ဗိုလ်ထက်မင်း – လမ်းခုလတ် ၂၀၁၇၊ အမျိုးသားရင်ကြား ကွဲအက်ရေးဆီသို့လား (၄)


ဗိုလ်ထက်မင်း – လမ်းခုလတ် ၂၀၁၇၊ အမျိုးသားရင်ကြား ကွဲအက်ရေးဆီသို့လား (၄)
(မိုးမခ) ဖေဖော်ဝါရီ ၁၅၊ ၂၀၁၈

အမျိုးသားရင်ကြား ကွဲအက်ရေး ရှောင်ကျဉ် ပြီး ရဲဘော်ရဲဘက်စိတ်နဲ့စိန်ခေါ်မှုတွေကိုကျော်လွှားကြစို့ - အပိုင်း(၄)

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆက်ဆံရေး


၂၇။ မြန်မာနိုင်ငံရေးအခင်းအကျင်းဟာ နက်တထက်နက်၊ ရှုတ်ထွေးပွေလီလာကာ စိန်ခေါ်မှုတွေ ပြည့်နှက်နေတာမို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒီလို အရေးကြီးလာတဲ့အချိန်ကာလမှာ တပ်မတော်ထိပ်ပိုင်းတာဝန်ရှိသူများအနေနဲ့ နီးနီးကပ်ကပ် ၀ိုင်းရံပေး မသင့်ဖူးလား၊ ဘာတွေစိုးရိမ်ကြောင့်ကျဖြစ်နေရတာလဲ၊ စိန်ခေါ်မှုအချို့ကိုတပ်မတော်က ၀င်ရှင်းပေးရင် မကောင်းပေဘူးလား၊ ဘယ်ချိန်ထိစောင့်ကြည့်ဦးမှာလဲ၊ အစိုးရနဲ့တပ်မတော် ဆက်ဆံရေး ကွန်ယက်ပိုခိုင်အောင် အမျိုးသားရင်ကြားစေ့ရေး ပိုပြီးစေ့နိုင်အောင် ဘယ်လိုတွေ ရှောင်ကျဉ် သတိထားပြီး နည်းလမ်းတွေ မရှာကြဖူးလား၊ စတာတွေသုံးသပ်တင်ပြသွားပါမယ်။

၂၈။ ၂၀၁၅ ရွေးကောက်ပွဲပြီး တပ်မတော်က အစိုးရသစ်နဲ့ပူးပေါင်းဆောင်ရွက်သွားမည်၊ ငြိမ်းချမ်းရေးရအောင် လက်တွဲဆောင်ရွက်ကြမည်၊ ဒီမိုကရေစီလမ်းကို အတူလျှောက်လှမ်းမည် ဆိုလိုက်လို့ ပြည်သူလူထု စိုးရိမ်စိတ်တွေ လျော့ပါးကာ ရဟန်းသံဃာတော်များပင် သာဓုခေါ်ကြပါတယ်။ စတင် တာ ထွက်ကတည်းက တပ်ချုပ်က ယခင်အစဉ်အလာကို စံချိန်ချိုးကာ အာဇာနည်နေ့တက်ရောက်ပေးကာ အလေးပြုပန်းခွေချတာ၊ အာဇာနည်နေ့အထိမ်းအမှတ် ဒေါ်အောင်ဆန်းစုကြည် အိမ်ဆွမ်းကျွေး တပ်ချုပ်တက်ရောက်ခြင်း၊ တပ်မတော်စစ်သမိုင်းပြတိုက်ကို ဒေါ်အောင်ဆန်းစုကြည်လာရောက် လေ့လာတာကို တပ်ချုပ်ကိုယ်တိုင်နွေးထွေးစွာကြိုဆိုရှင်းပြတာ လှပတဲ့ ပြကွက်တွေဟာ မြင်ရသူများ အဖို့ ခွန်အားဖြစ်စေပါတယ်။

