အီကြာအော် ● ဖွတ်ကလေး၊ အီကြာအော်၊ နှုတ်ပိတ်ခြင်းနှင့် ခီလင်းဆရာတော်

အီကြာအော် ● ဖွတ်ကလေး၊ အီကြာအော်၊ နှုတ်ပိတ်ခြင်းနှင့် ခီလင်းဆရာတော်
(မိုးမခ) ဖေဖော်ဝါရီ ၂၇၊ ၂၀၁၈

“ဆရာအော်….ဘာတွေ ဒေါခီးနေတာလည်းဗျ …”

ထူးထူးခြားခြား မထွက်စဘူး ဒေါသထွက်နေသော ခက်သေးရွာလယ်ကောင်မှ အီကြာအော်ကိုကြည့်ပြီး တပည့်ကျော် ဖွတ်ကလေးက မေးလိုက်လေသည်။

“ကြည့်ပါလားကွ.. ဒီကလေးတွေ… ဂမ်းမသားလေးတွေတော့… ခက်နေပြီ”

ခက်သေးရွာလယ်တွင် ကြွက်နီတို့ ကလေးတသိုက် အသံကုန်ဟစ်ကာ ကစားနေကြလေသည်။

“ဖျာသည်မ..၊
ခီလင်း ဆရာတော်ကွ…၊
ထမင်းဝအောင်စားထား….၊
ဒိုင်းညှောင့်
ဒိုင်းညှောင့်
ဒိုင်းညှောင့်…”

ပလပ်စတစ် ကျည်ဆံတတောင့်ကိုကိုင်ပြီး ကြွက်နီက ကြွေးကြော်လိုက်သည်တွင် နောက်မှ ပါလာသော နှပ်ချေးတွဲလောင်း ကလေးအုပ်ကြီးကလည်း ခက်သေးရွာ ဆယ်အိမ်ခေါင်းမကကြားအောင် လိုက်အော်လိုက်ကြလေ၏။

“ဖျာသည်မ..၊
ခီလင်း ဆရာတော်ကွ…..၊
ထမင်းဝအောင်စားထား……၊
ဒိုင်းညှောင့်
ဒိုင်းညှောင့်
ဒိုင်းညှောင့်…”  

သူတို့“ခီ” လေ အီကြာအော်က “ဒေါခီးလေလေ..” ဖြစ်လာသည်။

“ဆရာအော်ပြောတဲ့ ဂမ်းမသားလေးတွေဆိုတာလည်း ဟုတ်သဗျ…၊
ဂမ်းတွေမပြီး ဆော့နေကြတာကိုး…”

ဖွတ်ကလေးက ဆရာဆိုလျှင် ဖားရမည်ဟူသော ခက်သေးရွာ ထုံးစံအတိုင်း ဘုမသိ၊ ဘမသိဖြင့် ဖောလိုး လိုက်လိုက် လေသည်။

“အဲဒီ ဂန်းကိုပြောတာ မဟုတ်ဘူးကွ…၊
ဒါပေမယ့်…မင်းပြောတာလည်း ဟုတ်သလိုလို..”

ကလေးများကလည်း “အတုမြင် အတတ်သင်” ဟု ဆိုရိုးရှိသကဲ့သို့ “ဖွအတုမြင် ဖွအတတ်သင်များ” ဖြစ်ကြသည်။

“တို့ခက်သေးရွာကြီးနောင်ရေးအတွက်တော့ အရမ်းကို ရင်လေးမိပါသေးတယ်ကွာ..၊

ဒီကလေးတွေတော့ ငါဆုံးမမှ ရပေတော့မယ်”

အီကြာအော်က အိမ်ထဲမှ ဝါးခြမ်းပြားတချပ်ကိုယူပြီး ကြွက်နီတို့ ကလေးတသိုက်ကို ဆုံးမခန်းဖွင့်ရန် လမ်းမပေါ်သို့ ထွက်လေသည်။ ဖွတ်ကလေးကလည်း သူ့ဆရာနောက် ထပ်ချပ်မကွာ လိုက်သွားလေသည်။

