မောင်လူရေး - ကျနော်မျိုး သေသင့်တာပါ


မောင်လူရေး - ကျနော်မျိုး သေသင့်တာပါ
(မိုးမခ) ဖေဖော်ဝါရီ ၂၄၊ ၂၀၁၈

"သပိတ် သပိတ် မှောက် မှောက်"
"ဆန္ဒ ဆန္ဒ ပြ ပြ"
"ဒီမိုကရေစီ ရရှိရေး ဒို့အရေး ဒို့အရေး"
"အရေးတော်ပုံ အောင်ရမည် အောင်ရမည်"

ဟိုတုန်းက အဲဒီလို ဆန္ဒပြပွဲ ကြွေးကြော်သံတွေနှင့် ဒီမိုကရေစီတောင်းဆိုခဲ့ကြလို့ ၂၀၁၅ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲမှာ ရွေးကောက်ခံရကာ အစိုးရဖြစ်လာပြီးနောက် ၃-နှစ်မြောက်အချိန်တွင် NLDသည် ...
 "ဟဲ ဟဲ မင်းတို့ ဆန္ဒပြချင်ရင် လွယ်လွယ်နဲ့ ပြလို့ ရမလားကွ ဟင်"
"ဒီလိုမျိုး မင်းတို့တွေ ဆန္ဒတွေပြနိုင်ဖို့ ငါတို့ ဘယ်လောက် လုပ်ခဲ့ရတယ်မှတ်တုံး" လို့ ဆိုလိုက်သလိုပင်။

ပထမ ဒီမိုကရေစီအစိုးရလက်ထက်က အပလိမ်းအနန္တ ငြိမ်းစုစီဥပဒေကို ဒုတိယ ဒီမိုကရေစီအစိုးရလက်ထက်မှာ မာယာတသောင်း ထပ်ပေါင်းထည့်သွင်း ရက်စက်မှုအပင်းမြုပ်ဖို့ ကြိုးစားလာချေပြီ။

ကြံ့ဖွတ်ကိုသိန်းစိန် လက်ထက်မှာကထဲက အစာရေစာ မဝရှာသည့် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ဆိုသည့် နိုင်ငံသားအခွင့်အရေး မဖြစ်ညစ်ကျယ်လေးသည် NLDဒေါ်စု လက်ထက်တွင်တော့ ရေပင်မမှန် သေရန်အခြေသို့ ဆိုက်ရောက်လာပေတော့သည်။

ဟော ခု ယင်းမသေမရှင် အခွင့်အရေးလေးကို မဟာဒီမိုကရေစီသမားဆိုသူတို့သည် "နိုင်ငံတော်လုံခြုံရေး။ တရားဥပဒေစိုးမိုးရေး။ ရပ်ရွာအေးချမ်းသာယာရေး။ သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင်" လို့ အစားထိုး ပြင်ချင်သည်တဲ့။

နောက်ပြီး" မည်သူမဆို နိုင်ငံတော်လုံခြုံရေး တရားဥပဒေစိုးမိုးရေး ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးတို့ကို ပျက်ပြားစေရန် အကြံဖြင့်ဖြစ်စေ။ ထိုသို့ ပျက်ပြားတန်ရာသော အခြေအနေဖြစ်နိုင်ကြောင်း သိလျက်နှင့်ဖြစ်စေ ငွေ သို့မဟုတ် ပစ္စည်းကိုသော်လည်းကောင်း။ အခြားနည်းလမ်းတစ်ခုခုကိုသော်လည်းကောင်း သုံးစွဲ၍ သူတစ်ဦးဦးအား ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုအောင် လှုံ့ဆော်ခြင်း သွေးဆောင်ခြင်း ဖြားယောင်းခြင်း သို့မဟုတ် တိုက်တွန်းခြင်းကို ပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်" လို့ ပုဒ်မ၁၈ ကိုလည်း ဖြည့်စွက်ရမည်တဲ့။

သေဒဏ်သာ ချလိုက်ပါလို့ တောင်းဆိုရပေမည်။ အကြောင်းမှာ ကိုယ့်ဆန္ဒကို ထုတ်ဖော်ခြင်းသည် နိုင်ငံတော်လုံခြုံရေးပွင့် တရားဥပဒေစိုးမိုးရေးပျောက် ရပ်ရွာအေးချမ်းသာယာရေးထိခိုက်သည့်အပြင် ပြည်သူ့ကိုယ်ကျင့်တရားပါ ပျက်စီးသည်ဆိုမှတော့ သေဒဏ် သို့မဟုတ် တသက်တကျွန်းသာ ဖြစ်သင့်တော့သည်မဟုတ်ပါလား။

နောက်ဆက်တွဲစိုးရိမ်သည်မှာ ဆန္ဒပြမှုကို ယင်းသို့ အဓိပ္ပါယ်ဖွင့်ဆိုခြင်းကို အတုလိုက်ပြီး ဆန္ဒမဲဆွယ်ခြင်း ဆန္ဒမဲပေးခြင်းတွေကို ယင်းသို့ အဓိပ္ပါယ်ဖွင့်လိုက်လျှင်ဖြင့် ကိုယ့်လည်ပင်းကို ကြိုးကွင်းစွပ်ပြီး ဒီမိုကရေစီပြည်ဖုံးကား ချလိုက်ရန်သာရှိတော့ကြောင်းပါခများ။

 မောင်လူရေး

Comments