 နောက်ပိုင်းကျတော့ တပ်ချုပ်ထံ သဘောထားတင်းမာသူ ယူနီဖေါင်ချွတ်တွေက အရောင်ဆိုး လော်ဘီလုပ် စည်းရုံးလှုံ့ဆော်နေလို့လား၊ တပ်ချုပ်ကိုယ်နှိုက်ကဘဲ စိတ်ပြောင်းသွားတာလား၊ ခပ်မှန်မှန် ဆက်ဆံလာတာတွေ့ရပါတယ်။ ဒီလိုဆက်ဆံရေး ကြဲသွားရခြင်း အကြောင်းရင်းတွေက ဖြစ်နိုင်တဲ့အချက်တချက်က ဘင်္ဂါလီဖြစ်စဉ်ဟာ သူတို့ ၂ ဦးအား စိန်ခေါ်လိုက်တာဘဲဖြစ်ပါတယ်။ ပေါင်းလုပ်မလား၊ ဟန်ဆောင်ပေါင်းပြီး ခွာ လုပ်မလားဆိုတာဘဲဖြစ်ပါတယ်။

ဘင်္ဂါလီကိစ္စဟာ အမျိုးသားလုံခြုံရေးနဲ့ တိုက်ရိုက်အချိုးကျနေတာမို့ ဒို့တာဝန်အရေး (၃) ပါးနဲ့ ဒဲ့ထိ နေတာဘဲဖြစ်ပါတယ်။ လူ့အခွင့်အရေးကို စံနှုန်းတခုလို့ခံယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အဖို့ ဘေးကျပ်နံကျပ်ဖြစ်နေလောက်ပါတယ်။

၂၉။ ယခုတလော မီဒီယာတွေမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကံဇာတာတက်နေတာ ပြည်သူလူထု ထောက်ခံမှုပိုရနေတာ နဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ဆက်ဆံရေးကြဲနေတာ ရေးကြပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ စပ်လျဉ်းပြီး နိုင်ငံခြားသား မြန်မာအရေးလေ့လာသူ Larry Jagan က 2018  Feb 2th နေ့ထုတ် ဧရာဝတီဝက်ဆိုဒ်ပါ ဆောင်းပါးကို ကောက်နှုတ်ဖေါ်ပြလိုပြီး အချို့အချက်အလက်များကို စာရေးသူသဘောမတူဘဲ ပြန်လည်ဆွေးနွေးလိုပါတယ်။

“ပဋိပက္ခဖြစ်နေသော ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများကို အစိုးရက ကိုင်တွယ်ပုံနှင့် ပတ်သက်သော ကြီးထွားနေသည့် နိုင်ငံတကာ မကျေနပ်မှုများ၊ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးကြသည့် ၎င်းတို့ကိုယ် ၎င်းတို့ ရိုဟင်ဂျာ ဟုခေါ်သော မွတ်စလင် ဒုက္ခသည် တသန်းနီးပါး၏ ဆိုးရွားလှသော အခြေအနေ၊ ၎င်းတို့၏ ဆန္ဒအလျောက် မြန်မာနိုင်ငံသို့ ဘေးကင်းစွာ ပြန်လာနိုင်ရန် စီစဉ်ခြင်း စသည့် အကျပ်အတည်းများသည် မြန်မာနိုင်ငံအတွက် မိတ်ဆွေ ကင်းမဲ့လုနီးပါး ဖြစ်သွားစေသည်။

လွန်ခဲ့သောနှစ် သြဂုတ်လက နယ်စပ် ရဲစခန်းများကို စစ်သွေးကြွတိုက်ခိုက်မှု အပြီး ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်က လူမျိုးစုသုတ်သင်ရှင်းလင်းမှု ပြုလုပ်သည်ဟု နိုင်ငံတကာ လူ့အခွင့်အရေးအုပ်စုများနှင့် ကုလသမဂ္ဂတို့က စွပ်စွဲခဲ့သည်။
 
တချိန်က မြန်မာ့ဒီမိုကရေစီ သူရဲကောင်းနှင့် အနောက်နိုင်ငံများ၏ အချစ်တော် ဒေါ်အောင်ဆန်းစုကြည် သည် နိုင်ငံတကာ နယ်ပယ်တွင် ပိုမို အထီးကျန် ဖြစ်လာသည်။ ပို၍ ပို၍ မိတ်ဆွေ နည်းလာပြီး ဂျပန်၊ ဥရောပသမဂ္ဂနှင့် အမေရိကန် စသည့် အနောက်နိုင်ငံများသည် ဒေါ်အောင်ဆန်းစုကြည် ကို ကျောခိုင်းလာကြသည်။”