“ဗြန်း…ဗြန်း…ဗြန်း…..…”
အီကြာအော်လည်း ခက်သေးရွာလယ် လမ်းဘေးမှ အနှစ်နှစ်အလလက စည်ပင်မှမသိမ်းသော ဝါးတောင်းစုတ်တလုံးကို ရိုက်လိုက်လေသည်။
“ဒိုင်းညှောင့်”ဖြင့် ခက်သေးရွာလယ်တွင် တညှောင့်တည်း “ညှောင့်”နေသော ကြွက်နီတို့ကလေးတသိုက်လည်း ရုတ်တရက် ငြိမ်ကျသွားကြလေသည်။

“ဟေ့ ကောင်လေးတွေ..မင်းတို့ မိဘတွေက မဆုံးမကြဘူးလားကွ…..၊
မင်းတို့အော်သံတွေက ခက်သေးတရွာလုံးကို စော်ကားမော်ကားလုပ်နေတယ်ဆိုတာ မသိကြဘူးလား”

အီကြာအော်က စိတ်ထဲကတော့ဖြင့် “မိမဆုံးမ၊ မဖဆုံးမ သားလေးတွေ”ဟု ဆဲဆိုနေမိသည်။

နှပ်တွဲလောင်းဖြင့် ကလေးတသိုက်လည်း နှပ်ချေးကလေးတွဲလောင်း၊ မျက်လုံးကလေး ပေကလပ်၊ ပေကလပ်ဖြင့် တယောက်မျက်နှာ တယောက် ကြည့်နေကြလေ၏။
ကြွက်နီက ကြောက်လန့်တကြားဖြင့် မဆိုးငြိမ်ကျောင်းတိုက်ဘက်သို့ လက်ညှိုးထိုးပြရင်း

“ကျွန်တော်တို့လည်း အဲဒီကျောင်းတိုက်က ခီလင်းဆရာတော် ဟောတဲ့အတိုင်း ဟောတန်း ကစားနေကြတာပါ”

“ဟေ့ကောင်တွေ..၊ မင်းတို့ လျောက်ပြောမနေနဲ့..၊
ဒီလို မဆိုးငြိမ်ကျောင်းက ဒါမျိုး အယုတ္တ၊ အနတ္တတွေ ဟောတာ လုံးဝ မဖြစ်နိုင်ဘူး…၊
ငါတို့ ခက်သေးရွာသားတွေဆိုတာ ဘုရားနဲ့ တရားနဲ့…၊
ယဉ်ကျေးတဲ့ ရွှေခက်သေးသားဆိုတာ ဒါမျိုး မပြောကြဘူးကွ”

ထိုအခါတွင် ဖွတ်ကလေးကလည်း သူ့ဆရာ စိတ်ဆိုးပြေအောင် ဝင်ပြီး ပြောလိုက်လေသည်။

“ဆရာအော်ရယ် အမိုက်အမဲလေးတွေမို့ ခွင့်လွှတ်လိုက်ပါ…၊
ဆရာအော်က ဖွဘုတ်မလုပ်လို့ မသိတာပါ..”

 “ဆရာအော်ရေ..ခက်သေးကလေးသူငယ်များကို ဆရာအီကြာအော် နှိပ်စက်ညှဉ်းပမ်းတယ်ဆိုပြီး ဖွဘုတ်မှာ ပါလာဦးမယ်” ထပ်ပြီး နှစ်ကိုယ်ကြားလေသံဖြင့်  ပြောလိုက်လေသည်။


ဖွဘုတ်တွင် ဖွခံရမည်ကိုကြားမှ အီကြာအော်လည်း နည်းနည်းတွန့်သွားသည်။  ဟုတ်ဟုတ်မဟုတ်ဟုတ် ဖွဘုတ်တွင် တခုခုဖွပါက ခက်သေးရွာသားများကား ထုံးစံအတိုင်း ဘုမသိဘမသိ အဆဲမျိုးပေါင်းစုံဖြင့် မန့်ဆွမ်းကြီး ဝင်လောင်းတတ်သည် မဟုတ်ပါလား။

“နောက်ကို ဒါမျိုးကစားရင် မင်းတို့တော့ သေပြီသာမှတ်..၊
သွားကြကွာ”

