)
လှူခဲ့ရင် ချမ်းသာမှာပဲ (နင် အခုဆင်းရဲနေတာ အရင်က မလှူခဲ့လို့)
သီလလုံရင် အသက်ရှည်မှာပေါ့ (မြန်မာပြည်ရဲ့ ပျမ်းမျှသက်တမ်းက အာရှရဲ့ အနိမ့်ဆုံးတွေထဲမှာပါနေတာ နင်တို့တွေ သီလမလုံလို့)
စတဲ့ စတဲ့ ... ငါးမူးလို တစ်မတ်လို အတွေးအမြင်တွေ မင်းမူလာတော့တယ်။
(နောက်ဆို နင်တို့ ပညာရည်နိမ့်ရတာ အရင်ဘဝက ဖယောင်းတိုင်မလှူခဲ့လို့လို့များ ပြောမလားမသိ)
အမှန်က အဲဒီ့ concept တွေက မမှားပါဘူး။
မှားတာက consequential နိယာမတွေကို fundamental လို့ ထင်တာပါ။
အဲလိုနဲ့ပဲ
- ကမ္ဘာမှာ အငြိမ်းချမ်းဆုံး၊ လောကပါလတရားတွေ အထွန်းကားဆုံး တိုင်းပြည်လို့ ကြွေးကြော်ပြီး ကမ္ဘာ့အရှည်ဆုံးပြည် တွင်းစစ်ကြီး ဆင်နွှဲနေတဲ့တိုင်းပြည် ဖြစ်လာတယ်။
- စစ်မှန်တဲ့ဘာသာတရား ထွန်းကားလို့ ဒီတိုင်းပြည်မှာ လူဖြစ်ရတာ အလွန်ကံထူးတာလို့ ရေရွတ်ကြပြီး နော်ဝေတို့ နယ်သာ လန်တို့လို ဖွံ့ဖြိုးပြီးတိုင်းပြည်တွေမှာ နေထိုင်အသက်မွေးရမယ်ဆို သိန်းထီဆယ်ခါပြန်ပေါက်သလောက် ဝမ်းသာတဲ့ တိုင်း ပြည်ဖြစ်လာတယ်။
- မရှိလို့ မလှူ၊ မလှူလို့ မရှိ မဖြစ်ရလေအောင်ဆိုပြီး ပါးရိုက်ပြီး အလှူခံတဲ့ တိုင်းပြည်ဖြစ်လာတယ်။
အဲလိုနဲ့ပဲ ....
..........
................
မေတ္တာသုတ်ကို တက်တခေါက်ခေါက်နဲ့ ရွတ်တဲ့ တိုင်းပြည်ဖြစ်လာတယ် .... ။
မင်္ဂလာပါ မိရွှေပြည် .... ။
Comments