၃၀။ အဆိုပါအပိုဒ်မှာ မြန်မာနိုင်ငံဟာ မိတ်ဆွေကင်းမဲ့လုနီးပါးဖြစ်သွားစေသည်ဟူသော ဆိုထားချက်ဟာ မှားယွင်းပြီး အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်းနိုင်ငံလို အိမ်နီးချင်းများရဲ့ ထောက်ခံမှုရထားလို့ နောက်ပိုင်းလုံခြုံကာ ဘင်္ဂလားဒေရှ်နိုင်ငံကွက်ကွက်ကလေးသာ စစ်မျက်နာဖွင့်ရန်သာ ကျန်တော့တာ ထောက်ပြလိုပါတယ်။ စစ်ရေးမဟာဗျူဟာအရ အနောက်နိုင်ငံတွေ အသည်းနှလုံး လေဟပ်သွားစေအောင် ကျောက်ဖြူနှင့် ကိုကိုးကျွန်းတွေမှာ ရုရှား၊ တရုတ်ကိုပေးကိုင်လိုက်ရင် ပွဲသိမ်းသွားမှာကို မတွက်မိထားဖူးထင်ပါတယ်။

အထူးသဖြင့် အနောက်နိုင်ငံတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို လိုအပ်တာထက် ဖိအားပိုမိုပေးနေလို့ စာရေးသူက ဘင်္ဂါလီဆောင်းပါးမှာတုံးက တရုတ်လက်အောက်သို့ လုံးလုံးလျားလျား ရောက်သွားလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။ ဆောင်းပါးတင်ပြီး မကြာခင်မှာပင် တပ်ချုပ်သာ မက ဒေါ်အောင်ဆန်းစုကြည်ပါ တရုတ်နိုင်ငံကို ရှေ့ဆင့်နောက်ဆင့် သွားရောက်ခဲ့ကာ ပေါက်ဖေါ်တရုတ်ကြီးက အားရပါးရတခမ်းတနားကြိုဆိုကာ မိန့်ခွန်းတောင် ဒေါ်အောင်ဆန်းစုကြည်ကို ပေးပြောလိုက်ပါသေးတယ်။ ရခိုင်ကိစ္စမှာ အမြဲတန်းပြိုင်ဘက်လိုဖြစ်နေတဲ့ ဂျပန်ဟာ တရုတ်နှင့်အတူ မြန်မာနိုင်ငံဘက် ရပ်တည်ပြလိုက်တာ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံ ထူးဆန်းတဲ့ ဖြစ်စဉ်တခုဖြစ်ပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးကို ပထမဆုံးသွားခွင့်ရတဲ့ သံတမန်အဖြစ်သွားခွင့် ပေးတာနဲ့ အထောက်အပံ့ ချက်ခြင်းပေးလိုက်တာ လေ့လာမှု အားနည်းတယ်လို့ မြင်ပါတယ်။ တရုတ်ဆို ရွေ့ပြောင်းတဲတွေ လှူပြီးပါပြီ။ အလားတူ တရုတ်ပြိုင်ဘက် အိန္ဒိယနိုင်ငံကလည်း ရခိုင်ကိစ္စမှာ မြန်မာဘက်ကို ရပ်တည်ထောက်ခံပေးလိုက်တာဖြစ်ပါတယ်။ အင်အားကြီးနိုင်ငံတွေ တရုတ်၊ အိန္ဒိယ၊ ဂျပန် တို့ရဲ့ထောက်ခံမှုရနေတဲ့ ဒေါ်အောင်ဆန်းစုကြည်အဖို့ ထွက်ပေါက်ဖြေသိမ့်စရာ နောက်ထပ်ရပါသေးတယ်။ အာဆီယံနိုင်ငံတွေထဲမှာ မလေးရှားနဲ့အင်ဒိုနီးရှား ၂ နိုင်ငံသာ ကျန်ပြီး နိုင်ငံအများစုက ဒေါ်အောင်ဆန်းစုကြည် ဘက်မှာရှိနေကာ ဖိလစ်ပိုင်နိုင်ငံဆိုရင် လူ့အခွင့်အရေးအဖွဲ့တွေ အော်တိုင်း ဂရုစိုက်ရန်မလိုကြောင်းနဲ့ ဂရုဏာသက်ကြောင်း အားပေးသွားပါတယ်။