ကြွက်နီတို့ ကလေးတသိုက်လည်း အခြေအနေမလှသည်ကြောင့် နှပ်သုတ်ပြီး လူစုခွဲကြလေသည်။

“ကျုပ်တို့ ….ဒီ တိပ်ပတ်ကိုယ်တော်ကို တခုခုတော့ လုပ်မှဖြစ်မယ်…”

“အေးကွ…၊ တို့ ခက်သေးနောင်ရေးတော့ မလွယ်ပေဘူး…”

ဖွတ်ကလေးက အကြံထုတ်ပြီးနောက်

“တယောက်ယောက်ကို ဒီကိုယ်တော့်ကို နှုတ်ပိတ်ခိုင်းရင် မကောင်း ဘူးလား”

“မြတ်စွာဘုရား…၊
ဖွတ်ကလေးရေ..၊ ငါ မပါဘူးနော်..၊
ငါတို့မှာက ရွာမှာ လူကြီးဆွေမျိုးမရှိနဲ့ ခီလင်းဘော်ဒါလို အာမခံမယ့်သူ ရှိမှာမဟုတ်ဘူး”

“ဘာဖြစ်လို့လည်း ဆရာအော်ရဲ့  နှုတ်ပိတ်တယ်ဆိုတာ ပါးစပ်ကို ဟိုတလောကလို သူ့ဟာသူ တိပ်နဲ့ ပါးစပ်ကိုပိတ်သလိုပိတ်တာ ပြောတာပါ”

“မင်းဟာကလည်း “ထမင်းဝအောင်စားထား” ဆိုတာထက် ဆိုးနေပြီ..၊
ထမင်းဝအောင်စားထား ဆိုတာ ရှင်းလင်းတဲ့ တရားသူကြီးကိုပဲခေါ်ပြီး တော့ “နှုတ်ပိတ်တယ်”ဆိုတဲ့စကားကို ရှင်းလင်းရေး လုပ်ခိုင်းရတော့မယ်..၊
“နှုတ်ပိတ်တယ်”ဆိုတာ “အပျောက်ရှင်းတာ” ပြောတာကွ..၊
မင်းပြောတာ ပါမပါဘူးနော်”
အီကြာအော်က ကြောက်လန့်တကြားဖြင့် ခက်သေးရွာသားတို့ ကြောက်တတ်သည့် ထုံးစံအတိုင်း ဘေးဘီကိုကြည့်ကာ နှစ်ကိုယ်ကြား ပြောလိုက်လေသည်။

ဖွတ်ကလေးလည်း ကြောက်လန့်ပြီး ခေါင်းပုသွားလေ၏။

ထိုစဉ်အခါတွင် ထမင်းယောက်မကိုင်ထားသော ဒေါ်အွန်မေးက မီးဖိုချောင်မှ ထွက်လာပြီး

“ရှင်တို့ ဆရာတပည့်နှစ်ယောက်လည်း အိမ်ထဲဝင်ပြီး နှုတ်တွေကိုပိတ်ကြရင်ကောင်းမယ်၊
ကျုပ်တို့ ခက်သေးရွာမှာက ၄လောင်းပြိုင်တွေ၊ ၅လောင်းပြိုင်တွေ အခုထိ လက်သည်ပေါ်သေးတာမဟုတ်ဘူး၊
သူများကို နှုတ်မပိတ်ခင် ကို်ယ့်နှုတ်ကလေးကိုယ် လုံအောင်နေကြပါဦး၊
၂ယောက်သား၂လောင်းပြိုင်ဖြစ်သွားရင် မလွယ်ဘူး၊
လက်သည် ပေါ်မှာ မဟုတ်ဘူး”

ထိုအခါတွင် အီကြာအော်တို့ ဆရာတပည့်နှစ်ယောက်လည်း ဒေါ်အွန်မေး၏ ပါးစပ်ဆိုင်လင့်စာဖြင့်နှုတ်ပိတ်ခြင်းကို မချိမဆံ့ ခံလိုက်ရသဖြင့် သတ္တိအပြည့်ရှိသော ခက်သေးရွာသားများပြီပြီ ရွာလယ်မှ အီကြာအော်၏အိမ်ထဲသို့ ကုပ်ကုက်ကလေး ပြန်ဝင်ရတော့လေသတည်း။

သဗ္ဗေသတ္တာ ကမ္မသကာ

အီကြာအော်
0