ဒါ့အပြင် တပ်ချုပ်ရဲ့ စည်းရုံးရေးအရ တပ်မတော်ကာကွယ်ရေး အင်အားတောင့်တင်းအောင် ရုရှားနိုင်ငံက
(SU30/YAK 130) လေယာဉ် ၁၂ စင်းနဲ့ ပံ့ပိုးအစီအစဉ်များ၊ စစ်သင်္ဘောများ လာရောက် လည်ပတ်မည်ဟု ဆိုလိုက်လို့ အမေရိကန်နိုင်ငံကပင် စိုးရိမ်သောက လေသံများ ထွက်ပေါ်လာပြီးဖြစ်ပါတယ်။

အထူးသဖြင့် အမေရိကန်သမ္မတဟာ အမျိုးသားရေးဝါဒကို လက်ကိုင်စွဲထားတာမို့ အမေရိကန်ပေါ်လစီမူဝါဒ ကိုင်စွဲသူများဟာ သမ္မတစိုးရိမ်တဲ့ မြောက်ကိုးရီယားနဲ့မြန်မာ ချိတ်ဆက်မှု လုပ်ကြံသတင်း/ လှည့်တိုက်ပေးလိုက်တာဟာ ရိုးသားမှု မရှိကြောင်းပေါ်လွင်ပါတယ်။  အမေရိကန်သမ္မတဟာ မြန်မာကိစ္စ စိတ်ပါဝင်စားမှုမရှိကြောင်း ဘင်္ဂလားဒေရှ်ဝန်ကြီးချုပ်ထံက အသံထွက်လာကတည်းက ပိုပြီးစွက်ဖက်ရအောင် ဒီဇာတ်လမ်းသတင်း ထွင်တာမျိုးဖြစ်ပါတယ်။ ဒီအတိုင်းသာဆက်သွားရင် အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ်သြဇာလွမ်းမိုးမှု ထိုးကျသွားမှာဖြစ်ပြီး ပုံရိပ်မကျစေဖို့ ရခိုင်ဒေသဘင်္ဂါလီတွေအပေါ် ရပ်တည်ချက်မူဝါဒကို ပြန်လည်စဉ်းစား သုံးသပ်ပြင်ဆင်ဖို့ အချိန်နည်းနည်းဘဲ ကျန်ပါတော့တယ်။ မူလကတည်းက ဘင်္ဂါလီတွေလွမ်းမိုးထားတဲ့ ဗြိတိန်ရဲ့  ဆွဲဆောင်စည်းရုံးဖိအားပေးမှု၊ OIC ရဲ့စည်းရုံးမှုကြောင့်သာ စိတ်မပါတပါ လိုက်ခဲ့ရတဲ့အမေရိကန်အဖို့ တရုတ်သြဇာလွမ်းမိုးမှုကို ချေဖျက်ချင်တိုင်း ဘင်္ဂါလီ issue ဆက်ကိုင်ရင် တန်ပြန်ဆိုးကျိုးသက်ရောက်မှုအဖြစ် ကျောက်ဖြူနှင့် ကိုကိုးကျွန်းတွေမှာ တရုတ်နဲ့ရုရှားစစ်သင်္ဘောများ မြင်သွားနိုင်တယ်ဆိုတာ အသိပေးလိုပါတယ်။

“စံချိန်ချိုးအောင် သူတို့အပြင်းထန်ဆုံး အပိတ်အဆို့ခံထားခဲ့တဲ့ ဦးသန်းရွှေတောင် အေးဆေး သာသာ နေသွားတာ သူ့ထက်အများကြီး အခွင့်အလမ်းသာတဲ့ ဒေါ်အောင်ဆန်းစုကြည်အဖို့တော့ ပျင်းတောင်ပျင်းသေးတယ် ဆိုတာပဲ" ပြောလိုပါတယ်။

တဖန် ...

“ဆိုးရွားလာသော နိုင်ငံရေးအကျပ်အတည်းတွင် မြန်မာ့တပ်မတော်အကြီးအကဲသည် အဓိက အရေးပါသူ ဖြစ်လာသည်။ သူနှင့် တိုင်းပြည်၏ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့သည် တဦးနှင့် တဦး မယုံကြည်ဘဲ ရှိကောင်းရှိမည် ဖြစ်သော်လည်း ရခိုင် အကျပ်အတည်းကို အစိုးရက ကိုင်တွယ်ပုံနှင့် ပတ်သက်ပြီး ပိုမိုဆိုးရွားလာသော နိုင်ငံတကာ ရုတ်ရုတ်သဲသဲ အခြေအနေများကြားတွင် သူသည် ဒေါ်အောင်ဆန်းစုကြည် အတွက် မရှိမဖြစ်လိုအပ်သော မဟာမိတ် ဖြစ်လာသည်။

၎င်းတို့ ၂ ဦးအကြား အသစ်တဖန် ပြန်လည် ဆန်းသစ်လာသော ပူးပေါင်းဆောင်ရွက်မှု လက္ခဏာ အဖြစ် ဒေါ်အောင်ဆန်းစုကြည် သည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ရာထူးသက်တမ်းကို၂၀၂၀ ရွေးကောက်ပွဲ အထိ နောက်ထပ် ၂ နှစ်တိုးမြှင့်ပေးလိုက်သည်ဟု အစိုးရ၏ အတွင်းလူများ အဆိုအရ သိရသည်။”

၃၁။ အတွင်းလူလို့ ဆောင်းပါးရှင်ဆိုထားရာ တပ်ချုပ်ရာထူး ပထမအကြိမ်တိုးခဲ့တဲ့ကာလဟာ ၂၀၁၆ ခုနှစ် မေလ ဆိုတာမှတ်မိပြီး ယခုလိုကြိုတင်စောပြီး ရာထူးတိုးပေးတာ မဖြစ်နိုင်လောက်ဖူးလို့ သုံးသပ်ပါတယ်။ ရာထူးတိုးပေးတာ မှန်ကန်ခဲ့မယ်ဆိုရင်တော့ အပြုသဘောဆောင်ကြိုဆိုရပါမယ်။

ဒါပေမဲ့မသေချာဘဲ ဒီလိုသတင်းရေးထားတာ မမှန်ခဲ့ရင် ခေါင်းဆောင် ၂ ဦးအား တိုက်ပေးသလို အန္တရာယ်ရှိပါတယ်။ ဒီသတင်းနဲ့ စပ်လျဉ်းပြီး KNUတို့ဧ။် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်ခဲ့သူ ဗိုလ်မှူးငွေစိုး (ငြိမ်း) အား ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

“ မင်္ဂလာပါ အကိုကြီး၊ လယ်ရီဂျက်ဂင်က တပ်ချုပ်ကို ဒေါ်စုက ၂နှစ် သက်တမ်းထပ်တိုးပေးလိုက်တာ ကြားတယ်လို့ဆိုထားတယ်၊ အဲဒါ ဟုတ်လား အကိုကြီး”

“ ကိုယ် အခုထိ ဒီသတင်းကို အတည် မပြုပါ၊ မဖြစ်နိုင်ဖူးလို့ထင်ပါတယ်။”

“ ဟုတ်တယ်၊ ကျနော်လည်း အဲဒီလိုသုံးသပ်တယ်။ ကျနော်မိတ်ဆွေအချို့က တပ်ချုပ်ကို လေးစားတဲ့ သူအချို့က ဒီသတင်းထွက်အောင် searching fire တမင် တောက်လိုက်တာလို့ဘဲ ပြောကြပါတယ်။”

“ညီလေးရေ တပ်ချုပ် မရှိရင် မရှိသေးရင်ဖြစ်ဖြစ် ၊ ပြည်ပ/နာမကျန်း နေတာတောင် တပ်မတော်ဆိုတဲ့ အဖွဲ့အစည်းက သူ့လမ်းကြောင်း၊မူဝါဒ၊နဲ့ အစဉ်အလာအတိုင်း ထိမ်းသွားနိုင်ပါတယ်။ တပ်ချုပ်ရာထူးနေရာဆိုတာက အင်စတီကျူးရှင်းရဲ့ အကြီးအမှူးပါ၊ အောက်အဆင့်ဆင့်မှာ ရှိနေသူများကလည်း မိမိထက် အဆင့် ၂ဆင့် မြင့်ရာထူးကို ချက်ခြင်းထမ်းဆောင်နိုင်ရမည်လို့ ရည်ရွယ်လေ့ကျင့် ထားတယ်”

တခါ  ...

“ဒုက္ခသည်များ ပြန်လာရေး၊ ရခိုင်ပြည်နယ်တွင် ပြန်လည် အခြေချရေး၊ ပြန်လည် သင့်မြတ်ရေးတို့ကို ကူညီရန် အစိုးရက သတိထား ရွေးချယ်ခဲ့သည့် နိုင်ငံတကာအကြံပေးအဖွဲ့တွင် ပါဝင်ရန် ဖိတ်ကြားခံရသော အမေရိကန် အထက်လွှတ်တော် အမတ် ဘီလ်ရစ်ချတ်ဆန် (Bill Richardson) ၏ မကျေနပ်မှုသည်လည်း အကြီးအကျယ် တုန်လှုပ် သွားစေခဲ့သည်။

အထူးသဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အပေါ် သူ၏ ဝေဖန်မှုသည် ထိခိုက်နစ်နာစေပြီး နိုင်ငံတကာ အသိုင်းအဝိုင်းတွင် အကြီးအကျယ် ရိုက်ခတ်နေမည် ဖြစ်သည်။ ထိုဖြစ်စဉ်သည် အစိုးရက စီစဉ်ထားသည့် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပြန်လည် ထိတွေ့ဆက်ဆံရေး အထူးသဖြင့် အနောက်နိုင်ငံများနှင့် တင်းမာမှု လျော့ပါးရေးကို နောက်ပြန်ကွေ့ သွားစေခဲ့သည်။”

၃၂။ အထက်ပါဆောင်းပါးရှင်ရဲ့နောက်ပြန်ကွေ့သွားဆိုတဲ့အချက်မှလွဲ၍ ကျန်တာလက်မခံပါ။ ဖိအားသက်ရောက်မှုရှိတိုင်း အကျိုးရလဒ် ထွက်ပေါ်လာမှာမဟုတ်သလို ဘီလ်ရစ်ချတ်ဆန်ရဲ့ လူမိုက်ဆန်ဆန် သရုပ်ပေါ်လွင်ပြီး အကြံပေးအဖွဲ့က ဆက်လက်ရှင်သန်နေကာ အာဆီယံကလည်း  ဒေါ်အောင်ဆန်းစုကြည်ကို ဖိအားတစုံတရာမပေးတဲ့အပြင် အားပေးတာတွေ့ရပါလိမ့်မယ်။

မြန်မာအစိုးရရဲ့ပိတ်ဆို့မှုကြောင့် လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စက်ယန်ဟီးလေးတစ်ယောက် အကျပ်ရိုက်သွားဟန်တူကာ အိမ်နီးချင်း ၂နိုင်ငံသာ ပတ်သွားပြီး တဖက်သတ် လေသံသာ ပြောဆိုလျှက်ရှိနေပါတယ်။ ရခိုင်ပြည်နယ်သတင်းလိုက်နေတဲ့ Reuters သတင်းထောက် ၂ ဦး ဖမ်းဆီးလိုက်တဲ့အပေါ် နိုင်ငံတကာက ဖိအားပေးခဲ့ပါတယ်။

ဒါကြောင့် ကိုဖီအာနန်ရဲ့အစီရင်ခံစာ  အကောင်အထည်ဖေါ်ရေးအတွက် ဖွဲ့လိုက်တဲ့အကြံပေးအဖွဲ့ ထဲမှာ US မှ Mr.Bill Richardson ကို နိုင်ငံတကာအဖွဲ့အစည်းတချို့ Reuters သတင်းဌာနနဲ့အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၊ သံအမတ်ကြီးတို့က ချဉ်းကပ်စည်းရုံးလိုက်ဟန်တူပါတယ်။ သူဟာ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံတာနဲ့ အိနြေ္ဒပင် မဆောင်နိုင်တော့ဘဲ Reuters သတင်းထောက်ကိစ္စတန်း တင်ပြခဲ့ပါတယ်။ သတင်းထောက်တွေ လွတ်ပေးဖို့ပြောတာကို အပြစ်ဆိုတာမဟုတ်ဘဲ ဆန္ဒစော တင်ပြတာကို ထောက်ပြလိုပါတယ်။

သူဟာ ရခိုင်ပြည်နယ်လေ့လာရေး ပထမဦးဆုံးအကြိမ်အဖြစ် သွားရောက်တဲ့ ခရီးစဉ်လိုက်ပါသင့်ပြီး ပြန်လာတော့မှ သဘောမကျလို့ ထွက်ခဲ့ရင်တောင် သဘာဝကျမှာဖြစ်ပါတယ်။ ယခုသူ့ရဲ့လုပ်ရပ်ဟာ ရခိုင်ဒေသ မြေပြင်ကွင်းဆင်းလေ့လာမှုတကြိမ်မှ မလုပ်ရသေးဘဲနဲ့ နိုင်ငံကြီးသားပီသစွာ သံတမန်ဆန်ဆန် သုံးနှူံးပြောဆိုတာမျိုး လုပ်သင့်လျှက်နဲ့ ၀ါးလုံးကို ချီးသုတ်ယမ်းတဲ့ (သိုမဟုတ်) လူမိုက်စကားအပြုအမူမျိုး ကျင့်ကြံကာ ဒေါ်အောင်ဆန်းစုကြည်ကိုသာမက အစိုးရကိုပါ ဝေဖန်ပြီး သူ့ရဲ့အဖွဲ့ကိုပင် ပုတ်ခတ်သွားတာကြောင့် သူ့ရဲ့တန်ဖိုးပုံရိပ် ကျဆင်းသွားပါတယ်။ တကယ်တော့ သူ့အနေနဲ့သံတမန်ဖြစ်ခဲ့တာကို မေ့လျော့ပြီး ကိုယ်ကျိုးစီးပွားကျော်ကြားမှု လိုချင်လို့ ထိပ်တိုက်တွေ့ဆုံရေးလမ်းကြောင်းကို ရွေးချယ်ခဲ့ဟန်တူပါတယ်။

အစိုးရက သူဟာ အဖွဲ့တာဝန်ထက်ကျော်လွန်တဲ့ လုပ်ရပ်အကြောင်းပြပြီး ထုတ်ပစ်တဲ့အမိန့်စာကြောင့် သိက္ခာကျဆင်းခဲ့ရပါတယ်။  ပြန်ကြားရေးဝန်ကြီးက ... “Mr.Bill Richardson ဟာလုပ်ပိုင်ခွင့်နှင့်မဆိုင်ဘဲ သြဇာလွမ်းမိုးရန်ကြိုးစားခဲ့ပြီး သူ့အနေနဲ့တရားရုံးကို  မထီမဲ့မြင်မှု ကျူးလွန်ရာရောက်တယ်လို့” ပြောဆိုသွားပါတယ်။ သူဟာ အစိုးရရဲ့ဘင်္ဂလီဒုက္ခသည် ပြန်လည်လက်ခံရေးအစီအစဉ်ကို အဖွဲ့က ထောက်ခံမည်ဆိုတဲ့ သဘောထားကို လိုလားဟန်မတူတာမို့ အဖွဲ့က သူ့အားထားခဲ့တာကို စိတ်ကောက်တာလည်း ပါပါတယ်။

၃၃။ ဆောင်းပါးရှင်ရဲ့အောက်ပါတပိုဒ်အပေါ်မှာတော့ အများစုကို အကန့်အသတ်နဲ့လက်ခံလိုပါတယ် -

“ဆိုးရွားလာသော နိုင်ငံရေးအကျပ်အတည်းတွင် မြန်မာ့တပ်မတော် အကြီးအကဲသည် အဓိက အရေးပါသူ ဖြစ်လာသည်။ သူနှင့် တိုင်းပြည်၏ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့သည် တဦးနှင့် တဦး မယုံကြည်ဘဲ ရှိကောင်းရှိမည် ဖြစ်သော်လည်း ရခိုင် အကျပ်အတည်းကို အစိုးရက ကိုင်တွယ်ပုံနှင့် ပတ်သက်ပြီး ပိုမိုဆိုးရွားလာသော နိုင်ငံတကာ ရုတ်ရုတ်သဲသဲ အခြေအနေများကြားတွင် သူသည် ဒေါ်အောင်ဆန်းစုကြည် အတွက် မရှိမဖြစ်လိုအပ်သော မဟာမိတ် ဖြစ်လာသည်။

၂၀၁၇ နှစ်လယ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြည်ပခရီးများသည် ဒေါ်အောင်ဆန်းစုကြည်ကို စိတ်အနှောင့်အယှက် ဖြစ်စေသည် ဟု သူမနှင့် နီးစပ်သော သတင်းရင်းမြစ်များက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဥရောပနိုင်ငံ အများအပြားနှင့် ဂျပန်နှင့် အိန္ဒိယသို့ သွားရောက် လည်ပတ်သောအခါ နိုင်ငံတကာ စင်မြင့်တွင် သူ့ကို အသိအမှတ်ပြုခြင်းကို အားပေးသည်ဟု ဒေါ်အောင်ဆန်းစုကြည်က အိမ်ရှင်နိုင်ငံများကို အပြစ်တင်သည်။ ထိုနိုင်ငံအားလုံးတွင် သူ့ကို နိုင်ငံအကြီးအကဲများက လက်ခံတွေ့ဆုံသည်။ အထူးသဖြင့် အိန္ဒိယနှင့် ဂျပန်တွင် အရပ်သား ခေါင်းဆောင်များသည် လာရောက်လည်ပတ်သော စစ်ဘက်အကြီးအကဲများကို တွေ့ဆုံခြင်း မရှိပေ။ တွေ့ဆုံလျှင် သံတမန်ကျင့်ဝတ် ဖောက်ဖျက်ရာ ရောက်သည်။ သို့သော် အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီနှင့်
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ဆုံပြီး ကြီးမားသော ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။”

၃၄။ တပ်ချုပ်က အရေးပါတာ မှန်သော်လည်း နိုင်ငံရေးမျက်နှာစာမှာ နိုင်ငံတကာရဲ့ထိုးစစ်အောက်မှာ ပစ်မှတ်သဖွယ်ဖြစ်နေတဲ့ တပ်မတော်ကို ခံတပ်ကြီးသဖွယ် ရှေ့က တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ဒေါ်အောင်ဆန်းစုကြည်က ကယ်တင်နေတာမှန်ခဲ့ရင် တပ်ချုပ်အနေနဲ့ ကျေးဇူးဆပ်သင့်တယ်ဆိုတာမျိုး မပြောသင့်ဖူးလား၊ ဆောင်းပါးရှင်က တပ်ချုပ်ကသာ ကယ်တင်နိုင်မည်၊ အားကိုးရမည် သဘောရေးနေတာ ထင်ဟပ်နေလို့ ဒေါ်အောင်ဆန်းစုကြည်ကို သိမ်ငယ်အောင် မရေးသင့်ဖူးဆိုတာ Debate လုပ်ပြောကြည့်တာပါ။ ဘာဘဲဖြစ်ဖြစ် မြန်မာသမိုင်းက သိမ်မွေ့နက်နဲသလို စစ်တပ်အကြောင်းသိဖို့ ပိုလို့တောင် ဝေးသွားကာ စစ်တပ်ထိပ်ပိုင်းကို သိဖို့ပိုလို့တောင်ခက်တာမို့ ဆောင်းပါးရှင်အနေနဲ့ တပ်မတော်အကြောင်း အသေးစိတ်လေ့လာသွားဖို့တိုက်တွန်းလိုတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်ချုပ် ၂ဦးစလုံးကို မြန်မာလူထုနဲ့သမိုင်းက အချိန်တန်ရင် အဆုံးအဖြတ်ပေးသွားမှာဖြစ်ပြီး  ယခုအချိန် ဝေဖန်ဖို့က စောပါသေးပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

Comments